20 August 2026 Thursday
20th Week in Ordinary Time
Matthew 22: 1 -14
Reflection by Padre Pietro, MSP
Posted by Sr. Maria Ni Ni, MSP
“ဘုရားသခင်၏ ခေါ်ဖိတ်ခြင်းနှင့် ပြောင်းလဲသောဘဝ၏ အဝတ်တန်ဆာ”
ယနေ့ ဧဝံဂေလိကျမ်းတွင် ယေဇူးသည် မင်္ဂလာဆောင်ပွဲအကြောင်း ပုံဥပမာတစ်ခုကို မိန့်တော်မူတယ်။ ဘုရင်တစ်ပါးက မိမိ၏သားအတွက် ကြီးမားသော မင်္ဂလာပွဲစားသောက်ပွဲကို ပြင်ဆင်သော်လည်း ဖိတ်ကြားထားသောသူများက လာရန် ငြင်းဆန်ကြတယ်။ အချို့က ဖိတ်ခေါ်ခြင်းကို လျစ်လျူရှုကြပြီး၊အချို့ကမူ ကြမ်းတမ်းစွာပင် ငြင်းပယ်ကြတယ်။ ထို့နောက် ဘုရင်သည် လမ်းဆုံလမ်းမများပေါ်ရှိ တွေ့သမျှသော လူတိုင်းကို အဆိုးအကောင်း မခွဲခြားဘဲ ခေါ် ဖိတ်လိုက်ရာ မင်္ဂလာပွဲခန်းမသည် ဧည့်သည်များဖြင့် ပြည့်နှက်သွားလေတယ်။
ဤဥပမာသည် ဘုရားသခင်၏နိုင်ငံတော်သည် လူအားလုံးအတွက် ပေးသော လက်ဆောင်တစ်ခုနှင့် ဖိတ်ကြားချက်တစ်ခုဖြစ်ကြောင်း ကျွန်ုပ်တို့အား သတိပေးတယ်။ ဘုရားသခင်သည် ကျွန်ုပ်တို့ရဲ့ ပြီးပြည့်စုံခြင်းကြောင့် ခေါ်ဖိတ်ခြင်း မဟုတ်ဘဲ ကိုယ်တော်သည် ကျွန်ုပ်တို့ကို ချစ်သောကြောင့် ခေါ်ဖိတ်ခြင်းဖြစ်တယ်။
ဘုရားသခင်သည် ကျွန်ုပ်တို့ကို ခေါ်ဖိတ်ခြင်း ရှိ၊ မရှိ ဆိုသောမေးခွန်းမှာ မဟုတ်ပါ။ ကိုယ်တော်သည် အမြဲခေါ်ဖိတ်ပါတယ်။
အရေးကြီးသော မေးခွန်းမှာ- ကိုယ်တော်၏ ဖိတ်ကြားချက်ကို ကျွန်ုပ်တို့မည်ကဲ့သို့တုံ့ပြန်သနည်း။
မင်္ဂလာပွဲသို့ မင်္ဂလာအခမ်းနားဝတ်စုံမဝတ်ဆင်ဘဲ ဝင်လာသောသူသည် ဘုရားသခင်၏ ခေါ်ဖိတ်ခြင်းကို လက်ခံရန်အတွက် စိတ် နှလုံးပြောင်းလဲရန် လိုအပ်ကြောင်း သွန်သင်ပေးတယ်။ “မင်္ဂလာအခမ်းအနားဝတ်စုံ” သည် ယုံကြည်ခြင်း၊ ချစ်ခြင်းနှင့် ဘုရားသခင်အား နာခံခြင်းတို့ဖြင့် ပြောင်းလဲသော အသက်တာဘဝကို ကိုယ်စားပြုခြင်းပါ။ အမိအသင်းတော်တွင် ပါဝင်ခြင်း ( သို့မဟုတ် ) မိမိကိုယ်ကို ခရစ်ယာန်ဟု ခေါ်ဆိုရုံလေးဖြင့် မလုံလောက်သေးပါ။ ကျွန်ုပ်တို့ရဲ့ဘဝတွင် ခရစ်တော်တည်ရှိနေခြင်းကို မြင်သာအောင်သက်သေ ပြသရမှာဖြစ်တယ်။
နေ့စဉ်နေ့တိုင်း ဆုတောင်းခြင်း၊ မစ္ဆားတရားတော်မြတ် ၊ တစ်ပါးသူများအပေါ် ချစ်ခြင်းမေတ္တာ ပြသခြင်း နှင့် ခွင့်လွှတ်ခြင်းတို့မှတစ်ဆင့် ကိုယ်တော်ထံသို့ ပိုမိုနီးကပ်လာရန် ဘုရားသခင်က ကျွန်ုပ်တို့ကို ခေါ်ဖိတ်နေပါတယ်။ တစ်ခါတစ်ရံ ကျွန်ုပ်တို့တွေက အလုပ်များလွန်းခြင်း၊ အာရုံပျံ့လွင့်ခြင်း သို့မဟုတ် လောကီအရာများအပေါ် တွယ်တာလွန်းခြင်းတို့ကြောင့် ကိုယ်တော်၏ ခေါ်ဖိတ်ခြင်းကို လျစ်လျူရှုမိကြတယ်။ ယနေ့ ယေဇူးကိုယ်တော်က ကိုယ်တော့် နိုင်ငံတော်၏ ဝမ်းမြောက်ခြင်းကို လက်လွတ်မခံရန်ကျွန်ုပ်တို့အား တိုက်တွန်းနိုးဆော်တော်မူတယ်။
ထို့ကြောင့် ဘုရားသခင်၏ ခေါ်ဖိတ်ခြင်းကို ဖြူစင်ရိုးသားသောနှလုံးသားဖြင့် လက်ခံနိုင်ရန်၊ ချစ်ခြင်းမေတ္တာနှင့် သန့်ရှင်းဖြူစင်ခြင်း၏ မင်္ဂလာဝတ်စုံကို ဝတ်ဆင်နိုင်ရန် ကျေးဇူးတော်ကို တောင်းခံကြပါစို့။ သို့မှသာ တစ်နေ့တွင် ကောင်းကင်နိုင်ငံတော်၏ ထာဝရမင်္ဂလာဆောင်ပွဲ၌ ပါဝင်ဆင်နွှဲနိုင်ကြမှာဖြစ်ပါတယ်။