10 January 2026 Saturday
John 3: 22 - 30
Reflection by Celeste
Posted by Sr. Maria Ni Ni, MSP
ဒီနေ့ ကျမ်းစာတော်မြတ်ရဲ့ သတင်းကောင်း၊ သတင်းစကားအားဖြင့် နှိမ့်ချမှုနှင့် ဝမ်းမြောက်ခြင်း ကို ယောဟန်၏ ဘဝအသက်တာမှ တွေ့မြင်ရပါတယ်။
ဒီနေ့ တရားတော်က အဓိကရည်ရွယ်ချက်မှာ
ယောဟန်ကလူများကို မိမိထံသို့မဟုတ်ဘဲ ယေဇူးခရစ်တော်ထံသို့ ညွှန်ပြပေးရမယ်ဆိုတဲ့အချက်ကို ယောဟန်က သိရှိနားလည်သဘောပေါက်ခြင်းပါပဲ။
ယောဟန်က - “ကိုယ်တော်သည် တိုးတက်ရမည်၊ ငါမူကားဆုတ်ယုတ်ရမည်။” ဆိုသောစကားလုံးက ပြောရန်လွယ်သယောင် ရှိနေသော်ငြားလည်း၊ လက်တွေ့ဘဝနဲ့ တစ်ထပ်တည်းကျရန် ခက်ခဲသော သဘောထားတစ်ခုကို ယောဟန်က ပြည့်ဝသော စိတ်နေ သဘောထား အဖြစ်၊ မုဒိတာပွားနိုင်သော ယောဟန်ရဲ့ နိပ့်ချပွင့်လင်း၊ ဖြူစင်သော အတွင်းမနောကို ဖော်ပြပေးထားတယ်။
*ဘုရားသခင်၏ အလိုတော်ကို ပြည့်စုံစေသောသူက အမှန်တကယ်၊ စစ်မှန်သော ဝမ်းမြောက်ခြင်းရရှိတယ်ဆိုတာ ယောဟန်က သက်သေပါ။
*ယောဟန်ကသူရဲ့ ထင်ရှားကျော်ကြားလာခြင်းကြောင့် ဝမ်းသာဝမ်းမြောက်ခြင်း မဟုတ်ဘဲ ခရစ်တော်ကို လူများ ကသိမြင်လာခြင်းကြောင့်သာ ဝမ်းမြောက်ခြင်းဖြစ်ကြောင်းဖော်ပြထားခြင်းပါ။
*ဒါ့ပြင် ကျော်ကြားခြင်းနောက်လိုက်ခြင်းမဟုတ်ဘဲ၊ဘုရားသခင်ပေးအပ်ထားသော တာဝန်ကိုသစ္စာရှိစွာ ဆောင်ရွက်မှသာလျင် အမှန်တကယ် ဝမ်းမြောက်ခြင်း ရရှိတယ်ဆိုတာ ယောဟန်ရဲ့ သက်သေပါ။
*စစ်မှန်သောနှိမ့်ချခြင်းက ခရစ်တော်အတွက်လမ်းဖွင့်ပေးတယ်။ဒီအတွက် ယောဟန်ရဲ့နှိမ့်ချခြင်းကဟန်ပြမဟုတ်၊ စံပြပါနော်။ အမြင့်မားသော အတ္တသည် ကျေးဇူးတော်ကို တားဆီးသော်လည်း နှိမ့်ချမှုက ကျေးဇူးတော်ကို ဖိတ်ခေါ်ခြင်းပါ။
ဒီအတွက် မိမိရဲ့နှိမ့်ချမှုက ခရစ်တော်သာ ဗဟို ဖြစ်ရမယ်။ ခရစ်တော်က မိမိရဲ့ဗဟို/ ခရစ်တော်က မိမိရဲ့စံဖြစ်မနေဘူးဆိုရင် မိမိရဲ့နှိမ့်ချခြင်းက အခြေအနေတစ်ခု၊ နေရာတစ်ခု၊ အချိန်တစ်ခု၊ အတွက်သာဖြစ်နေပါလိမ့်မယ်။ ဒီလိုဖြစ်နေရခြင်းရဲ့ အကြောင်းအရင်းက အကျိုးလိုလို့ပါ၊ ဒါကြောင့် မိမိရဲ့နှိမ့်ချခြင်းက ဟန်ပြဖြစ်မနေဘဲ၊ စံပြဖြစ်နေရင် အမှန်တကယ်၊ စစ်မှန်သော ပျော်ရွှင်မှုရရှိမှာပါ။ ယောဟန်ကဲ့သို့ မိမိကိုယ်ကို မဟုတ်ဘဲ၊ ခရစ်တော်ကိုသာ ညွှန်ပြပေးနေသောသူ ဖြစ်နေပါက ကျွန်ုပ်တို့မှာ အခက်ခဲ၊ ပြသနာ၊ တွေ ရှိနေရင်တောင် အတွင်းစိတ်မှာ ပျော်ရွင်ကျေနပ်မှု နှင့် အတားအဆီးတွေကို ကြောက်ရွံ့မှုမရှိ၊ ရင်ဆိုင်နိုင်ရန် ခွန်းအားအပြည့် ဘုရားထံမှ သွန်းလောင်းပေးနေတာကို မမေ့နဲ့နော်။