19 August 2026 Wednesday
20th Week in Ordinary Time
Reflection by Padre Pietro, MSP
Posted by Sr. Maria Ni Ni, MSP
ဘုရားသခင်၏ ရက်ရောမှုသည် ကျွန်ုပ်တို့၏ လူ့အမြင်ဖြင့် တရားမျှတမှုထက် သာလွန်သည်။
ယနေ့ ဧဝံဂေလိတရားတော်တွင် ယေဇူးက စပျစ်ခြံ၌ အလုပ်လုပ်ကြသော အလုပ်သမားများ၏ ပုံဥပမာကို ပြောပြတော်မူခြင်းမှာ အချို့အလုပ်သမားများက နံနက်စောစောကတည်းက အလုပ်စတင်ကြသော်လည်း အချို့မှာ နောက်ကျမှသာ ငှားရမ်းခံရကြပြီး နောက်ဆုံးအချိန်နီးပါးမှပင် ငှားရမ်းခံရသူများလည်း ရှိတယ်။ သို့သော် လုပ်အားခပေးသည့်အချိန်တွင် အလုပ်သမားအားလုံးသည် တူညီသော လုပ်အားခကို ရရှိကြတယ်။
ဤဧဝံဂေလိတရားတော်က ဘုရားသခင်၏ ရက်ရောမှုသည် ကျွန်ုပ်တို့၏ လူ့အမြင်ဖြင့် “တရားမျှတမှု” ဟု သတ်မှတ်ထားသော အတိုင်းအတာများဖြင့် ကန့်သတ်ထားခြင်းမရှိကြောင်း သွန်သင်ပေးပါတယ်။ ကျွန်ုပ်တို့သည် မကြာခဏ အခြားသူများနှင့် မိမိကိုယ်ကို နှိုင်းယှဉ်တတ်ကြပါတယ်။ “သူက ဘာကြောင့် ငါ့ထက် ပိုရတာလဲ။ သူမက ဘာကြောင့် ကောင်းချီးခံစားရပြီး ငါကတော့ အခက်အခဲတွေကို ရင်ဆိုင်နေရတာလဲ။ နောက်မှရောက်လာတဲ့သူကဘာကြောင့် ငါနဲ့တူတဲ့ ဆုလာဘ်ကို ရတာလဲ” ဟူ၍ မေးတတ်ကြပါတယ်။
သို့သော် ဘုရားသခင်က ကျွန်ုပ်တို့ကို အခြားသူများနှင့် နှိုင်းယှဉ်၍ တန်ဖိုးဖြတ်တော်မူခြင်း မရှိပါ။ ကိုယ်တော်သည် လူတစ်ဦးစီကို ချစ်ခြင်းမေတ္တာဖြင့် ကြည့်ရှုတော်မူပြီး ကိုယ်တော်၏ ကောင်းမြတ်ခြင်းနှင့် ရက်ရောခြင်းအတိုင်း ပေးသနားတော်မူပါတယ်။
နောက်ကျမှ ရောက်လာသောအလုပ်သမားများသည် ဘုရားသခင်ထံ ပြန်လည်လှည့်လာရန် မည်သည့်အခါမျှ နောက်ကျလွန်းခြင်းမရှိကြောင်း ကျွန်ုပ်တို့အားသတိပေးနေခြင်းပါ။ ကျွန်ုပ်တို့သည် နှစ်ပေါင်းများစွာ ဘုရားသခင်နောက်တော်သို့ လိုက်လျှောက်လာသူဖြစ်စေ၊ မကြာသေးမီကမှ ကိုယ်တော်ကို ရှာဖွေတွေ့ရှိသူဖြစ်စေ၊ ဘုရားသခင်သည် လူတိုင်းကို တူညီသော ချစ်ခြင်းမေတ္တာဖြင့် ကြိုဆိုတော်မူပါတယ်။
ထို့ကြောင့် အခြားသူများရရှိသော ဘုရားသခင်၏ ကောင်းချီးများအပေါ် မနာလိုမဖြစ်သင့်ပါ။ ထိုအစား ဘုရားသခင်က ကျွန်ုပ်တို့အား ပေးသနားတော်မူ
ထားသောအရာများအတွက် ကျေးဇူးတင်ကြပြီး အခြားသူများအပေါ် ကိုယ်တော်၏ ကောင်းမြတ်ခြင်းနှင့် ကောင်းချီးမင်္ဂလာများ သက်ရောက်သောအခါ ဝမ်းမြောက်ကြပါစို့။
ယနေ့ ဘုရားသခင်ထံမှ ရက်ရောသောနှလုံးသား ကို တောင်းခံကြပါစို့။ အခြားသူများနှင့် မိမိကိုယ်ကို မနှိုင်းယှဉ်ဘဲ၊ မညည်းညူဘဲ၊ မနာလိုဘဲ၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ယုံကြည်ကိုးစားပြီး အခြားသူများ ကောင်းချီးမင်္ဂလာခံစားရသော အခါ ဝမ်းမြောက်ပေးနိုင်သော နှလုံးသားမျိုးကို ပေးသနားတော်မူပါရန် ဆုတောင်းကြပါစို့။