25 July 2026 Saturday
16th Week in Ordinary Time
Matthew 20: 20 - 28
Reflection by Society of Jesus ( S.J )
Posted by Sr. Maria Ni Ni, MSP
(မြင့်မြတ်သောအစေခံစိတ်ထား)
ဒီနေ့ကျမ်းပိုဒ်မှာ ယာကုပ်နဲ့ ယောဟန်တို့ရဲ့ မိခင်က နိုင်ငံတော်ထဲမှာ သူမရဲ့သားတွေကို ရာထူး အမြင့်ဆုံးပေးဖို့ သခင်ယေဇူးဆီ တောင်းဆို ခဲ့ပါတယ်။ လောကီ အာဏာနဲ့ ရာထူးကို မက်မောနေတဲ့ သူတို့ကို ကိုယ်တော်က ကောင်းကင် နိုင်ငံတော်ရဲ့ စံနှုန်းသစ်ကို သွန်သင် ခဲ့ပါတယ်။ အဓိက အချက် (၃) ချက်ကို ထောက်ရှု ဆင်ခြင် ကြည့်ရအောင် -
ပထမဆုံး အနေနဲ့ ခရစ်ယာန်တိုင်း သခင်ယေဇူးနဲ့အတူ ဒုက္ခကားတိုင် ထမ်းဆောင်ကြဖို့အသင့် ရှိရပါမယ်။ ဘုရားသခင်ရဲ့ နိုင်ငံတော်မှာ ရာထူးနေရာထက် ကိုယ်တော် သောက်မယ့် "ဒုက္ခကားတိုင်ဖလား"ကို အတူတူ သောက်ရဲတဲ့စိတ်ဓာတ်ရှိဖို့ပိုအရေးကြီးပါတယ်။ကျွန်ုပ်တို့ဟာအခွင့်အရေးထက်ချစ်ခြင်းနဲ့ပေးဆပ်အနစ်နာခံမှုကိုရှေ့တန်းတင်ရှင်သန်ကြရပါမယ်။
ဒုတိယ အနေနဲ့ အစေခံခြင်းဖြင့် ကြီးမြတ်ခြင်း ဖြစ်တာကြောင့် လောကီလူတွေက အာဏာပြ စိုးမိုးချင် ကြပေမယ့် ကိုယ်တော်ကတော့ "သင်တို့တွင် အကြီးမြတ်ဆုံး ဖြစ်လိုသော သူသည် အစေခံ ဖြစ်ရမည်" လို့ မိန့်တော်မူ ခဲ့ပါတယ်။ စစ်မှန်တဲ့ ကြီးမြတ်ခြင်းဟာ ပေးကမ်းခြင်းနဲ့ နှိမ့်ချခြင်းမှာပဲ ရှိပါတယ်။
နောက်ဆုံးအချက် အနေနဲ့ သခင်ယေဇူးဟာ ကျွန်ုပ်တို့ရဲ့ စံပြအစေခံ ဖြစ်ပါတယ်။ သခင်ယေဇူးဟာ သူတစ်ပါးရဲ့ လုပ်ကျွေးမှုကို ခံယူဖို့ ကြွလာတာ မဟုတ်ဘဲ၊ လူအများအတွက် မိမိရဲ့ အသက်ကို ပေးဆပ်ဖို့၊ အစေခံဖို့ ကြွလာခဲ့တာ ဖြစ်ပါတယ်။ ကျွန်ုပ်တို့ဟာ အသင်းတော်နဲ့ လူ့အဖွဲ့အစည်းထဲမှာ ရာထူး၊ အာဏာနဲ့ နေရာ ရဖို့ပဲ ကြိုးစား နေမိပါသလား။ ကျွန်ုပ်တို့ရဲ့ မာန်မာနတွေကို ခွာချပြီး သခင်ယေဇူးရဲ့ ခြေရာကို အတုယူ လိုက်လျှောက်ကာ သူတစ်ပါးကို မေတ္တာနဲ့ အစေခံတတ်တဲ့ နှလုံးသားပိုင်ရှင်များ ဖြစ်ကြပါစို့။