Matthew 13: 31 - 35
Reflection by Fr. Paschal Thikoshin, SDB
Posted By Sr. Maria Ni Ni, MSP
ဇူလိုင် ၂၈ ရက်၊ တနင်္လာနေ့
ဧဝံဂေလိကျမ်းစာထဲမှာ သခင်ခရစ်တော်က ကောင်းကင်နိုင်ငံတော်အကြောင်းကို မုန်ညင်းစေ့ တစ်စေ့နဲ့ ခိုင်းနှိုင်းဟောကြားတော်မူပါသည်။ မုန်ညင်းစေ့ဥပမာလေးကို မရှင်းပြခင် ပုံပြင်လေးတစ်ပုဒ် အရင် ပြောပြချင်ပါသည်။ တစ်ခါမှာ လူတစ်ယောက်က အိပ်မက်တစ်ခုမက်လေသည်။ သူ့အိပ်မက်ထဲမှာ သိကြားတမန်တစ်ပါးက စတိုးဆိုင်တစ် ခုမှာ ဈေးရောင်နေသည်။ “ခင်များ ဘာတွေရောင်းနေတာလဲ” မေးတဲ့အခါမှာ “ကြိုက်တာပြောရတယ်။ ရောင်းပေးနိုင်တယ်” သိကြားတမန်က ပြန်ဖြေသည်။ “ကောင်းပြီ၊ ဒါဆိုရင် စစ်ဖြစ်နေတဲ့ နေရာတွေအတွက် ငြိမ်းချမ်းခြင်းကို ပေးပါ။ ရောဂါကပ်ဆိုက်နေတဲ့ ကမ္ဘာကြီးအတွက် အမြန်ဆုံးပျောက်ကင်းနိုင်မယ့်ဆေးကို ရောင်းပေးပါ” ။ သိကြားတမန်က ကြားဖြတ်ပြီး "ခဏလေး၊ ခဏလေး ခင်များက ကျုပ်ပြောနေတာ နားမလည်ဘူးထင်တယ်။ ဒီဆိုင်မှာ ရောင်းတာတွေက အသင့် ရယ်ဒီမိတ်တွေမဟုတ်ဘူး။ ကိုယ်တိုင်လုပ်ကိုင်ကြဲပျိုးရမယ့် မျိုးစေ့တွေပဲ ရောင်းတာ" ဟု ပြန်ဖြေလိုက်ပါသည်။
အထက်ပါ ပုံပြင်ထဲကလိုပဲ ဘုရားသခင်ရဲ့ ကောင်းကင်နိုင်ငံတော်ဆိုတာ အသင့်ထုတ်ပိုးပြီးသား အရာတစ်ခု မဟုတ် ဘူး။ ဖြေးဖြေးချင်းနဲ့ စတင်ရသည်။ မထင်မရှားနဲ့ တခါတလေမှာ ကွယ်ပျောက်နေတတ်သည်။ မျိုးစေ့တစ်စေ့လို မြေပေါ်ကျ ပြီး နာကျင်မှုတွေနဲ့ ထိုးဖောက်ရှင်သန် ကြီးထွားလာတာမျိုးဖြစ်ပါသည်။ မုန်ညင်းစေ့လေးကို ကြည့်လိုက်ရင် အစေ့တကာ ထဲမှာ အသေးဆုံးပါ။ သို့သော် ကြီးထွားလာတဲ့အခါမှာ ငှက်တွေတွေနားနေနိုင်သည့် အပင်ဖြစ်လာသည်။ ထို့ကြောင့် ငယ်ပေမဲ့ လျှော့တွက်လို့မရဘူး။ ငယ်သော်လည်း အစွမ်းရှိသည်။ မမြင်နိုင်သည့်အစွမ်းတွေ၊ မတွေ့သည့် ဖြစ်တည်စွမ်းတွေ ရှိသည်။ အရာရာတိုင်းကို အသေးအမွှားလေးတွေနဲ့ပဲ စရသည်။ ပထမခြေလှမ်းက အရေးကြီးပါသည်။ မိုင်ထောင်ချီတဲ့ဝေးသော ခရီးကို ခြေတစ်လှမ်းနဲ့ အစပြုတယ်စကားကို ကြားဖူးကြမည်ပင်။ ခရီးရှည်ကြီးတစ်ခုကို ခြေတစ်လှမ်းနဲ့အစပြုသကဲ့သို့ အောင်မြင်သော ဘဝတစ်ခုကို ရုန်းကန်ခြင်းသေးသေးလေးတွေနှင့် စတင်ရပေသည်။