Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2026-07-30 03:01:40
31 July 2026 Friday, Feast of St. Ignatius Loyola

!7th Week in Ordinary Time

Matthew 13: 54 - 58

Reflection by Society of Jesus ( S.J )

Posted by Sr. Maria Ni Ni, MSP

 

 (သိကျွမ်းခြင်းနဲ့ ယုံကြည်ခြင်း) 

ဒီနေ့ဟာ ဂျက်ဇွစ်လို့ လူသိများတဲ့ ယေဇူးအသင်းကို စိန့်ဖရန်စစ် ဇေးဗီးဇား၊ အပေါင်းအဖော် (၇) ယောက်နဲ့ ဦးဆောင် တည်ထောင်ခဲ့တဲ့ စိန့်အီဂ်နေးရှပ်စ် လိုယိုလားရဲ့ ပွဲနေ့ဖြစ်ပါတယ်။ ဒါကြောင်း ယေဇူးအသင်း သားတွေနဲ့ စိန့်အီဂ်နေးရှပ်စ် (St. Ignatius of Loyola) နာမည်ကို ခံယူထားသူ အားလုံးအပြင် ခရစ်ယာန်တိုင်း ရဟန္တာတွေလို ဘုရားသခင်နဲ့ ရင်းနှီးကျွမ်းဝင်ပြီး လက်တွေ့ ပါရမီ ကျင့်ကြံ အားထုတ်နိုင်ကြဖို့ ဆုတောင်း ပေးလိုက်ပါတယ်။ 

ရှင်မာတေဦးကျမ်းပိုဒ်မှာ သခင်ယေဇူးဟာ မိမိရဲ့ ဇာတိမြေ၊နာဇရက်မြို့ကိုပြန်ကြွပြီး တရားဟောတဲ့အခါ မြို့သားတွေက ကိုယ်တော့်ကိုလက်မခံဘဲပယ်ချခဲ့ကြပါတယ်။ ဒီဖြစ်ရပ်ကနေ ကျွန်ုပ်တို့ ထောက်ရှု ဆင်ခြင်စရာ အဓိက အချက် (၃) ချက် ရှိပါတယ် -

ပထမဆုံး အနေနဲ့ အပေါ်ယံ အမြင်နဲ့ ကန့်သတ် ပြောဆိုခြင်းကို ရှောင်ပါ။ နာဇရက်မြို့ သားတွေဟာ သခင်ယေဇူးရဲ့ ဉာဏ်ပညာနဲ့ တန်ခိုးကို အံ့ဩခဲ့ ကြပေမယ့် "ဒါ လက်သမားသား မဟုတ်လား" ဆိုပြီး ကိုယ်တော့်ရဲ့ လောကီ နောက်ခံကိုပဲ ကြည့်ကာ တရားတော်ကို ငြင်းပယ် ခဲ့ကြပါတယ်။ မိမိရဲ့ ရင်းနှီးနေတဲ့ လူတွေနဲ့ နေရာတွေမှာ ဘုရားသခင်ရဲ့ အံ့ဖွယ်တန်ခိုး တွေကို အပေါ်ယံ အကြည့်နဲ့ မမြင်နိုင်ပါဘူး။ စိန့်အီဂ်နေးရှပ်စ် လိုယိုလာဟာ Finding God in all things ~ အရာအားလုံးမှာ ဘုရားသခင်ကို ရှာဖွေ ကျင့်ကြံခဲ့သူ ဖြစ်ပါတယ်။ 

ဒုတိယ အနေနဲ့ ရင်းနှီး ကျွမ်းဝင်ခြင်းရဲ့ အန္တရာယ်ကို သိပါ။ ကိုယ်တော်နဲ့ အနီးကပ်ဆုံး ရှိခဲ့သူတွေဟာ ကိုယ်တော့်ကို သာမန်လူ တစ်ယောက်လို ထင်မှတ်ပြီး တန်ဖိုး မထားဘဲ စော်ကား မိခဲ့ကြပါတယ်။ ရင်းနှီး ကျွမ်းဝင်ခြင်းက တခြားသူ တွေရဲ့ တန်ဖိုးနဲ့ အလှတရားကို မမြင်တတ်ရင် အကဲခတ် ဆုံးဖြတ်ပြီး အကြမ်းဖက်မှုနဲ့ အန္တရာယ် ကျရောက် စေနိုင်ပါတယ်။ ဒါကြောင့် ဘုရားနဲ့ နီးတာ- ဝေးတာကို သိဖို့ စိန့်အီဂ်နေးရှပ်စ်က ဂျက်ဇွစ်တွေကို တစ်ရက် ၂ခါ မိမိကိုယ်ကို ဆန်းစစ်ဆုတောင်းခြင်း Examination of Conscience လုပ်ခိုင်း ခဲ့ပါတယ်။ 

နောက်ဆုံးအချက် အနေနဲ့ မယုံကြည်ခြင်းကြောင့် ကျေးဇူးတော် ဆုံးရှုံးခြင်း ဖြစ်တယ်။ မြို့သူ မြို့သား တွေရဲ့ မယုံကြည်မှုကြောင့် ကိုယ်တော်ဟာ အဲဒီဒေသမှာ တန်ခိုးလက္ခဏာ အနည်းငယ်သာ ပြသ ခဲ့ပါတယ်။ မယုံကြည်ခြင်းဟာ ဘုရားသခင်ရဲ့ လက်တော်ကို ပိတ်ပင်တားဆီးတတ်ပါတယ်။ ဒါကြောင့် ကျွန်ုပ်တို့ဟာ ဘုရားကျောင်းတက်၊ ဆုတောင်း၊ ကျမ်းစာဖတ် တာတွေနဲ့ အကျွမ်းတဝင် ဖြစ်နေပြီး သခင်ယေဇူးကို သာမန်လိုပဲ သဘောထား မိနေပါသလား။ သခင်ယေဇူး ဘုရားရှင်ကို အပေါ်ယံ အမြင်နဲ့ မကန့်သတ်ဘဲ၊ နေ့စဉ် အသက်တာမှာ စစ်မှန်တဲ့ ယုံကြည်ခြင်းနဲ့ အရာအားလုံးမှာ ကိုယ်တော့်ရဲ့ တန်ခိုးတော်ကို ရှာဖွေ သိမြင် ကြိုဆို ကြပါစို့။

Daily Reflection