10 July 2026 Friday
14th Week in Ordinary Time
Matthew 10: 16 - 23
Reflection by Society of Jesus ( S.J )
Posted by Sr. Maria Ni Ni, MSP
အခက်အခဲတွေကြား သစ္စာထား
အနာခံမှာ အသာစံရမယ် ဆိုတဲ့ ဆိုရိုးစကားအတိုင်း အခက်အခဲ -စိန်ခေါ်မှု၊ အန္တရာယ်တွေ ပြည့်နေတဲ့ လောကကြီး အလယ်မှာ သခင်ယေဇူးက သူ့ရဲ့ တပည့်တော်ကြီးတွေကို စေလွှတ်ချိန်မှာ သတိနဲ့ ကတိတော် တွေပေးခဲ့ပါတယ်။
ပထမဆုံး အနေဲ့ တပည့်တော်ကြီးတွေဟာ မြွေကဲ့သို့ လိမ္မာပြီး ဂျိုးငှက်ကဲ့သို့ အပြစ်ကင်းကြဖို့ သခင်ယေဇူး မိန့်မှာ စေလွှတ် ခဲ့တာပါ။ ရန်ကို ရန်နဲ့ တုံ့ပြန် ရှင်သန်ဖို့ မဟုတ်ပါဘူး။ ရန်သူတွေ ဝန်းရံနေတဲ့ လောကကြီးမှာ ရှင်သန်ကြီးထွားနိုင်ဖို့ သန့်ရှင်းသော ဝိညာဥ်တော်ရဲ့ ဉာဏ်ပညာနဲ့ အလင်းကျေးဇူးတော် (၇) ခု လိုအပ် ပါတယ်။ အဲဒါမှ အဆိုးကို အကောင်းနဲ့ ဖြူစင်ရိုးသား မေတ္တာပွား နိုင်မှာ ဖြစ်ပါတယ်။
ဒုတိယ အနေနဲ့ သန့်ရှင်းသော ဝိညာဉ်တော်ဘုရားကို ယုံကြည် ကိုးစားပါ။ ခရစ်ယာန်တွေ ယုံကြည်ခြင်းကြောင့် တရား ရင်ဆိုင်ရချိန်မှာ ဘာတွေကို ဘယ်လိုပြောရမလဲ စိုးရိမ်စရာ မလိုပါဘူး။ အခက်ခဲဆုံး အချိန်မှာ သန့်ရှင်းသော ဝိညာဉ်တော် ဘုရားရဲ့ နှုတ်အစွမ်းနဲ့ ရဲရင့်မှုကို ရရှိစေမှာ ဖြစ်ပါတယ်။ လူမှုကွန်ယက် တွေပေါ်မှာလည်း ကျွန်ုပ်တို့ရဲ့ ယုံကြည်ခြင်း အကြောင်းကို ရဲရဲရင့်ရင့် ပြောဆို၊ ရေးသား မဂ်လားပွား နိုင်ပါတယ်။
နောက်ဆုံး အချက်အနေနဲ့ အဆုံးတိုင်အောင် တည်ကြည်သူများသာ ကယ်တင်ခြင်း ရရှိနိုင်မှာ ဖြစ်ပါတယ်။ လောကမှာ ခရစ်တော်ရဲ့ နာမတော်ကို ယုံကြည်ခြင်းကြောင့် အမုန်းခံရခြင်း၊ ဆန့်ကျင်ခြင်းတွေ တွေ့ကြုံ ခံစားရနိုင်ပါတယ်. ဒါပေမဲ့ သတိရပါ။ အဆုံးတိုင်အောင် တည်ကြည်သော သူများသာ ကယ်တင်ခြင်းကို ရရှိကြမှာဖြစ်တယ်။ ဒါကြောင့် ကျွန်ုပ်တို့ ယုံကြည်တဲ့အတိုင်း ကျင့်ကြံ ဝေမျှ သက်သေခံရင်း အခက်အခဲတွေကြား သတိထားနိုင်ဖို့ ဝိညာဥ်တော်ရဲ့ ဆုကျေးဇူးကို တောင်းခံ ရှင်သန် ကြပါစို့။