28 July 2026 Tuesday
17th Week in Ordinary Time
Matthew 13: 36 - 43
Reflection by Society of Jesus
Posted by Sr. Maria Ni Ni, MSP
(အဆုံးတိုင်တည်ကြည်ခြင်း)
ဒီနေ့ ကျမ်းပိုဒ်မှာ သခင်ယေဇူးက ကောင်းကင်နိုင်ငံတော်အကြောင်း ပေါင်းပင် ပုံဥပမာရဲ့ နက်နဲတဲ့ အဓိပ္ပာယ်ကို တပည့်တော်တွေကို သီးသန့် ရှင်းပြ ခဲ့ပါတယ်။ ဒီကနေ ကျွန်ုပ်တို့ ဘဝအတွက် ထောက်ရှု ဆင်ခြင်စရာ အဓိက အချက် (၃) ချက် ရှိပါတယ် -
ပထမဆုံး အနေနဲ့ လူတိုင်းရဲ့ အတွင်းမှာ ကောင်းသော စိတ်ဝိညာဥ်စွမ်းအားနဲ့ မကောင်းသော စိတ်ဝိညာဥ် စွမ်းအား (၂)ခု လွန်ဆွဲတိုက်ပွဲ ဖြစ်နေပါတယ်။ လောက ကွင်းပြင်ထဲမှာ မျိုးစေ့ကောင်းကို ကြဲတဲ့သူဟာ သခင်ယေဇူး ဘုရားရှင် ဖြစ်ပြီး၊ ပေါင်းပင်တွေကို လာကြဲတဲ့ သူကတော့ မာရ်နတ် ဖြစ်ပါတယ်။ ကျွန်ုပ်တို့ဟာ ဘုရားသခင်ရဲ့ သားသမီး တွေဖြစ်နေလို့ မကောင်းမှုတွေကြားမှာ သစ္စာရှိရှိ ရပ်တည်ဖို့ အရေးကြီး ပါတယ်။
ဒုတိယ အချက် အနေနဲ့ ကျွန်ုပ်တို့ရဲ့ ဆုံးဖြတ် လုပ်ဆောင်ချက် အပေါ် တာဝန်ယူရမယ်၊ အချိန်တန်ရင် စစ်ကြော တရားစီရင်ခြင်း ခံရမှာပါ။ ဒါကြောင့် ကျွန်ုပ်တို့ရဲ့ စဥ်းစား၊ ပြောဆို၊ လုပ်ဆောင်မှုတိုင်းက ဘုရားသခင်ရဲ့ ဘုန်းတော် ဂုဏ်တော်ကို ချီးမွမ်းဖို့ လိုအပ်ပါတယ်။ ဒါမှလည်း ကမ္ဘာကြီးရဲ့အဆုံး၊ ရိတ်သိမ်းချိန်မှာ ကောင်းကင် တမန်တွေက ဖျက်ဆီးတတ်တဲ့ ပေါင်းပင် (လူဆိုး) တွေကို အရင်ဖယ်ထုတ်ပြီး မီးရှို့ပစ် ပါလိမ့်မယ်။ လောကမှာ ခဏတာ ရှိနေတုန်း အာဏာနဲ့ မတရားမှု ကျူးလွန်သူတွေဟာ ထာဝရတည်တဲ့ ကောင်းကင်ဘုံမှာ နေရာ မရှိပါဘူး။
နောက်ဆုံး အနေနဲ့ ဘုရားသခင်ရဲ့ ဘုန်းဂုဏ်တော်အတွက် လုပ်ဆောင်သမျှ ဆုလဒ် ကောင်းချီး ခံစား ရရှိမှာ ဖြစ်တယ်။ ဘုရားသခင်ရဲ့ နှုတ်ကပါဌ်တော် စကားကို နာခံ ကျင့်ကြံတဲ့ ဖြောင့်မတ်သူတွေကတော့ ခမည်းတော်ရဲ့ နိုင်ငံတော်မှာ နေမင်းကြီးလို တောက်ပ လင်းလက်ခွင့် ရကြမှာ ဖြစ်ပါတယ်။ ဒါကြောင့် လောကမှာ ဘယ်လောက်ပဲ ဆိုးယုတ်မှုတွေ ဝန်းရံနေပါစေ၊ စိတ်ဓာတ်မကျဘဲ သခင်ယေဇူး ကြဲပျိုးထားတဲ့ မျိုးစေ့ကောင်းတွေ အဖြစ် အဆုံး တိုင်အောင် သန့်ရှင်းစွာ ကြိုးစား ရှင်သန်ခြင်းဖြင့် ခမည်းတော် ဘုရားသခင်ရဲ့ နိုင်ငံတော်မှာ ထွန်းလင်း တောက်ပသူ များ ဖြစ်ကြပါစို့။