8 March 2026
Third Sunday of Lent
June 4: 5 - 42
Reflection by Fr. Nicholas Kyaw Lin Tun, OSM
Posted by Sr. Maria Ni Ni, MSP
ဤယနေ့ဟာ ဝါတွင်းကာလ၏ တတိယတနင်္ဂနွေနေ့ဖြစ်ပါတယ်။ ဤယနေ့ ကျမ်းစာတော်မြတ်ထဲမှာ သခင်ခရစ်တော်ဘုရားရှင်မြတ်က အမျိုးသမီးအား “ဤရေတွင်း၏ ရေကို သောက်သောသူသည် ငတ်ရလေအုန်းမည်။ သို့သော်ငါ ပေးသောရေကို သောက်သုံးသော သူတို့သည် ငတ်လိမ့်မည်မဟုတ်”ဟု မိန့်မှာခဲ့ပါတယ်။ ခရစ်တော်သာလျှင် ကျွန်ုပ်တို့ လူဘဝ အသက်တာတွင် စာငတ်မှု၏ စစ်မှန်သော oasis ဖြစ်ပါတယ်။ ကျွန်ုပ်တို့တွင် လူသားများဖြစ်သည့် အလျောက် ကိုယ်ကာယဆိုင်ရာ ဆာငတ်မှုနှင့် ဝိညာဉ်ရေးဆိုင်ရာဆာငတ်မှုဟူ၍ နှစ်မျိုးရှိပါတယ်။ ကိုယ်ကာယနှင့်ဆိုင်သော ဆာငတ်မှုများကို ကိုယ့်အားကို ကိုးပြီးဖြေဖျောက်နိုင်ပါတယ်။ တခါတလေ ကျွန်ုပ်တို့ဟာ ကျွန်ုပ်တို့ ကိုယ့်ကို ယုံကြည်မှုလွန်ကဲကာ ဘဝင်မြင့်ပြီး အရာရာကို ငါတတ်နိုင်တယ်၊ ငါလုပ်နိုင်တယ်ဆိုတဲ့ အတ္တစိတ်လွမ်းမိုးခြင်းကို ခံရပြီး ဘုရားသခင်သာလျှင် အရာရာကို တတ်နိုင်တယ်ဆိုတာကို မေ့လျှော့နေတတ်ကြပါတယ်။ ထို့ကြောင့် ဘုရားသခင်တစ်ပါးတည်းသာ အရာရာကို တတ်နိုင်တော်မူထပြီး၊ ပြန်လည်မဆာငတ်နိုင်သောထာဝရ အသက်ရေကိုပေးနိုင်သူဖြစ်တယ်ဆိုတာကို ယုံကြည်ပြီး ခရစ်တော်ဖြစ်သည့် ထာဝရ မခမ်းနိုင်သော အသက်ရေကို အမြဲသောက်သုံးကာ ဘုရားသခင်၏ အလိုတော်အတိုင်း နေထိုင်နိုင်ရန် ကျေးဇူးတော် တောင်းခံကြပါစို့။