27 June 2026 Saturday
Twelfth Week in Ordinary Time
Matthew 8: 5 -17
Reflection by Little Way Sisters of St. Theresa (LWST)
Posted by Sr. Maria Ni Ni, MSP
လူတစ်ရာတပ်မှူးရဲ့နှိမ့်ချခြင်းနှင့် သခင်ခရစ်တော်အပေါ် ကြီးမားသောယုံကြည်ခြင်း ထားရှိခြင်းတို့သည် ကျွန်ုပ်တို့အတွက် အတုယူဖွယ်ဖြစ်ပေသည်။သူ့ရဲ့ခေါင်းဆောင် ပီသမှုနှင့်စာနာသနားတတ်ခြင်းတို့သည်လည်း မိဘများ၊ အဖွဲ့အစည်းများကို ဦးဆောင်မှုပြုနေသောသူများ၊ ဆရာသမားများအတွက် အထူးတလည် အတုယူအပ်သည့် အရာပင်ဖြစ်ကြောင်း ထောက်ရှုနိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် လူတစ်ရာတပ်မှူးကဲ့သို့သော အကျင့်စာရိတ္တရှိသောသူတို့ နေထိုင်ရာကမ္ဘာငယ်လေးသည် ခန္ဓာ၊ စိတ်၊ ဝိညာဥ်ကုသခြင်းခံရမည်မှာ သေချာလှပါသည်။
လီဆူးမြို့သူ စိန်ထရေဇားလေးကလည်း “ ကျွန်မ၏မပြည့်စုံခြင်းသည် ကျွန်မ၏ ခွန်အားဖြစ်သည်” ဟုဆိုခဲ့သကဲ့သို့ ရှင်ပေတရု၏ယောက္ခမသည်လည်း ဖျားနာခြင်း ကြောင့် သခင်ယေဇူး၏ကုသခြင်းခံစားခဲ့ရသလို ကျွန်ုပ်တို့သည်လည်း ခန္ဓာ၊ စိတ်၊ ဝိညာဥ် မနာမကျန်းဖြစ်ခြင်းအားဖြင့် “ခရစ်တော်နဲ့ပို၍နီးစပ်စေသောအရာ”ဟု ခံယူ၊ ယုံကြည်လျက် ရှင်သန်ကြရန်ဖြစ်သည်။
ကျွန်ုပ်တို့သည် ဤလောက၌ဒုက္ခခံထမ်းခြင်းအားဖြင့် ဘုရားနှင့်အတူပေါင်းစပ်နိုင်သူများ၊ မိမိထက်အခက်ခဲနှင့်ကြုံနေသူများကို ကူညီပေးနိုင်သောသူများဖြစ်ဖို့ ကြိုးစားကြရင်း လူတစ်ရာတပ်မှူးကဲ့သို့“သခင်၊ ကျွန်ုပ်၏အိမ်မိုးအောက်သို့ ကိုယ်တော် ကြွဝင်တော်မူခြင်းကို အကျွန်ုပ်မခံထိုက်ပါ။ သို့သော် တစ်ခွန်းမျှသာ အမိန့်ရှိတော်မူပါ လျှင် အကျွန်ုပ်၏အစေခံသည် ရောဂါပျောက်ကင်းပါလိမ့်မည်” ဟုဆိုနိုင်ရန် “စေ” တစ် လုံးပိုင်ရှင်ဖြစ်သော သခင်ခရစ်တော်ထံ၌ ခွန်အားများတောင်းခံရင်း ဘဝအသက်တာကို အများအကျိုးပြုနိုင်သောသူများအဖြစ် ရှင်သန်သွားကြပါစို့။