10 September 2023 Thursday
23rd Week in Ordinary Time
Luke 6: 27 - 38
Reflection by Consolation Sister, NSC
Posted by Sr. Maria Ni Ni, MSP
“သင်တို့ပေးခဲ့သောပမာဏအတိုင်း သင်တို့ပြန်လည် ရရှိလိမ့်မည်။” (လုကာ ၆:၃၈)
ယနေ့ ဧဝံဂေလိတရားတော်မှာ သခင်ယေဇူးခရစ်တော်က ကျွန်ုပ်တို့အတွက် လွယ်ကူတဲ့လမ်းမဟုတ်တဲ့ ချစ်ခြင်းမေတ္တာ၏အမြင့်ဆုံးသောလမ်းကို သင်ကြားပေးတော်မူပါတယ်။
“သင်တို့၏ရန်သူများကိုချစ်ကြလော့။ သင်တို့ကို မုန်းတီးသောသူတို့အား ကောင်းကျိုးပြုကြလော့။ သင်တို့ကို ကျိန်ဆဲသောသူတို့အား ကောင်းချီးမင်္ဂလာပေးကြလော့။ သင်တို့ကို မကောင်းမှုပြုသောသူတို့အတွက် ဆုတောင်းပေးကြလော့။”
လူ့သဘာဝအရကျွန်ုပ်တို့ကို ချစ်သောသူတို့ကို ချစ်ဖို့ရန်အင်မတန်လွယ်ကူလှပါတယ်။ ကျွန်ုပ်တို့အပေါ် ကောင်းကျိုးအစဉ်အမြဲပေးသူများအပေါ်သို့ကောင်းကျိုးပြန်ပြုဖို့ရန်လည်း လွယ်ကူလှပါတယ်။ဒါပေမယ့်ကျွန်ုပ်တို့ကိုနာကျင်စေသူ မုန်းတီးသူ၊မတရားပြုသူကိုချစ်ဖို့၊ ခွင့်လွှတ်ဖို့နဲ့သူတို့အတွက် ဆုတောင်းပေးဖို့ကတော့ အလွန်ပင် ခက်ခဲလှပါတယ်။
သို့သော်သခင်ယေဇူးကကျွန်ုပ်တို့ကို လောကရဲ့သဘောသဘာဝအတိုင်းပြန်လည်တုံ့ပြန်ဖို့မဟုတ်ဘဲဘုရားသခင်၏သားသမီးများအဖြစ်ပြန်လည်တုံ့ပြန်ဖို့ ဖိတ်ခေါ်တော်မူပါတယ်။
ရန်သူကိုချစ်ခြင်းဆိုတာ သူတို့လုပ်ခဲ့တဲ့အမှားကိုမှန်တယ်လို့လက်ခံခြင်းမဟုတ်ပါ။ကိုယ့်နှလုံးသားထဲမှာ မုန်းတီးခြင်း၊ အငြိုးထားခြင်း၊ လက်စားချေလိုခြင်းတွေကို မထားတော့ဘဲ ဘုရားသခင်ထံအပ်နှံပြီး သူတို့အတွက်ပင်ဆုတောင်းပေးနိုင်ခြင်းဖြစ်ပါတယ်။ထို့အပြင် သခင်ယေဇူးက“စီရင်ဆုံးဖြတ်ခြင်းမပြုကြနှင့်။ပြစ်တင်ရှုတ်ချခြင်းကို မပြုကြနှင့်။ခွင့်လွှတ်ကြလော့။ ပေးကမ်းကြလော့။” ဟု မိန့်တော်မူပါတယ်။ကျွန်ုပ်တို့ဟာ အခြားသူတွေရဲ့ အပြစ်နဲ့ အားနည်းချက်ကို မြင်ဖို့ လွယ်ကူပေမယ့် မိမိတို့ရဲ့ အားနည်းချက်ကိုတော့ မေ့လျော့တတ်ကြပါတယ်။ ထို့ကြောင့် ယနေ့ တရားတော်က ကျွန်ုပ်တို့ကို အခြားသူကို အပြစ်မတင်မီ ကိုယ့်နှလုံးသားကို ပြန်လည်ဆန်းစစ်ဖို့ သတိပေးနေပါတယ်။
“သင်တို့၏အဘသည် ကရုဏာရှိတော်မူသကဲ့သို့ သင်တို့သည်လည်း ကရုဏာရှိကြလော့။”
ကျွန်ုပ်တို့ရဲ့ ချစ်ခြင်းမေတ္တာဟာ ကျွန်ုပ်တို့ကို ချစ်သူများအတွက်သာ မဟုတ်ဘဲ မချစ်သူများအတွက်ပါ ဖြစ်ပါစေ။ ကျွန်ုပ်တို့ရဲ့ နှုတ်ကပတ်တော်တွေဟာ အပြစ်တင်ခြင်းတွေထက်သူတစ်ပါးအတွက် အားပေးခြင်းများ ဖြစ်ပါစေ။ ကျွန်ုပ်တို့ရဲ့ နှလုံးသားဟာ အငြိုးထားခြင်းထက် ခွင့်လွှတ်ခြင်းနဲ့ ပြည့်၀ကြပါစေ။ဘုရားသခင်၏ကရုဏာကို ကျွန်ုပ်တို့နေ့စဉ်ခံစားနေရသကဲ့သို့၊ ကျွန်ုပ်တို့လည်း အခြားသူများအပေါ် ကရုဏာ၊ ခွင့်လွှတ်ခြင်းနှင့် ချစ်ခြင်းမေတ္တာကို မျှဝေပေးနိုင်သောသူများဖြစ်ကြပါစေ။
ယနေ့အတွက် ဆင်ခြင်ရန်
“ငါ့ကို နာကျင်စေခဲ့တဲ့သူတစ်ယောက်အတွက် ငါ ဆုတောင်းပေးနိုင်ပြီလား?
ငါ့ကို မကောင်းမှုပြုသူတစ်ယောက်ကို ခွင့်လွှတ်ဖို့ ငါ့နှလုံးသားကို ဘုရားသခင်ထံ အပ်နှံနိုင်ပြီလား?”
ဆုတောင်းမေတ္တာ
အို ယေဇူးကိုယ်တော်ကဲ့သို့ ချစ်တတ်ရန်၊ ကိုယ်တော်ကဲ့သို့ ခွင့်လွှတ်တတ်ရန်နှင့် ကိုယ်တော်ကဲ့သို့ ကရုဏာထားတတ်ရန် ကျွန်ုပ်တို့အား သင်ကြားပေးတော်မူပါ။ ကျွန်ုပ်တို့ကို နာကျင်စေသူများအတွက်လည်း ဆုတောင်းပေးနိုင်သော နှလုံးသားကို ပေးသနားတော်မူပါ။ အငြိုးအတေးနှင့် အပြစ်တင်ခြင်းတို့မှ ကျွန်ုပ်တို့ကို လွတ်မြောက်စေပြီး ချစ်ခြင်းမေတ္တာနှင့် ငြိမ်းချမ်းခြင်းကို မျှဝေသော ကိုယ်တော်၏သားသမီးများ ဖြစ်စေတော်မူပါ။ အာမင်။