26 August 2026 Wednesday
21st Week in Ordinary Time
Matthew 23: 27 - 32
Reflection by Padre Pietro, MSP
Posted by Sr. Maria Ni Ni, MSP
" စစ်မှန်သော သန့်ရှင်းခြင်းသည် အတွင်းစိတ်မှ စတင်ပါတယ်"
ယနေ့ ဧဝံဂေလိကျမ်းတွင် ယေဇူး က ကျမ်းတတ်ဆရာများနဲ့ ဖာရီဇေဦးများကို ပြင်းထန်စွာဝေဖန်တော်မူတယ်။ သူတို့ကို “ထုံးဖြူသုတ်ထားသော သင်္ချိုင်းဂူများ” နဲ့ နှိုင်းယှဉ်တော်မူတယ်။ အပြင်ပန်းတွင် လှပသန့်ရှင်းနေသော်လည်း အတွင်း၌ မသန့်ရှင်းခြင်းနဲ့ သေခြင်းတို့ဖြင့် ပြည့်နှက်နေကြတယ်။
ယေဇူးက သူတို့တွေ ဘာသာရေးကိုင်းရှိုင်းပုံထင်ရသောကြောင့်သာ အပြစ်တင်တော်မူခြင်းမဟုတ်ပါ။ အပြင်ပန်းတွင် ကောင်းမွန်ရောင် ဟန်ဆောင်နေသော်လည်း နှလုံးသားသည် ဘုရားသခင်နဲ့ ဝေးကွာနေသော နှစ်မျိုးသောဘဝကို နေထိုင်ခြင်းရဲ့ အန္တရာယ် ကို သတိပေးတော်မူခြင်းဖြစ်တယ်။
ကျွန်ုပ်တို့အတွက်လည်း အပြင်ပန်းအသွင်အပြင်ကို အလေးထားရန် လွယ်ကူပါတယ်။ လူများက မိမိတို့ကို ဘယ်လိုမြင်ကြသလဲ၊၊ အခြားသူတွေက ဘယ်လိုထင်မြင်ကြသလဲ၊ မိမိတို့သည် ဘာသာရေးကိုင်းရှိုင်းသူများအဖြစ် ဘယ်လိုမြင်ရသလဲဆိုတာကိုပဲ အာရုံစိုက်တတ်ကြပါတယ်။ သို့သော် ဘုရားသခင်က ပိုမိုနက်ရှိုင်းစွာ ကြည့်ရှုတော်မူတယ်။ ကိုယ်တော်သည် ကျွန်ုပ်တို့ရဲ့ နှလုံးသား၊ ရည်ရွယ်ချက်၊ အတွေးများနဲ့ မည်သူမျှမမြင်သောအချိန်မှာ အခြားသူများအပေါ် ကျွန်ုပ်တို့ မည်သို့ပြုမူသည်ကို သိမြင်တော်မူတယ်။
ထို့အပြင် ယေဇူးက ဖာရီဇေဦးများအား သူတို့ရဲ့ဘိုးဘေးများက ပရောဖက်များကို သတ်ဖြတ်ခဲ့ အတွက် အထိမ်းအမှတ်ပြုကြသော်လည်း၊ သူတို့၏ကိုယ်ပိုင်ဘဝများသည် ထိုပရောဖက်များ၏ သွန်သင်ချက်ကို အမှန်တကယ် လက်ခံကျင့်သုံးခြင်းမရှိကြောင်း သတိပေးတော်မူတယ်။ ထို့ကြောင့် သူတော်စင်များကို ချီးကျူးခြင်း၊ ယုံကြည်ခြင်းအကြောင်း ပြောဆိုခြင်းဖြင့်သာ မလုံလောက်ပါ။ ကျွန်ုပ်တို့ ယုံကြည်သည့်အတိုင်း လက်တွေ့ကျင့်သုံးနေထိုင်ရမည် ဖြစ်တယ်။
ယနေ့ ယေဇူးက ကျွန်ုပ်တို့၏နှလုံးသားကို ပြန်လည်ဆန်းစစ်ရန် ဖိတ်ခေါ်တော်မူတယ်။
လူရှေ့သူရှေ့တွင်ရှိသော ကျွန်ုပ် နဲ့ တစ်ယောက်တည်းရှိသော အကျွန်ုပ်သည် တူညီမှုရှိသောသူ ဖြစ်ပါသလား။
ကျွန်ုပ်ရဲ့စကားနဲ့ လုပ်ရပ်များသည် ကျွန်ုပ်ရဲ့ယုံကြည်ခြင်းကို ထင်ဟပ်စေပါသလား။
ချစ်ခြင်း၊ နှိမ့်ချခြင်း၊ ခွင့်လွှတ်ခြင်းနှင့် သနားကရုဏာတို့ကို လက်တွေ့ကျင့်သုံးနေကြပါသလား။
ထို့ကြောင့် ကျွန်ုပ်တို့၏ အပြင်ပန်းအသွင်အပြင်ကိုသန့်ရှင်းစင်ကြယ်ခြင်းသာမက၊ အထူးသဖြင့် ကျွန်ုပ်တို့၏နှလုံးသားကို သန့်ရှင်းစင်ကြယ်စေတော်မူရန် သခင်ဘုရားထံ ဆုတောင်းကြပါစို့။ ကျွန်ုပ်တို့၏ ခရစ်ယာန်အသက်တာသည် အခြားသူများမြင်နိုင်သော အရာတစ်ခုမျှသာမဟုတ်ဘဲ၊ ဘုရားသခင်ကိုယ်တော်တိုင် ကျွန်ုပ်တို့၏အတွင်း၌ မြင်တွေ့အသိအမှတ်ပြုနိုင်သော စစ်မှန်သည့်အသက်တာ ဖြစ်ပါစေ။