24 July 2026 Friday
16th Week in Ordinary Time
Matthew 13: 18-23
Reflection by Society of Jesus ( S.J )
Posted by Sr. Maria Ni Ni, MSP
_
(အသီးသီးစေမယ့် နှလုံးသား)
ကျမ်းစာဝေမျှသူ - ယေဇူးအသင်းဝင်ရဟန်းတော်များ
ဒီနေ့ ကျမ်းချက်ထဲမှာ သခင်ယေဇူးက မျိုးကြဲသူ ပုံဥပမာနဲ့အတူ လူတို့ရဲ့ နှလုံးသား မြေပြင် (၄)မျိုး အကြောင်းကို ရှင်းပြထားပါတယ်။ ဘုရားသခင်ရဲ့ နှုတ်ကပါဌ်တော် မျိုးစေ့ဟာ ကျွန်ုပ်တို့ရဲ့ အသက်တာမှာ အသီး အပွင့်တွေ ဝေဆာ နိုင်ဖို့ အဓိက အချက် (၃) ချက်ကို ထောက်ရှု ဆင်ခြင် ကြည့်ရအောင်။
* ပထမဆုံး အချက်အနေနဲ့ နှုတ်ကပါဌ်တော်ကို နှလုံးသားနဲ့ နားလည်ပြီး လက်တွေ့ ကျင့်ကြံ ရပါမယ်။ လမ်းဘေးမြေပေါ်မှာကျတဲ့မျိုးစေ့ကတော့ စိတ်နှလုံးသား ဟာ တရားတော်ကို ကြားနာ ရပေမယ့်လည်း
မထောက်ရှု-မဆင်ခြင်နိုင်တဲ့အတွက် စာတန်ရဲ့ နှုတ်ယူခြင်းကိုခံရတတ်ပါတယ်။ အထူးသဖြင့်မိမိရဲ့ ဘာသာတရားနဲ့ စစ်မှန်တဲ့ ယုံကြည်ခြင်းအကြောင်း သေသေချာချာ မလေ့လာ - မသိရှိတဲ့အခါ အဟောအပြော ကောင်းကြတဲ့ သူများတွေနောက် ပါသွားတတ်ပါတယ်။ဒါကြောင့်နှုတ်ကပါဌ်တရားတော်ကို နေ့စဥ်ကြားနာရုံ တင်မကဘဲ နှလုံးသွင်း နားလည်ဖို့၊ လက်တွေ့ ကျင့်ဖို့ လိုအပ်ပါတယ်။
* ဒုတိယအနေနဲ့ ဘုရားသခင်ရဲ့ နှုတ်ကပါဌ်တော် အမြစ်စွဲနေမှသာ လောကီရေးရာ စမ်းသပ် နှောင့်ယှက်ခြင်း အမျိုးမျိုး တွေကို အောင်မြင်နိုင်မှာ ဖြစ်တယ်။ ကျောက်စရစ်မြေနဲ့ ဆူးပင်တောမြေ တွေပေါ်မှာကျရောက်တဲ့ မျိုးစေ့ရဲ့ သဘောသဘာဝကတော့ နှုတ်ကပါဌ်တော်ကိုဝမ်းမြောက်စွာလက်ခံ ကြပေမယ့် ခက်ခဲမှုတွေ၊ လောကီစီးပွား စိုးရိမ်ပူပန်မှုတွေ ကြုံရတဲ့အခါ ညှိုးနွမ်း သွားကြပါတယ်။ ကျွန်ုပ်တို့ရဲ့ ယုံကြည်ခြင်းဟာ လောကီရေးရာတွေထက် ဘုရားသခင်ပေါ်မှာပဲ အမြစ်စွဲ နေရပါမယ်။
* နောက်ဆုံး အချက်အနေနဲ့ အဆပေါင်းများစွာ အသီးသီးတဲ့ မျိုးစေ့ကတော့ ကောင်းသောမြေ လိုမျိုး စိတ် နှလုံးသားနဲ့ နှုတ်ကပါဌ်တော်ကို ကြားနာ၊ နားလည်ပြီး လက်တွေ့ သက်သေခံ ကျင့်ကြံ အားထုတ် တာကြောင့် အဆသုံးဆယ်၊ အဆခြောက်ဆယ်၊ အဆတစ်ရာမက အသက်တာမှာ အသီးပွင့်စေပါတယ်။
ကျွန်ုပ်တို့ နေ့စဉ်ကြားနာရတဲ့ ဘုရားသခင်ရဲ့ နှုတ်ကပါဌ်တော်အတွက် ကျွန်ုပ်တို့ရဲ့ စိတ်နှလုံးသားဟာ ဘယ်လိုမျိုး မြေအမျိုးအစား ဖြစ်နေသလဲ။ လောကီရေးရာပူပန်မှုနဲ့ အခက်အခဲ နှောင့်ယှက်ခြင်း တွေကြားမှာ ဘုရားသခင်ရဲ့ အသက်ပေး နှုတ်ကပါဌ် တရားတော်ကို နေ့စဥ် ဖတ်မှတ်ထောက်ရှု ဝိညာဥ်အာဟာရ ခွန်အားယူပြီး လက်တွေ့ ကျင့်ကြံခြင်း အားဖြင့် အဆပေါင်းများစွာ အသီးသီးသော ကောင်းသောမြေပြင် ဖြစ်ကြပါစို့။