15 July 2026
15th Week in Ordinary Time
Matthew 11: 25-27
Reflection by Society of Jesus ( S.J )
Posted by Sr. Maria Ni Ni, MSP
_
(နှိမ့်ချခြင်းနဲ့အသိပညာမှန်)
ဒီနေ့ ဖတ်ကြားခဲ့တဲ့ ကျမ်းပိုဒ်မှာ သခင်ယေဇူးက ကောင်းကင်နဲ့ မြေကြီးကို အစိုးရတဲ့ ခမည်းတော်ဘုရားသခင်ကို လှိုက်လှိုက်လှဲလှဲ ချီးမွမ်းသလို ကျွန်ုပ်တို့ ဆုတောင်းတိုင်းလည်း ချီးမွမ်းခြင်းနဲ့ စတင်ကြပါတယ်။ ကျွန်ုပ်တို့ နှလုံး သွင်းရမယ့် အဓိကအချက် (၃) ချက်ကို မျှဝေလိုပါတယ်။
ပထမအချက်အနေနဲ့ ဘုရားသခင်ကို စိတ်နှိမ့်ချသူတွေပဲ နက်ရှိုင်းစွာ သိရှိ ယုံကြည် နိုင်တာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ ဘုရားသခင်ဟာ မိမိကိုယ်ကို ပညာရှိတယ်၊ သိတယ်၊ တတ်တယ်လို့ မာနထောင်လွှား သူတွေကို ကွယ်ဝှက်ထားပြီး၊ ကလေးငယ်တွေလို ရိုးသား နှိမ့်ချတဲ့ သူတွေကိုသာ မိမိရဲ့ ဝိညာဉ်ရေးရာ အမှန်တရားတွေကို ဖွင့်ဟပြသပေးတော်မူတယ်။ အထူးသဖြင့် သခင်ေယဇူးကို သိကြတဲ့ အီစရာအဲလလူမျိုး ပညာတတ်တွေက သခင်ယေဇူးကို လက်မခံကြတာကြောင့် ရိုးသား နှိမ့်ချတဲ့ တပည့်တော် (၁၂)ကို ရွေးကောက် ခဲ့ပါတယ်။
ဒုတိယ အနေနဲ့ သခင်ယေဇူးမှာ အရာအားလုံးကို တတ်စွမ်းနိုင်ပါတယ်။ ခမည်းတော် ဘုရားသခင်ဟာ သားတော် သခင်ယေဇူးရဲ့ လက်ထဲကို အရာခပ်သိမ်း အပ်နှင်း ထားပါတယ်။ ဒါကြောင့် ကျွန်ုပ်တို့ရဲ့ ကယ်တင်ခြင်း ရရှိပိုင်ခွင့်ဟာ သခင်ယေဇူးရဲ့ကရုဏာသနားခြင်း အပေါ်မှာပဲ လုံးဝမူတည်နေပါတယ်။ ကရုဏာရှင်သခင်ယေဇူး ကို ယုံကြည်စွာချဥ်ကပ်ရင် နှိမ့်ချစွာ ဆုတောင်း ကြပါစို့။ သခင့်ရဲ့ ကရုဏာ တရားကို မိမိကိုယ်တိုင် သာမက တခြားသူတွေ သိရှိခံစားလာအောင် ကြိုးစား ကြပါစို့။
နောက်ဆုံး အနေနဲ့ ခမည်းတော် ဘုရားကို သားတော် အားဖြင့်သာ ကျွန်ုပ်တို့ သိရှိနိုင်တာပါ။ သားတော် ဘုရားဖြစ်တဲ့ သခင်ယေဇူးကတစ်ဆင့် မဖော်ပြရင် ဘုရားသခင်ကို ဘယ်သူမှ စစ်မှန်စွာ မသိနိုင်ပါဘူး။ ကျွန်ုပ်တို့ ခမည်းတော်ကို သိကျွမ်းခွင့်ရတာဟာ သခင်ယေဇူးရဲ့ ကျေးဇူးတော်ကြောင့် ဖြစ်ပါတယ်။ သန့်ရှင်းသော ပုဂ္ဂိုလ် သုံးပါး တစ်ဆူဘုရားကို ကလေးငယ် တစ်ယောက်လို နှိမ့်ချတဲ့စိတ်နဲ့ ယုံကြည်ကိုးကွယ်ပြီး ဘုရားသခင်ရဲ့ ချစ်ခြင်း မေတ္တာတော်ကို ပိုမိုနက်ရှိုင်းစွာသိရှိခံစား ကြပါစို့။