5 August 2026 Wednesday
18th Week in Ordinary Time
Matthew 15: 21 - 28
Reflection by Padre Pietro, MSP
Posted by Sr. Maria Ni Ni, MSP
“ဇွဲမလျော့သော ယုံကြည်ခြင်းသည် ဘုရားသခင်၏ ကရုဏာတော်ကို ရရှိစေတယ်။” ဆိုတဲ့သတင်းစကားပါ။
ဒီနေ့ ဧဝံဂေလိတရားတွင် သမီး၏ရောဂါကို ကုသပေးရန် ယေဇူးထံ လာရောက်တောင်းပန်သော
ကာနန်အမျိုးသမီးတစ်ဦးကို တွေ့ရပါတယ်။ အစပိုင်းတွင် ယေဇူးက တိတ်ဆိတ်နေတော်မူပြီး၊ နောက်ပိုင်းတွင်လည်း ခက်ထန်သကဲ့သို့ ပြောတော်မူခြင်းကိုတွေ့ရပြန်တယ်။ သို့သော်ထိုအမျိုးသမီးက စိတ်လျော့ခဲ့ခြင်းမရှိဘဲ၊ နှိမ့်ချစွာဖြင့် “ခွေးတို့ပင်လျှင် မိမိတို့သခင်၏ စားပွဲမှကျလာသော မုန့်အစအနများကိုစားကြရပါသေးသည်” ဟု ပြောခဲ့ပါတယ်။
ယေဇူးမိန့်တော်မူသေား စကားများက သူမကို ငြင်းပယ်ခြင်းမဟုတ်ပါ။ အဲ့ဒီအစား သူမရဲ့ယုံကြည်ခြင်း၏ အနက်ကို ဖော်ပြတော်မူပြီး၊ ဘုရားသခင်၏ ကရုဏာတော်သည်လည်း အစ္စရာအဲလ် လူမျိုးအတွက်သာ မဟုတ်ဘဲ ယုံကြည်သူအားလုံးအတွက် ဖြစ်ကြောင်းကို တပည့်တော်များအား သင်ကြားပေးတော်မူခြင်းပါပဲ။
ဒီအမျိုးသမီးထံမှ ကျွန်ုပ်တို့ သင်ယူရမယ့် အရေးကြီးသော သင်ခန်းစာ သုံးခုရှိပါတယ်။
*ပထမမှာ ဆုတောင်းရာတွင် ဇွဲမလျော့ခြင်း၊
*ဒုတိယမှာ ဘုရားသခင်ရှေ့၌ နှိမ့်ချခြင်း၊
*တတိယမှာ မဆုတ်မနစ်သောယုံကြည်ခြင်း ဖြစ်တယ်၊
ကျွန်ုပ်တို့၏ အသက်တာမှာလည်း ဘုရားသခင်က တိတ်ဆိတ်နေသကဲ့သို့ ထင်ရသော အချိန်များစွာ ရှိနေတတ်ပါတယ်။ ဆုတောင်းခြင်းတွေကလည်း အဖြေမရသေးသလို၊ မျှော်လင့်ချက်မဲ့၊ လမ်းစပျောက် နေပြီလို့ ခံစားရတတ်တယ်။ သို့သော် ဒီနေ့ ဧဝံဂေလိတရားက မျှော်လင့်ချက် မပျောက်စေရန် သတိပေးထားတာပဲဖြစ်ပါတယ်။ ဘုရားသခင်၏ တိတ်ဆိတ်ခြင်းက ကိုယ်တော် မရှိခြင်း မဟုတ်ပါဘူး။ အဲ့ဒီအစား ကိုယ်တော်ကို ပိုမိုလေးနက်သောယုံကြည်အားထားရန် ဖိတ်ခေါ်နေခြင်းပါပဲ။
နောက်ဆုံးတွင် ယေဇူးက “အမျိုးသမီး၊ သင်ရဲ့ယုံကြည်ခြင်းက ကြီးမြတ်လှတယ်။ သင်အလိုရှိတဲ့အတိုင်း ဖြစ်စေ” ဟု မိန့်တော်မူပြီး၊ သူမရဲ့သမီးနတ်ဆိုးညှင်းဆဲခြင်း ပြင်းထန်စွာ ခံစားနေရသော ဝေဒနာမှ ချက်ချင်း ပျောက်ကင်းသွားခဲ့ပါတယ်။။ဒီအမျိုးသမီးကဲ့သို့ ဘယ် သောအခါမျှ အခက်အခဲကိုအရှုံးမပေးသော ယုံကြည်ခြင်း၊ ဘုရားသခင် တိတ်ဆိတ်နေသည့်အချိန်၌ပင် ကိုယ်တော်ကို ဆက်လက်ယုံကြည်သော ယုံကြည်ခြင်းနှင့် ဘုရားသခင်၏ ကရုဏာတော်သည် အခက်အခဲအားလုံးထက် ကြီးမြတ်ကြောင်း ယုံကြည်သော စိတ်နှလုံးကို ကျွန်ုပ်တို့အားလုံး ပိုင်ဆိုင်နိုင်ကြပါစေ။