ရှင်မာတေဦး ၁၂:၃၈-၄၂ (နိမိတ်လက္ခဏာနဲ့နောင်တ)
ဒီနေ့ ကျမ်းပိုဒ်မှာ ကျမ်းတတ် ဆရာတွေနဲ့ ဖာရိရှဲတွေက သခင်ယေဇူးဆီကနေ နိမိတ်လက္ခဏာ တစ်ခု ပြသဖို့ တောင်းဆို ခဲ့ကြပါတယ်။ အပေါ်ယံ အံ့ဩစရာ တွေကိုပဲ လိုက်ရှာနေတဲ့ သူတို့ကို ကိုယ်တော်က ပြတ်ပြတ်သားသား တုံ့ပြန် ဆုံးမ ခဲ့ပါတယ်။ ဒီကနေ ထောက််ရှု ဆင်ခြင်စရာ အချက် (၃) ချက် ရှိပါတယ် -
ပထမဆုံး အနေနဲ့ ယောနအချိန် နီနေဝေမြို့သားတွေဟာ နိမိတ် လက္ခဏာတွေ မမြင်ရဘဲ ပရောဖက်ေယာနရဲ့ သတိပေး စကားတွေကို ယုံကြည် လိုက်ကျင့် ခဲ့ကြပါတယ်။ ကိုယ်တော်က အခြားနိမိတ်ကို မပြဘဲ ပရောဖက် ယောန ငါးကြီးရဲ့ ဝမ်းထဲမှာ သုံးနေ့နဲ့ သုံးညလုံး ရှိနေခဲ့သလို၊ သားတော် သခင်ယေဇူးဟာလည်း မြေကြီးထဲမှာ သုံးရက် ရှိပြီးမှ ပြန်လည် ရှင်ပြန်ထမြောက်မယ့် အကြောင်း (မိမိရဲ့ သေခြင်းနဲ့ ရှင်ပြန်ထမြောက်ခြင်း) ကို အဓိက နိမိတ်အဖြစ် မိန့်တော်မူ ခဲ့ပါတယ်။ ကျွန်ုပ်တို့ဟာ သခင်ယေဇူးကို မမြင်ရဘဲ ယုံကြည်သူတွေ ဖြစ်သလို သူ့ရဲ့ တရားတော် တွေကိုလည်း လက်တွေ့ ကျင့်ကြံသူတွေ ဖြစ်အောင် ကြိုးစားကြပါစို့။
ဒုတိယ အနေနဲ့ နီနေဝေမြို့သားတို့လို အချိန်မဆွဲဘဲ ချက်ချင်း ယုံကြည်ခြင်းနဲ့ ပြောင်းလဲကြဖို့ သခင်ယေဇူး ဖိတ်ခေါ် နေပါတယ်။ ပရောဖက် ယောနရဲ့ ဟောပြောချက် တွေကြောင့် နိနေဝေမြို့သားတွေဟာ ချက်ချင်း နောင်တရ ခဲ့ကြပါတယ်။ ဒါပေမဲ့ ယောနထက်ကြီးမြတ်တဲ့ သခင်ယေဇူးကိုယ်တိုင်တရားဟောနေတာတောင် နောင်တမရတဲ့ ဂျူးခေါင်းဆောင်တွေရဲ့ ခက်ထန်မှုကို ကိုယ်တော် ပြစ်တင် ဆုံးမ ခဲ့ပါတယ်။
နောက်ဆုံးအချက် အနေနဲ့ ဘုရားသခင်ကို ပိုသိ-ပိုချစ်တတ်အောင် နေ့စဥ် လေ့လာ ရှာဖွေရမှာ ဖြစ်ပါတယ်။ တောင်ဘက် ပြည်က ဘုရင်မဟာ ရှောလမုန် မင်းကြီးရဲ့ ဉာဏ်ပညာ တရားကို နာယူဖို့ အဝေးကြီးကနေ လာခဲ့ ပါတယ်။ ယနေ့ ကျွန်ုပ်တို့ ရှေ့မှာတော့ ရှောလမုန်ထက် ကြီးမြတ်တဲ့ အရှင် သခင်ယေဇူး ရှိနေ ပါတယ်။ အကြီးမား ဆုံးသော နိမိတ် လက္ခဏာဖြစ်တဲ့ သခင်ယေဇူးရဲ့ ရှင်ပြန်ထမြောက်ခြင်း တန်ခိုးတော်ကို ယုံကြည်ပြီး၊ နေ့စဉ် အသက်တာမှာ နှိမ့်ချစွာ နောင်တရလျက် နှုတ်ကပါဌ်တော်ကို ဖတ်မှတ် ထောက်ရှု နာခံ ကျင့်ကြံကြပါစို့။