ဧပြီလ (၂၄)ရက်
ပါစကားကာလ ကြာသပတေးနေ့။
Thursday Within Easter Octave.
လုကာ ၂၄း ၁၃-၃၅
Reflection by OSM Sisters Myanmar.
ကျွန်ုပ်တို့သည်နေ့စဉ်ဘဝတွင်အကောင်းအဆိုး၊အမှား၊အမှန်ဝေဖန်ပိုင်းခြားသိမြင်စေရန်ကျွန်ုပ်တို့ကိုလမ်းညွှန်ပေးနေသောဝိညာဉ်တော်ဘုရားရှိပါသည်။ထိုဝိညာဉ်တော်သည်ကျွန်ုပ်တို့နေ့စဉ်ရှင်သန်ရသောဘဝ၌သော်လည်းကောင်း၊ လေ့လာသင်ယူနေသော ပညာ ရပ်၌သော်လည်းကောင်း၊သင်ကြားပို့ချပေးနေသောပညာရပ်၊ပြောဆို၊လုပ်ကိုင်၊သွားလာနေသောအခြေအနေများ၌ကူညီလျှက်ရှိပါသည်။ထို့အပြင်သမ္မာကျမ်းစာဖတ်ရှုချိန်၌လည်းဝိညာဉ်တော်၏အလင်းကျေးဇူးရှိမှသာလျှင်ထိုကျမ်းစာ၏ အနက်အဓိပ္ပာယ်ကိုလွယ်လင့်တကူနားလည်စေနိုင်မည်ဖြစ်ပါသည်။ထို့ကြောင့်ဒီနေ့သခင်ခရစ်တော်သည်တပည့်တော်ကြီးများ၏အသိဉာဏ်ကိုဖွင့်တော်မူခဲ့သည်ကိုတွေ့နိုင်ပါသည်။အကြောင်းရင်းမှာ သူ၏သေခြင်းတရား နှင့် ရှင်ပြန်ထမြောက်ခြင်းကို ထင်ရှားစေရန်နှင့် ကြေညာဟောပြော သက်သေခံဖို့ရန် ဖြစ်ပါ သည်။ ရှင်လုကာသည် သခင်ခရစ်တော်၏ သတင်းစကားဖြစ်တော်ဘုရားရှင်၏ချစ်ခြင်းမေတ္တာနှင့်ခွင့်လွှတ်ခြင်းကိုတစ်ကမ္ဘာလုံးပျံနှံ့စေရန်အတွက်စိတ်ဆန္ဒပြင်းစွာဖြင့်ဤကျမ်းပိုဒ်ကိုရေးခဲ့ပါသည်။ဘုရားရှင်သည်ဘုရားရှင်သည်သူ၏ကယ်တင်ခြင်းသတင်းကောင်းကိုကမ္ဘာအနှံ့ဟောပြောလိုသောဆန္ဒရှိပါသည်။ထို့ကြောင့်ကျွန်ုပ်တို့သည်ကမ္ဘာအနှံ့သွား၍ဧဝံဂေလိသတင်းကောင်းကိုဟောကြားရန်မဟုတ်ဘဲမိမိအိမ်၌ရှိသော မိသားစုဝင်၊ ညီအစ်ကိုမောင်နှမ၊အိမ်နီးချင်းများကိုဟောကြားခြင်းဖြင့်သခင်ခရစ်တော်ဒီနေ့ကျွန်ုပ်တို့ကိုပေးခဲ့သောဝိညာဉ်တော်၏အလင်းကျေးဇူးနှင့်ရှင်ပြန်ထမြောက်ခဲ့သောသခင်ခရစ်တော်ကိုသက်သေခံကြပါစို့။