17 August 2026 Monday
20th Week in Ordinary Time
Matthew 19: 16 -22
Reflection by Padre Pietro, MSP
Posted by Sr. Maria Ni Ni, MSP
“လောကီအရာများကို တွယ်တာခြင်းမှ စွန့်လွှတ်ပြီး ယေဇူး နောက်တော်သို့ လိုက်ခြင်း”
ယနေ့ ဧဝံဂေလိတရားတော်က လူကောင်းတစ်ယောက်ဖြစ်ရုံမျှနှင့် မလုံလောက်သေးကြောင်း သွန်သင်ပေးပါတယ်။ ယေဇူးသည် ကျွန်ုပ်တို့ထံမှ ကိုယ်တော်အား စိတ်နှလုံးအကြွင်းမဲ့ ပေးအပ်ရန် တောင်းဆိုတော်မူပါတယ်။ ထိုလူငယ်၏ ပြဿနာမှာ ချမ်းသာကြွယ်ဝခြင်းသက်သက် မဟုတ်ပါ။ သူ၏ နက်နဲသောပြဿနာမှာ မိမိပိုင်ဆိုင်သမျှအရာများကို အလွန်တွယ်တာနေသောကြောင့် ယေဇူး နောက်တော်သို့ လွတ်လပ်စွာ လိုက်နိုင်ခြင်း မရှိခြင်းပင်ပါပဲ။
ယေဇူးသည် ကျွန်ုပ်တို့တစ်ဦးချင်းစီအားလည်း အလားတူ မေးခွန်းတစ်ခု မေးတော်မူပါတယ်။ “သင်၌ အဘယ်အရာ လိုသေးသနည်း” ဟူ၍ ဖြစ်ပါတယ်။ ထိုအရာသည် ငွေကြေး သို့မဟုတ် လောကီပစ္စည်းများ မဖြစ်နိုင်ပါ။ မာန၊ ဒေါသ၊ အရာရာကို မိမိစိတ်တိုင်းကျ ထိန်းချုပ်လိုသောဆန္ဒ၊ ကောင်းသောအရာတွေ ပြုလုပ်ရန် / ပြောဆိုရန် သက်သေခံရန်အတွက်ကြောက်ရွံ့မှု၊ သက်သာအေးချမ်းမှုကိုသာ ရှာဖွေလိုခြင်း သို့မဟုတ် ဘုရားသခင်ထံ အပ်နှံရန် ဆန္ဒမရှိသေးသောအချက် တစ်ခုလည်း ဖြစ်နိုင်ပါတယ်။
ယေဇူးနောက်တော်သို့ လိုက်ခြင်းဆိုသည်မှာ အခြားအရာအားလုံးထက် ယေဇူးကို ပို၍အရေးကြီးသောသူအဖြစ် ထားရှိခြင်းပါပဲ။ ကျွန်ုပ်တို့၏ဘဝ လုံခြုံမှုကိုပေးသော ပိုင်ဆိုင်မှု၊ အောင်မြင်မှု သို့မဟုတ် မိမိကိုယ်ကိုယ်ပေါ်တွင် လုံးဝအခြေခံထားသောအခါ ကျွန်ုပ်တို့၏စိတ်နှလုံးသည် လွတ်လပ်မှု လျော့နည်းလာနိုင်ပါတယ်။ သို့သော် ခရစ်တော်ကို ယုံကြည်အားကိုးသောအခါ ပိုမိုနက်နဲသော ဘဏ္ဍာတစ်ပါးဖြစ်သည့် ထာဝရအသက်၏ ဘဏ္ဍာ ကို ရှာဖွေတွေ့ရှိကြမှာပါ။
ယနေ့ ကျွန်ုပ်တို့ကိုယ်တိုင် ရိုးသားစွာ မေးကြည့်ကြပါစို့။
“ယေဇူးနောက်တော်သို့ ပိုမိုပြည့်ဝစွာ လိုက်လျှောက်ရန် ကျွန်ုပ်ကို မည်သည့်အရာက တားဆီးနေပါသနည်း။"
ထို အတားဆီးဖြစ်နေသောအရာကို ယေဇူး၏လက်တော်ထဲသို့ အပ်နှံပြီး
“အိုအရှင်ယေဇူး၊ ကိုယ်တော်နောက်တော်သို့ လိုက်ချင်ပါ၍၊ ကိုယ်တော်ကို လွတ်လပ်စွာ ချစ်နိုင်ရန် ကျွန်ုပ်အား တားဆီးနေသောအရာမှန်သမျှကို စွန့်လွှတ်နိုင်အောင် ကူညီတော်မူပါ” ဟု ဆုတောင်းကြပါစို့။
ထိုလူငယ်ကဲ့သို့ ဝမ်းနည်းစွာ ပြန်လည်ထွက်ခွာသွားမည့်အစား၊ လွတ်လပ်ပြီး ရက်ရောသောစိတ်နှလုံးဖြင့် ယေဇူးနှင့်အတူ လျှောက်လှမ်းနိုင်ကြပါစေ။