10 August 2026 Monday
19th Week in Ordinary Time
John 12: 24 - 26
Reflection by Padre Pietro, MSP
Posted by Sr. Maria Ni Ni, MSP
" အသီးများစွာ သီးပွင့်ရန် မိမိကိုယ်ကို စွန့်လွှတ်ခြင်း"
ယနေ့ ဧဝံဂေလိကျမ်းတွင် သခင်ယေဇူးက “ဂျုံစပါးစေ့ တစ်စေ့သည် မြေသို့ကျ၍ မသေမပျက်ဘဲရှိသော် ၎င်းသည် တစ်စေ့တည်းအဖြစ် ဆက်လက်တည်ရှိပြီး၊သေကြေပျက်ဆီးလျင်မူကား များစွာသောအသီးတို့ကို သီးစေတတ်၏။" ဟု မိန့်တော်မူတယ်။ ဤပုံ ဥပမာအားဖြင့် သခင်ယေဇူးသည် နက်နဲသောအမှန်တရားကို ဖော်ပြတော်မူခြင်းဖြစ်တယ်။ စစ်မှန်သောအသက်တာသည် စွန့်လွှတ်အနစ်နာခံခြင်းနှင့် မိမိကိုယ်ကို ပေးဆက်ခြင်းမှတစ်ဆင့် ရရှိလာခြင်းဖြစ်ကြောင်း မီးမောင်းထိုးပြပေးခြင်းပါ။
ပထမအနေဖြင့် သခင်ယေဇူးက မိမိကိုယ်တိုင် မိမိအကြောင်းကို ထုတ်ဖော်ပြသခြင်းပါ။ ဂျုံစပါးစေ့ကဲ့သို့ပင် ကိုယ်တော်သည် လက်ဝါးကပ်တိုင်ပေါ်တွင် အသေခံတော်မူမည်ဖြစ်သော်လည်း၊ ထိုအသေခံခြင်းအားဖြင့် ကမ္ဘာတစ်ဝှမ်းလုံးအတွက် ကယ်တင်ခြင်းနှင့် အသက်သစ်ကို သယ်ဆောင်ပေးတော်မူမည်ဖြစ်ကြောင်း မိန့်တော်မူတယ်။ ကိုယ်တော်၏ ဆင်းရဲဒုက္ခသည် ရှုံးနိမ့်ခြင်းမဟုတ်ဘဲ ထာဝရအသက်၏ အရင်းအမြစ် ဖြစ်လာခဲ့တယ်။
သို့သော် ဤသတင်းစကားသည် သခင်ယေဇူးတစ်ပါးတည်းအတွက်သာ မဟုတ်ပါ။ ကိုယ်တော်က မိမိနောက်သို့ လိုက်လိုသူတိုင်းသည် ကိုယ်တော်ကို အစေခံရမည်ဟု မိန့်တော်မူခြင်းပါ။ ခရစ်ယာန်များဖြစ်သော ကျွန်ုပ်တို့သည် ကိုယ်ကျိုးကြည့်သော အတ္တစိတ်၊ မာန်မာန၊ အမုန်းတရားနှင့် အပြစ်တရားတို့ကို “သေ” ရန် ခေါ်တော်မူခြင်းခံရသူတွေပါ။ မိမိ၏ ကိုယ်ကျိုး/ မိမိဆန္ဒများကိုစွန့်လွှတ်၍ ဘုရားသခင်နှင့်အခြားသူများအတွက် အသက်ရှင်သောအခါ မေတ္တာ၊ ငြိမ်းချမ်းခြင်း၊ကြင်နာမှုနှင့်သန့်ရှင်းခြင်းကဲ့သို့သော ဝိညာဉ်ရေးအသီးများကို စတင်သီးပွင့်လာကြမှာဖြစ်ပါတယ်။
ဤသို့ မိမိကိုယ်ကို စွန့်လွှတ်ခြင်းသည် နေ့စဉ်ဘဝ၏ သာမန်အခြေအနေများတွင်လည်း ဖြစ်ပေါ်နိုင်ပါတယ်။ မိမိကို နာကျင်စေခဲ့သူကို ခွင့်လွှတ်ခြင်း၊ အခြားသူကို ကူညီရန် မိမိ၏သက်သာမှုကို စွန့်လွှတ်ခြင်း၊ ခက်ခဲသောအချိန်များတွင် သစ္စာရှိစွာ ရပ်တည်ခြင်း၊ သို့မဟုတ် အကျိုးအမြတ် ဆုံးရှုံးရမည်ဖြစ်သော်လည်း ရိုးသားမှုကို ရွေးချယ်ခြင်းတို့ ဖြစ်တယ်။ မေတ္တာဖြင့် ပြုလုပ်သော လုပ်ရပ်တိုင်းသည် မိမိ၏အတ္တကို “သေစေခြင်း” အနည်းငယ်ဖြစ်ပြီး၊ ထိုသေခြင်းတိုင်းသည် အသက်သစ်ကို ဆောင်ကြဉ်းပေးတယ်။
သခင်ယေဇူးက “ငါရှိသောနေရာ၌ ငါ၏အစေခံလည်း ရှိလိမ့်မည်။ ငါ့ကို အစေခံသူကို ငါ့ခမည်းတော်သည် ဂုဏ်ပြုတော်မူလိမ့်မည်” ဟု ကတိပေးတော်မူတယ်။ ထို့ကြောင့် မိမိကိုယ်ကို ရက်ရက်ရောရော ပေးဆက်ရန် မကြောက်ကြပါစို့။ ဂျုံစပါးစေ့ကဲ့သို့ မိမိတို့၏အသက်တာကို ဘုရားသခင်၏ လက်တော်၌ အပ်နှံလိုက်သောအခါ၊ ကိုယ်တော်သည် ကျွန်ုပ်တို့ မမျှော်လင့်နိုင်လောက်အောင် ကြွယ်ဝစွာ အသီး သီးပွင့် စေတော်မူ နိုင်တယ်ဆို အချက်ကို အစဥ် သတိရကာ ယုံကြည်ခြင်းဖြင့် အသက်ရှင်ကြပါစို့။