9 July 2026 Thursday
14th Week in Ordinary Time
Matthew 10: 5 - 17
Reflection by Society of Jesus ( S.J )
Posted by Sr. Maria Ni Ni, MASP
ကျေးဇူးတော်ကို သက်သေခံခြင်း
ဒီကျမ်းချက်ထဲမှာ သခင်ယဇူးက သူ့ရဲ့ တပည့်တော်ကြီးတွေကို လမ်းညွှန်ချက်နဲ့ စေလွှတ် ခဲ့ပါတယ်။ လမ်းညွှန်ချက် မပါရင် လမ်းမှားသွား နိုင်ပါတယ်။ ဒါကြောင့် မိမိကြိုက် နှစ်သက်သလို ဟောပြောလို့ မရပါဘူး။ အဓိက ထောက်ရှုဖို့ အချက်တွေ ကတော့…
ပထမဆုံး အနေဲ့ ကျွန်ုပ်တို့ အဖိုးအခ မပေးဘဲ အလကား ရထားတာကို အလကား ပြန်ပေးဖို့ ဖြစ်တယ်။ တပည့် တော်ကြီးတွေနဲ့ ကျွန်ုပ်တို့ အားလုံး ဘုရားသခင်ဆီကနေ ကျေးဇူးတော်နဲ့ အခွင့်အာဏာတွေကို အလကား ရရှိထား ကြတာပါ။ အဖိုးအခ မပေးရပါဘူး။ အဲဒီလိုပဲ ကျွန်ုပ်တို့လည်း တခြားသူတွေကို အကျိုးအမြတ်၊ အဖိုးအခ မငဲ့ဘဲ မေတ္တာ၊ စေတနာ အပြည့်နဲ့ ပြန်လည် ဝေငှ ပေးကမ်း ရမှာဖြစ်ပါတယ်။
ဒုတိယ အနေဲ့ သခင်ယေဇူး ကျွန်ုပ်တို့ အားလုံး ရိုးရှင်းတဲ့ ယုံကြည်ခြင်းနဲ့ အခြေအနေ အမျိုးမျိုးကြားမှာ စေလွှတ် ခဲ့ပါတယ်။ ခရီးဆောင်အိတ်၊ ငွေကြေးနဲ့ အဝတ်အစား အပိုတွေ မယူခိုင်းခြင်းပါဘူး။ အထူးသဖြင့် ကျွန်ုပ်တို့ရဲ့ လိုအပ်ချက်တွေ အားလုံးအတွက် ဘုရားသခင် ပြင်ဆင် ပေးတာကို လုံးဝဥဿုံ ယုံကြည် ကိုးစားကြဖို့ သွန်သင် နေပါတယ်။ ဥပမာ - ဂျက်ဇွစ် (ယေဇူးအသင်းမှာ) ကိုရင်တွေကို ရက်ပေါင်း (၁၀)ရက်ခန့် ငွေကြေတွေ မပါဘဲ Pilgrimage လမ်းလျှောက် ဆုတောင်းပြီး လက်တွေ့ ကြံကျင့် ခိုင်းပါတယ်။
နောက်ဆုံး အနေဲ့ ကျွန်ုပ်တို့ဟာ ငြိမ်သက်ခြင်းကို သယ်ဆောင် သူတွေ ဖြစ်ကြရပါမယ်။ တပည့်တော်ကြီးတွေ သူတို့ ရောက်ရာအိမ်မှာ ငြိမ်သက်ခြင်း ရှိပါစေ အရင်ဆုံး မင်္ဂလာ သတင်းနဲ့ နှုတ်ဆက် ကြရပါတယ်။ ပြီးတော့ ယေဟောဝါ သက်သေခံ တွေလို အတင်းအကျပ် မဟောပြော ခိုင်းပါဘူး။ ငြိမ်သက်ခြင်း သတင်းကောင်းကို ငြင်းပယ်သူတွေအတွက် စိတ်မပျက်ဘဲ မိမိရဲ့ ခြေဖဝါးက ဖုန်မှုန့်ကိုခါချပြီး ရှေ့ဆက် ရမှာဖြစ်ပါတယ်။ ဘုရားသခင် ပြင်ဆင်ပေးတဲ့ ငြိမ်သက်ခြင်း သတင်းကောင်းကို နေ့စဥ်သယ်ဆောင် ဝေမျှကြပါစို့။