16 July 2026 Thursday
15th Week in Ordinary Time
Matthew 11: 28-30
Reflection by Society of Jesus ( S.J )
Posted by Sr. Maria Ni Ni, MSP
(အနားယူခြင်း)
ဒီကျမ်းချက်ထဲ သခင်ယေဇူးကဘဝမှာမောပန်းနွမ်းနယ်ပြီးဝန်ပိနေသူအားလုံးကို မိမိထံလာကြဖို့မေတ္တာနဲ့ဖိတ်ခေါ်ထားပါတယ်။အဓိကဆင်ခြင်ထောက်ရှုဖို့အချက်(၃) ချက်ကတော့…။
ပထမဆုံး အနေနဲ့ ဘုရားသခင်ဟာ လူတိုင်းကို နူးညံ့စွာ ဖိတ်ခေါ်နေပါတယ်။ ကိုယ်တော်က ဘယ်သူ့ ကိုမှလည်း ချန်မထားဘူး။ ဝန်လေး- ပင်ပန်းနေသူ မှန်သမျှ လာနိုင်ပြီး၊ အသက်တာအတွက် စစ်မှန်တဲ့ဝိညာဉ်ရေးရာ အနားယူခြင်းကိုပေးဖို့ ကတိပြုထားပါတယ်။ ကြမ်းတမ်း ခက်ထန် အပုပ်ချတဲ့ စကားတွေကို ပြောဆိုသူတွေဟာ ကရုဏာရှင်နဲ့ မထိတွေ့သေးလို့ ဖြစ်တယ်။ ကိုယ်တော့်ရဲ့ နူးညံ့သိမ်မွေ့တဲ့ နှလုံးတော်မှာခိုလှုံဆုတောင်းအနားယူသူတိုင်းဟာလည်းကိုယ်တော်လိုမျိုး စိတ်နှလုံးသားကိုအတုယူကျင့်ကြံရမှာဖြစ်ပါတယ်။
ဒုတိယ အနေနဲ့ အနားယူခြင်း ဆိုတာ ဘုရားသခင်ကို အချိန်ပေးခြင်း ဖြစ်တယ်။ အိပ်နေဖို့ မဟုတ်ဘူး။ သခင်ယေဇူးဟာ လူတွေကို သနားကရုဏာနဲ့ ကြည့်ရှု ကုသဖြေလွှတ် ပေးချိန်မှာ အနားယူချိန် မရခဲ့ပါဘူး။ ဒါပေမဲ့ သခင်ယေဇူး မအားတဲ့ကြားက မနက်စောစော တော်ပေါ်တက်ပြီး အဖခမည်းတော်နဲ့ ဆုတောင်း စကားပြောကာ ဝိညာဥ် အာဟာ ခွန်အားနဲ့ လမ်းညွှန်မှုကို ခံယူခဲ့ပါတယ်။ ကျွန်ုပ်တို့လည်း မနက်စောစောချိန်မှာ ဆုတောင်းကာ ဘုရားသခင်နဲ့ အချိန်ပေး စကားပြောပြီး ဘုရားသခင်ရဲ့ ဘုန်းတော်ဂုဏ်တော် ကြီးမြတ်စေဖိို့ ကြိုးစား ကြပါစို့။
နောက်ဆုံးအချက် အနေနဲ့ သခင်ယေဇူးရဲ့ ထမ်းပိုးဟာ ထမ်းလွယ်ပြီး ဝန်လည်း ပေါ့ပါတယ်။ ဘာဖြစ်လိုလဲ ဆိုတော့ လူတွေ ပစ္စည်းထမ်းချိန် ဒါမှမဟုတ် နွားနှစ်ကောင်ကို ထမ်းပိုးနဲ့ တပ်ခိုင်းချိန် အသန်မာဆုံး ဘက်က ပိုထမ်းရတယ်။ အနစ်နာ ခံရတယ်။ အဲဒီလိုပဲ ကျွန်ုပ်တို့ တစ်ဦးချင်းစီရဲ့ လေးလံနေတဲ့ဘဝ ထမ်းပိုးကို ကရုဏာရှင်သခင်ယေဇူးက ဝင်ရောက်ထမ်းတာကြောင့် ကျွန်ုပ်တို့ အရာရာကို ရင်ဆိုင်နိုင်တာ ဖြစ်ပါတယ်။ ဒါကြောင့် ဘဝရဲ့ အခက်အခဲတွေကြောင့် စိုးရိမ်ပူပန်ပြီး မောပန်း နေပါသလား။ အရာရာကို တစ်ယောက်တည်း မထမ်းပိုးပါနဲ့တော့။ သခင်ယေဇူးထံ ဝန်ထုတ်တွေကို ပုံအပ်ပြီး ကိုယ်တော်ပေးတဲ့ စစ်မှန်တဲ့ စိတ်ငြိမ်သက်ခြင်းကို ခံစားကြပါစို့။