27 August 2026 Thursday
21st Week in Ordinary Time
Matthew 24: 42 - 51
Reflection by Padre Pietro, MSP
Posted by Sr. Maria Ni Ni, MSP
“နိုးကြား၍ သစ္စာရှိကြလော့”
ယနေ့ ဧဝံဂေလိကျမ်းတွင် ယေဇူးက “သင်တို့၏သခင်ဘုရား ကြွလာတော်မူမည့်အချိန်ကို သင်တို့မသိကြသောကြောင့် အသင့်ရှိကြလော့” ဟု မိန့်တော်မူတယ်။ သခင်ပြန်လာမည့်အချိန်ကို စောင့်မျှော်နေသော အစေခံများနဲ့ ကျွန်ုပ်တို့ကို နှိုင်းယှဉ်ပြထားခြင်းပါ။ သစ္စာရှိ၍ပညာသတိနဲ့ပြည့်စုံသော အစေခံသည် သခင်အဝေးမှာ ရှိနေသော်လည်း မိမိတာဝန်ကို ပေါ့ဆမနေဘဲ တာဝန်ကို သစ္စာရှိစွာ ဆက်လက်ထမ်းဆောင်တယ်။
ယေဇူးက ခရစ်ယာန်အသက်တာသည် အမြဲတမ်း အသင့်ရှိနေသော အသက်တာဖြစ်ရန်လိုအပ်ကြောင်း သတိပေးတော်မူတယ်။ သခင်သည် ဘယ်အချိန်တွင် ကျွန်ုပ်တို့ကို ခေါ်တော်မူမည်ကို မသိနိုင်ပါ။ ကမ္ဘာမြေပေါ်တွင်ကျွန်ုပ်ရဲ့ဘဝအသက်တာ အဆုံးသတ်ချိန်ဖြစ်နိုင်သလို၊ သခင်ဘုရား ဒုတိယအကြိမ် ကြွလာချိန်လည်း ဖြစ်နိုင်ပါတယ်။ ထို့ကြောင့် အသင့်ရှိနေခြင်းဆိုတာ ကြောက်ရွံ့နေခြင်းမဟုတ်ပါ။ နေ့စဉ်နေ့တိုင်း သစ္စာရှိစွာ၊ ချစ်ခြင်းမေတ္တာဖြင့်၊ တာဝန်ယူမှုရှိစွာဖြင့် အသက်ရှင်နေခြင်းပါ။
ဆိုးမိုက်သောအစေခံ၊ သစ္စာမရှိသော အစေခံက “ငါ့သခင်ပြန်လာရန်ကြန့်ကြာဦးမည်ဟု ” စိတ်ထဲ၌ဆို၍ အခြားအစေခံအဖော်တို့ကို စတင်ရိုက်ပုတ်ကာ သေရည်သောက်ကျူးသူတို့နဲ့သောက်စားယစ်မူးနေလေပြီး၊ မိမိကိုယ်ကျိုးကိုသာ ရှာဖွေခြင်းတို့ကို စတင်ပြုလုပ်တယ်။
ကျွန်ုပ်တို့လည်း မိမိတို့ရဲ့ဘဝအသက်တာသည် ဘုရားသခင်ပိုင်ဆိုင်တော်မူကြောင်း မေ့လျော့သောအခါ ထိုသို့ဖြစ်နိုင်ပါတယ်။ “အချိန်တွေ အများကြီးရှိသေးတယ်၊ နောက်မှ ပြောင်းလဲလို့ရတယ်” ဟု တွေးမိနိုင်တယ်။ သို့သော် ယေဇူးက ကျွန်ုပ်တို့ရဲ့ ပြောင်းလဲခြင်းကို နောက်သို့ အချိန်မရွှေ့ဆိုင်းရန် သွန်သင်တော်မူတယ်။
ထို့ကြောင့် ယနေ့ မိမိကိုယ်ကို မေးကြည့်ကြပါစို့။ သခင်သည် ယနေ့ပင် ကြွလာတော်မူပါက ကျွန်ုပ်ကို သစ္စာရှိသောသူအဖြစ် တွေ့နိုင်မည်လော။
အခြားသူများအား မေတ္တာပြနေသည်ကိုလည်းကောင်း၊ မိမိကို ထိခိုက်နာကျင်စေသူများအား ခွင့်လွှတ်ပေးနေခြင်းကိုလည်းကောင်း၊ အကူအညီလိုအပ်သူများကို အကူအညီပေးနေသည်ကိုလည်းကောင်း၊ မိမိရဲ့တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နေသည်ကိုလည်းကောင်း သခင်တွေ့နိုင်မည်လော။
သခင်ကြွလာမည့်အချိန်ကို ကျွန်ုပ်တို့ မထိန်းချုပ်နိုင်ပါ။ သို့သော်
ယနေ့ ကျွန်ုပ်တို့ မည်သို့အသက်ရှင်ရမည်ကိုတော့ ကျွန်ုပ်တို့ ရွေးချယ်နိုင်ပါတယ်။
သခင်ကြွလာတော်မူသောအခါ အမြဲကြိုဆိုရန် အဆင်သင့်ရှိနေသော သစ္စာရှိအစေခံများကဲ့သို့ ဖြစ်ကြပါစေ။ ယုံကြည်ခြင်း၌ နိုးကြားသူများ၊ အမှုတော်ဆောင်ခြင်း၌ သစ္စာရှိသူများ၊ သခင်ကြွလာတော်မူမည့်အချိန်တိုင်း ကြိုဆိုရန် အဆင်သင့်ရှိသူများ ဖြစ်ကြပါစေ။