27 July 2026 Monday
17th Week in Ordinary Time
Matthew 13: 31 - 35
Reflection by Society of Jesus
Posted by Sr. Maria Ni Ni, MSP
(အသေးမှ အကြီးသို့ပြောင်းလဲခြင်း)
ဒီနေ့ကျမ်းပိုဒ်မှာသခင်ယေဇူးကကောင်းကင်နိုင်ငံတော်ရဲ့သဘောသဘာဝကို မုန်ညင်းစေ့နဲ့တဆေးပုံဥပမာအားဖြင့် လှပစွာသွန်သင်ထားပါတယ်။စိတ်ဝိညာဥ်အာဟာရခွန်အားယူစရာ အဓိကအချက်(၃)ချက်ကို ထောက်ရှု ဆင်ခြင်နိုင်ပါတယ်။
ပထမဆုံး အနေနဲ့ ကျွန်ုပ်တို့ရဲ့ယုံကြည်ခြင်းဟာ မသိမသာ သေးငယ်ခြင်းကနေ ကြီးထွား ရှင်သန်နေနိုင်တာဖြစ်ပါတယ်။မုန်ညင်းစေ့ဟာအစေ့တကာတို့ထက်သေးငယ်ပေမယ့်လည်း ကြီးထွား လာတဲ့အခါ ငှက်တွေ နား ခိုနိုင်တဲ့ အပင်ကြီး ဖြစ်လာပါတယ်။ ဘုရားသခင်ရဲ့ လုပ်ဆောင်ချက်တွေဟာ အစမှာ သေးငယ်ပုံရ ပေမယ့်လည်း အံ့ဩစရာ ကောင်းလောက်အောင် တိုးပွားလာ တတ်ပါတယ်။ အထူးသဖြင့် ကျွန်ုပ်တို့ရဲ့ ယုံကြည်ခြင်း မျိုးစေ့ကို နေ့စဥ် နှုတ်ကပါဌ်တော် ဖတ်မှတ် ထောက်ရှုကာ ကျင့်ကြံခြင်း အားဖြင့် နေ့စဥ်နေ့တိုင်း မသိမသာ တိုးတက် ကြီးထွား လာပါတယ်။
ဒုတိယ အနေနဲ့ စစ်မှန်တဲ့ အရာက အတွင်း စိတ်နှလုံးသာကနေ စတင်သော ပြောင်းလဲခြင်း ဖြစ်တယ်။ တဆေးဟာ မုန့်ညက်ထဲမှာ မမြင်ရဘဲ ပုန်းကွယ် နေပေမယ့် မုန့်ညက် တစ်ခုလုံးကို ဖောင်းကြွ လာစေပါတယ်။ ဘုရားသခင်ရဲ့ နှုတ်ကပါဌ်တော် ဟာလည်း ကျွန်ုပ်တို့ရဲ့ စိတ်နှလုံးသား အတွင်းပိုင်းကနေ အသက်တာ တစ်ခုလုံးကို ပြောင်းလဲ စေတာ ဖြစ်ပါတယ်။
နောက်ဆုံးအချက် အနေနဲ့ ကိုယ်တော်ရဲ့ တရားဒေသနာတော်များကို ပရောဖက်ပြုချက် အတိုင်း ကမ္ဘာဦး ကတည်းက ဝှက်ထားတဲ့ အရာတွေကို ပုံဥပမာတွေနဲ့ဖွင့်ချပြသခဲ့ပါတယ်။ နှိမ့်ချတဲ့ စိတ်နှလုံးသား ရှိသူများသာ ကိုယ်တော့်ရဲ့ ကောင်းကင် လျှို့ဝှက်ချက်ကို နားလည် နိုင်ပါတယ်။ ဒါကြောင့် ကျွန်ုပ်တို့ရဲ့ ယုံကြည်ခြင်းနဲ့ လုပ်ဆောင်မှု ဘယ်လောက်ပဲ သေးငယ်နေပါစေ၊ အနည်းဆုံး ကောင်းမှုတစ်ခု နေ့စဥ်ပြုကြစို့။ ကျန်တာကို သခင်ယေဇူးရဲ့ လက်တော်ထဲမှာ ပုံအပ်ထားမယ်ဆိုရင် ကိုယ်တော်က မုန်ညင်းစေ့နဲ့ တဆေးလိုပဲ ပတ်ဝန်းကျင် တစ်ခုလုံးကို အကျိုးပြုပြီး ပြောင်းလဲစေမယ့် ကောင်းချီးအဖြစ် ကြီးထွားစေမှာ ဖြစ်ပါတယ်။