7 September 2026 Monday
23rd Week in Ordinary Time
Luke 6: 6 - 11
Reflection by Consolation Sister, NSC
Posted by Sr. Maria Ni Ni, MSP
ယေဇူးသည် ဥပုသ်နေ့၌ ရောဂါသည်ကို ကုသပေးတော်မူမည်လော ဟုကျမ်းတတ် ဆရာများနှင့် ဖာရီဇေဦးတို့သည် စောင့်ကြည့်နေကြ၏။
ယနေ့ ဧဝံဂေလိတရားတော်တွင် တရားဇရပ်အတွင်း၌ လက်တစ်ဖက်သေနေသော သူတစ်ဦးနှင့် တွေ့ဆုံရချိန်တွင် သခင်ယေဇူးခရစ်တော်၏ ပြတ်သားသော ဆုံးဖြတ်ချက်နှင့် ကရုဏာတော်ကို တွေ့ရှိရသည်။ ကျမ်းစာဆရာများနှင့် ဖာရီဇေး တို့သည် သခင်ယေဇူးအား အပြစ်ရှာစွပ်စွဲရန် ဥပုသ်နေ့စည်းမျဥ်းကိုအကြောင်းပြ၍ စောင့်ကြည့်နေကြသော်လည်း၊ သခင်ယေဇူးသည် ထိုသူ၏ခံစားချက်နှင့်လိုအပ်ချက်ကို ရှေ့တန်းတင်ကာ ကရုဏာတရားကို လက်တွေ့ပြသခဲ့ပါသည်။ ယနေ့ကျမ်းစာမှ တစ် ဆင့် သခင်ယေဇူးသည် လူတို့၏ ပဋိပက္ခနှင့် ဝေဖန်မှုများကို မကြောက်ဘဲ ဒုက္ခရောက် နေသူ၏ လက်ကို ကုသခြင်းပေးခဲ့ပါသည်။ ကျွန်ုပ်တို့၏ အသက်တာတွင်လည်း ဆင်ခြေ အကြောင်းပြချက်များထက် ဒုက္ခရောက်နေသူတို့အားကူညီပေးရန် ဦးစားပေးလုပ်ဆောင်ဖူးပါသလား။ လက်တစ်ဖက်သေနေသူသည် သခင်ယေဇူးထံတောင်းဆိုခြင်းမပြုခဲ့သော်လည်း သခင်ယေဇူးသည် သူ၏ လိုအပ်ချက်ကိုသိရှိနေပြီး တရားဇရပ်၏အလယ်သို့ခေါ်ထုတ်ခဲ့သည်။ ဘုရားသခင်သည် ကျွန်ုပ်တို့၏နှုတ်မှထုတ်မပြောနိုင်သောနာကျင်မှုများကိုလည်း မြင်တွေ့ပြီးကုသပေးနေသော အရှင်သခင် ဖြစ်ပါသည်။
ဖာရီဇေးတို့သည်စည်းမျဥ်းဖောက်ဖျက်မှု အပြစ်ကိုသာရှာဖွေနေချိန်တွင်၊သခင်ယေဇူးသည်လူတစ်ဦး၏အသက်တာပြန်လည်ကောင်းမွန်လာရေးကိုသာအာရုံစိုက်ခဲ့ပါသည်။ ကျွန်ုပ်တို့သည်လည်း သူတစ်ပါး၏ အမှားကို စည်းမျဉ်းများဖြင့် ဝေဖန်အပြစ်တင်သူများ မဟုတ်ဘဲ၊ လိုအပ်နေသူတို့ကို မေတ္တာဖြင့် မစကူညီသူများ ဖြစ်ကြပါစို့။