Untitled Document
Untitled Document
Untitled Document
ဝတၳဳ
“ရိုးစင်းသောမေတ္တာ”

အခန်း(၁)

          လှေကားရင်းတွင်ဖိနပ်ကိုမနိုင့်တနိုင်ချွတ်နေသောခင်ပွန်းသည်ကိုကြည့်ပြီး ဒေါ်ဇူဇန်စိတ်ပျက်နေမိသည်။ ဖိနပ်ချွတ်ပြီးသည်နှင့် အိမ်ထဲသို့ဒယိမ်းဒယိုင်ဝင်လာပြီး အာလေးလျှာလေးသံဖြင့်

 

“ဇူဇန် ငါ့ကိုထမင်းခူးပေး၊ ထမင်းစားမယ်..”

“ရှင့်အတွက် ခူးပြီးသားပဲ၊ ကိုယ့်ဘာသာဝင်စားပေါ့..”

“ဘာကွ.. မင်းကများငါ့ကို ပြန်ခံပြောစရာလား.. ငါ့အနားလာထိုင်စမ်း..”

“မထိုင်နိုင်ဘူးရှင့်.. ရှင့်ဘေးမှာ ဝန်းရံစေချင်ရင် ထမင်းစားချိန်ပြန်လာ..”

“မင်းကိုယူထားတာ ငါ့ကိုအဖေါ်ပြုဖို့အတွက်ပဲ.. လာစမ်းငါ့အနားလာထိုင်...”

“ အဟွန့် .. ကျွန်မရှင့်ကိုလက်ထပ်တာက အရက်သမားမယားဖြစ်ဖို့မဟုတ်ဘူး..ကိုဗင့်ဆင့်.. ရှင့်အနား.. ကျွန်မ မလာနိုင်ဘူး။”

“တယ်.. ဒီမိန်းမ... ငါရိုက်လိုက်ရ....”

မိမိကိုယ်ကိုပင် မနည်းထိန်းယူနေရသောအခြေအနေတွင် ဇနီးဖြစ်သူကို ရိုက်ရန်လက်ရွယ်လိုက်သဖြင့် ယိမ်းယိုင်သွားသော သူ့ကိုကြည့်ပြီး ဒေါ်ဇူဇန်မှာ စိတ်ဆိုးသော်လည်း ပြုံးမိသွားခဲ့ရလေသည်။

မိမိ၏ချစ်တတ်သည့်နှလုံးသားမှ ပျော့ညံ့သည့်စိတ်ထားများကြောင့် ခင်ပွန်းသည်၏အနိုင်ကျင့်ခြင်းကို ခံလာရသည်မှာ သားသမီးတစ်သက်ပင်ရှိတော့မည်။ ယနေ့ညတွင် ဆက်၍ပျော့ညံ့နေရန်မဖြစ်တော့။ သားသမီးများသည်လည်း ဖခင်အရက်သမားကြောင့် ပါတ်ဝန်းကျင်တွင် မျက်နှာငယ်ခဲ့ရသကဲ့သို့ မိမိသည်လည်း အရှက်ကွဲခဲ့ရပေါင်းလည်းမနည်းတော့။

ဦးဗင်းဆင့်သည် မိမိမူးပြီးပြန်လာတိုင်း ပျာပျာသလဲဖြင့် လာတွဲကူတတ်သောဇနီးသည်မှာ ယနေ့ညတွင် မျက်နှာထားတင်းနေခြင်းအတွက် အံ့ဩနေမိသည်။ ထိုကဲ့သို့လာမကြိုလျှင် မိသားစုကိုရစ်ပြီး ရန်ရှာတတ်သည်ကို သိလျှက်နှင့် မိမိကို စိန်ခေါ်နေသည်လားဟူ၍ တွေးမိပြီး သွေးတိုးစမ်းသည့်အနေဖြင့်

“ဇူဇန်.. မင်းငါ့အနား တကယ်လာမထိုင်ဘူးလား..”

ဒေါ်ဇူဇန်မှာ ဆက်တီခုံပေါ် ခြေချိတ်ထားပြီး

“ ရှင်နဲ့အတူထိုင်ဖို့ အလိုရှိရင် ဘာလို့ထမင်းစားချိန်မှာ ပြန်မလာတာလဲ။ ခုဘယ်အချိန်ရှိပြီလဲ..”

“မင်း.. မင်း.. အသစ်တွေ့လို့.. ငါ့ကို ဒီလိုပြောရဲတာပေါ့.. ငါမရှိတဲ့အချိန် လင်ငယ်နေနေတာမဟုတ်လား.”

ဒေါသနှင့်မနာလိုခြင်းကြောင့် မူးလာသည့်အရှိန်ပျောက်ကာ ဇနီးသည်၏လည်မျိုကိုညှစ်ရန်ပြင်စဉ်..

“အဖေ... အမေကို မထိနဲ့”

“အဖေ.. မှားမယ်နော”

သားနှင့်သမီး၏အော်သံကြောင့် လှည့်ကြည့်ရာ မိမိကိုမကျေနပ်သည့် ရန်လိုသည့်အကြည့်ကို တွေ့ရာ

“မင်းတို့က ဘာအားကိုးနဲ့ ငါ့ကိုအာခံချင်ရတာလဲ။ မင်းတို့အမေက ငါ့ကိုကလန်ကဆန်လုပ်တယ်။ မင်းတို့ကငါ့ကိုအော်တယ်။ မင်းတို့ကို ငါအကုန်သတ်ပစ်မယ်။”

ဇနီးသည်၏လည်မျိုကိုညှစ်နေသည့်လက်ကိုဖြည်ပြီး သားနှင့်သမီးဆီသို့ ရန်မူရန်သွားသော ခင်ပွန်းသည်၏ရှေ့သို့အမြန်ဆုံးပိတ်ရပ်ပြီး ဒူးထောက်ထိုင်ကာ

“ကိုဗင်းဆင့်.. အားလုံး ကျွန်မရဲ့အမှားပါ။ အပြစ်ပေးချင်ရင် ကျွန်မကိုပဲပေးပါ။ ရှင့်ကို အရက်သမားဘဝ ရောက်အောင် တွန်းပို့ပေးတဲ့ကျွန်မရဲ့မပြည့်စုံမှုအတွက် တောင်းပန်ပါတယ်။ ကျွန်မတို့ရဲ့ သမီးရည်းစားသက်တမ်း တလျှောက်နဲ့ အိမ်ထောင်သက်တမ်းတလျှောက်လုံးမှာ ရှင်ကျေနပ်အောင် မနေထိုင်နိုင်ခဲ့တာတွေအတွက် ဒီနေ့ ရှင့်ကိုကျွန်မတောင်းပန်ပါတယ်။ ခွင့်လွတ်ပါ..ကိုဗင်းဆင့် ရှင်က ကျွန်မမြတ်နိုးရာဖြစ်သလို သားသမီး တို့မှီခိုအားကိုးရာတံတိုင်းကြီးပါ။”

ဖခင်ဖြစ်သူ၏ခြေသံကိုဖက်ပြီး ငိုယိုကာတောင်းပန်နေသောမိခင်ဖြစ်သူကြောင့် သားနှင့်သမီးတို့သည်လည်း ဖခင်ရှေ့ဒူးထောက်ကာ “ဖေဖေ့ကို အော်မိတဲ့အတွက် သားတို့ကိုခွင့်လွတ်ပါဖေဖေ.. မေမေနဲ့ဖေဖေ သားတို့မလိုချင်တော့ပါဘူး။ ချစ်နေကြတာကိုပဲ မြင်ချင်ပါတယ်။”

“ ဟုတ်ပါတယ်အဖေ.. အရက်မသောက်တော့ဘဲ.. အဖေနဲ့အမေနဲ့ သားနဲ့သမီးတို့နဲ့ ချစ်ချစ်ခင်ခင် နေကြရအောင်လား‌အဖေ.. သမီးတို့ငယ်ငယ်တုန်းက ရှိခဲ့တဲ့ချစ်ခင်စည်းလုံးတဲ့မိသားစုကို ပြန်လိုချင်တယအဖေ”

ထင်မှတ်မထားသော အပြုအမူများကြောင့် ဦးဗင်းဆင့်မှာ မှင်တက်သွားရကာ သတိဝင်သောအခါ သူတို့ကြားတွင် ဒူးတုတ်ထိုင်လျှက် ရှိုက်ကြီးတငင် ငိုချမိလေတော့သည်။ မိမိကို ဖက်ထားကြ၍ ငိုကြွေးကြသော သူတို့၏အကြားတွင် ဦးဗင်းဆင့်မှာ ကလေးတစ်ဦးပမာ နှစ်သိမ့်ခြင်းခံနေရလေတော့သည်။

အခန်း (၂)

 

ညအချိန်မူး၍ မနက်အိပ်ရာထလျှင် တန်ပြန်ဟုဆိုက တစ်ခွက် တစ်ဖလား ပြန်မော့တတ်သော ဦးဗင်းဆင့်မှာ ဤမနက်တွင် မိမိ၏ရှေ့မှာရှိသောအရက်ပုလင်းကို ငူငူကြီးစိုက်ကြည့်ကာ ခေါင်းကိုယမ်းလိုက်ပြီး အရက်ပုလင်းနှင့်ခွက်ကိုယူပြီး ခြံတောင့်သို့အားနှင့်ပစ်လိုက်ကာ

“မင်းကို ငါမသောက်တော့ဘူး။ မင်းကြောင့် ငါ့မိသားစု ဒုက္ခရောက်ရတယ်.. မင်းကြောင့် ငါ့အသဲတွေ အဆိပ်သင့်ခဲ့ရတယ်ကွ....အား...”

အရူးတစ်ယောက်ပမာ အော်ဟစ်နေသော ခင်ပွန်းသည်ကိုကြည့်ပြီး ဒေါ်ဇူဇန်မှာ မျက်ရည်ဝဲနေမိသည်။ ယောက်ယက်ခတ်နေသောသူ့ကို ပြေးဖက်လိုက်ပြီး

“ကိုဗင့်းဆင့် .. ရှင်တကယ်ပြောတာနော.. ရှင်အရက်ပြတ်အောင် ကျွန်မတို့ကူညီပေးမယ်..”

“ဇူဇန်ရယ်.. ငါ့ကိုခွင့်လွတ်ပါ။ ငါ့မှာလေ အနစ်နာခံ.. အနွံတာခံပြီး ချစ်နေတဲ့ဇနီးသည်ရတနာတုံးကြီးကို ဘေးဖယ်ပြီး အရက်ကိုစွဲလမ်းနေတယ်။ အရွယ်ရောက်နေတဲ့ သားနဲ့သမီးကို ဉပေက္ခာပြုပြီး အရက်သမားဘဝကို နှစ်ခြိုက်ခဲ့တယ်။ ငါ.. ငါ ဒီနေ့ကစပြီး အရက်မသောက်တော့ဘူး။ ရုံးပုံမှန် ပြန်တက်ပြီး အလုပ်ကြိုးစားတော့မယ်။”

“ကျေးဇူးတင်ပါတယ် ကိုဗင်းဆင့်ရယ်... ကျွန်မတို့က လက်ထပ်ခြင်းဆိုတဲ့သစ္စာတရားထက် ချစ်ခြင်းဆိုတဲ့မေတ္တာတရားနဲ့တည်ဆောက်ထားတဲ့အိမ်ထောင်စုပါရှင်ရယ်....”

“ဇူဇန်ရယ် မေတ္တာတရားကြီးမားတဲ့မင်းကို ငါရက်စက်မိတယ်ကွာ”

“ပြီးတာတွေ ပြီးပါစေတော့..ရှင်ရယ်.. လာကိုဗင်းဆင့် မနက်စာစားရအောင်.. သားနဲ့သမီးက ကျူရှင်သွားနေကြပြီ။”

ခင်ပွန်းသည်၏လက်ကိုဆွဲပြီး ထမင်းစားပွဲတွင်ဝင်ထိုင်ကာ ခူးခပ်ပေးပြီး

“ဒါ ရှင်ကြိုက်တဲ့ ကြက်အသည်းအမြစ်.. ဒါကမြေပဲခရမ်းချဉ်သီးချက်”

ပြောရင်းတယုတယနှင့် ဟင်းခူးပေးနေသောဇနီးသည်ကိုငေးကြည့်နေမိသည်။ ဇနီးသည်မှ

“ကိုဗင်းဆင့်စားလေ.. ငါကြည့်နေတာလဲ.”

“ငါတို့အိမ်ထောင်သက်က (၂၀)နီးပါးရှိနေပေမဲ့ မင်းကလှတုန်းနော”

“ကျွန်မလှနေတုန်းဆိုတာ ခုမှသိတာလားရှင်ရယ်.. ရှင်ကျွန်မကိုပစ်ပြီး နောက်တစ်ယောက်နဲ့ပါသွားမှာ စိုးလို့ ထိန်းထားတာ”

“ ဇူဇန်.. ငါ့အရက်တွေမူးပြီး မင်းကိုရန်ရှာတာတောင် ငါ့ကိုစိတ်မပျက်ဘူးလား။”

“ဟင့်အင်း”

“ကျေးဇူးတင်ပါတယ်မိန်းမ.. ငါနောင်တ အချိန်မှီပါတယ်နော်”

“အင်းပါ.. စားပါတော့.. ကျွန်မလည်းစားတော့မယ်။ အင့်.. ပါးစပ်ဟ.. ခွံ့ကျွေးမယ်။”

ဇနီးမောင်နှံနှစ်ဦး၏ထမင်းစားဝိုင်းသည် ကြင်စဦးမောင်နှံပမာ ချစ်ခြင်းမေတ္တာများနှင့် နားလည်မှုများနှင့် ထုံမှုန်း၍ထားသကဲ့သို့ ဖြစ်နေလေတော့သည်။

 အခန်း(၃)

 

“အမေရေ.. အမေ.. အဖေရှိလား...”

အမောတကောနှင့်ပြေးဝင်လာသောသမီးဖြစ်သူကြောင့် ဧည့်ခန်းတွင် စာစောင်ဖတ်နေသော ဦးဗင်းဆင့်မှာ စာစောင်ကိုဘေးချပြီး

“သမီးရယ်.. စောစောစီးစီး ဘာဖြစ်တာတုန်း”

“အဖေနော.. ဒီနေ့ဆယ်တန်းအောင်စာရင်းထွက်တာ မသိဘူးလား။”

မိခင်ဖြစ်သူမှာ ချက်ပြုတ်နေရာမှထွက်လာပြီး “သမီးအောင်တယ်မဟုတ်လား။”

“အောင်တာပေါ့အမေ့သမီးပဲလေ.. ဂုဏ်ထူးက နှစ်ဘာသာ”

“အွန်.. အမေ့သမီးပဲလား.. အဖေမပါဘူးလား...”

“ဟင်း... ဟင်း....ဟင်း... အဖေကလည်း အဖေနဲ့အမေက နှစ်ယောက်မဟုတ်ဘူးလေ... နှစ်ကိုယ်တစ်စိတ် တဲ့. ဘုရားစကားသင်ပေးတဲ့စစ္စတာရ်တွေသင်ပေးထားတယ်။ အဖေပဲပြောပြော အမေပဲပြောပြော အတူတူပဲပေါ့.”

“ဟုတ်ကဲ့ပါ.. လူလည်မလေး.. ကဲပြော ဘယ်တက္ကသိုလ်တက်ဖို့ စဉ်းစားထားလဲ။”

“အစ်ကိုရှိတဲ့နည်းပညာတက္ကသိုလ်တက်မယ်။ သမီးလည်းအင်ဂျင်နီယာဖြစ်ရင် အဖေတို့ပိုဂုဏ်တက်မှာ ပေါ့..”

“အင်း.. အဖေတို့အတွက်ကြောင့် ဒီတက္ကသိုလ်တက်တာပေါ့.. သမီးအတွက်မပါဘူးလား...”

“အွန် အဖေကလည်း သမီးလည်းဝါသနာပါလို့ပါ။”

“အင်းပါ.. ဒီလောကီပညာတွေထက် အဖေ့သားနဲ့ သမီးတို့လိမ္မာရင် အဖေတို့ပိုဂုဏ်တက်မှာပါ။”

“ဒါတော့စိတ်ချအဖေ.. အဖေနဲ့အမေသာ အမြဲတမ်းချစ်ကြမယ်ဆိုရင် သားနဲ့သမီးကအလိုလိုလိမ္မာပြီးသား.”

“ဪ.. သား နိုးလာပြီလား။ မင်းအမေကိုချစ်လို့ အဖေယူထားတာပါ။ အပေါင်းအသင်းခုံမင်မိတာကြောင့် အပြင်ရောက်သွားရတာပါ။”

မိခင်ဖြစ်သူမှာ သားနဲ့ဖခင်တို့ကိုကြည့်ပြီး

“ ကဲ... လာကြ မနက်စာစားရအောင်... သမီးအောင်မယ်ဆိုတာ သိပြီးသားမို့.. ဂုဏ်ပြုမနက်စာကို ကြက်တစ်ကောင်ပေါ်ထားပြီးသား... လာ..”

“အင်း... အစ်ကိုညီမက အစ်ကိုခြေရာလိုက်နိုင်ခဲ့တယ်။ Congratulations! ငါ့ညီမ... “

“ကျေးဇူးအစ်ကို... မနက်စာစားရအောင်...”

အစ်ကိုဖြစ်သူ၏ခါးကိုလှမ်းဖက်ပြီး ထမင်းစားခန်းထဲလှမ်းဝင်သွားသော မောင်နှမနှစ်ဦးကိုကြည့်ပြီး ဦးဗင်းဆင့်မှာ ကျေနပ်ပီသဖြာလျှက်...

 အခန်း (၄)

 

            “ညီမလေး... အဲဒီ တူးတူးဆိုတဲ့ကောင်နဲ့ ငါ့ညီမတွဲနေတာ အစ်ကိုမကြိုက်ဘူးကွာ...”

            “Propose လုပ်ထားတာပဲရှိတာပါ.. အစ်ကိုရာ.. ညီမမကြိုက်ပါဘူး။”

            “မညာချင်ပါနဲ့မရိုစီရယ်... မိန်းကလေးတစ်ယောက်ရဲ့ရင်ထဲမှာဘာရှိလဲဆိုတာ အစ်ကိုတို့ယောကျာ်းလေး တွေအကုန်ဖတ်တတ်တယ်။ အဲလိုပဲ တူးတူးအပေါ်မှာထားတဲ့ညီမလေးရဲ့သဘောထားကိုလည်း အစ်ကိုသိပါတယ်ကွာ..”

            “အွန့်... ကိုတူးတူးကဘာဖြစ်နေလို့ အစ်ကိုမကြိုက်ရတာလဲ။”

            “အဲကောင်က ကျောင်းမှာကင်းမဟုတ်လား။ ပျိုတိုင်းကြိုက်တဲ့နှင်းဆီလေ.. ငါ့ညီမခံစားရမှာ မလိုချင်လို့ပါ။”

ရိုစီမှာ သက်ပြင်းချပြီး “ဟား..... ညီမသိတာပေါ့.. ဒါကြောင်ချစ်ပေမယ့် အဖြေမပေးရဲတာပါ။”

            “ရိုစီ.. တကယ်.. ကိုယ့်ကိုချစ်တယ်။.... ဟား... ဝမ်းသာလိုက်တာ... ကျေးဇူးပဲကိုမိုးဇက်...”

            “ဟင်”

ရုတ်တရက် သစ်ပင်နောက်မှထွက်လာသောသူ့ကြောင့် အစ်ကိုဖြစ်သူကိုတလှည့် သူ့ကိုတလှည့်ကြည့်မိရာ အစ်ကိုဖြစ်သူမှာ မျက်စိတဘက်မှိတ် လက်ပြပြီးထသွားရန်ဟန်ပြင်သောကြောင့် ထိုင်နေရာမှအမြန်ထပြီး အစ်ကို၏လက်ကို ဆွဲကာ ပြန်ထိုင်စေပြီး..

            “အစ်ကို... ဒါဘာလုပ်တာလဲ။... ကိုယ်ညီမကို အောင်တွယ်လုပ်ပေးစရာလား”

            “ကိုမိုးဇက်ကို အပြစ်မတင်ပါနဲ့ရိုစီရယ်.. ကျွန်တော်တောင်းပန်လွန်းလို့ ရိုစီရဲ့ခံစားချက်တွေ ပွင့်အန်ထွက် လာအောင် သူကူညီပေးတာပါ။”

            “အင်းလေ.. တူးတူးက “ကင်း”ဆိုပေမယ့် မရှုပ်မပွေဘဲ ညီမကိုပဲစွဲချစ်နေတာ အစ်ကိုသိလို့ ကိုယ်ချင်းစာပြီး ကူညီပေးတာပါ။ စိတ်မဆိုးပါနဲ့ညီမရယ်...”

            “ဟင့်အင်း... အဖေ့ကိုပြန်တိုင်မယ်”

            “ဟား..ဟား..ဟား.. ပြန်တိုင်ရဲရင် အစ်ကိုလည်းခံရဲပါတယ်။”

            “သွား.. သွား.. အစ်ကိုမကောင်းဘူး။”

အစ်ကိုဖြစ်သူ၏ကျောကုန်းကို တဘုန်းဘုန်းနှင့်ထုပြီးပြောနေသော ညီမ၏လက်ကိုဖမ်းဆုတ်ပြီး

            “ခုတော့ နှင်ပြီပေါ့၊ တူးတူးရေ..ညီမကိုထားခဲ့ပြီနော.. မင်းကြောင့် ငါ့ညီမခံစားရရင် မင်းနာမယ်နော..”

            “စိတ်ချ၊ ကိုမိုးဇက်ရေ... တစ်မိုးအောက်မှာ တစ်ယောက်ဆိုသလို ခင်ဗျားညီမကိုချစ်တာပါဗျာ..”

            “ဟာ.... ရှက်တယ်ကွာ...”

ရိုစီမှာ မျက်နှာကိုလက်ဝါးနှင့်ကွယ်ပြီး ပြေးထွက်လေတော့သည်။ ကျန်ခဲ့သောသူတို့နှစ်ဦးမှာ သဘောကျစွာ ရယ်မောလျှက်....

 အခန်း (၅)

 

ဦးဗင်းဆင့်မှာ တုန်ရီနေသောဇနီးသည်၏လက်ကိုအုပ်မိုးပြီး ဂျူဘီလီကိတ်ကိုအတူခွဲလိုက်လေသည်။ တဖြောင်းဖြောင်းသောလက်ခုပ်သံနှင့်အတူ

“အဖေနဲ့အမေတို့ရဲ့အိမ်ထောင်သက် ငွေဂျူဘီလီမှသည် ရွှေ၊စိန်ဂျူဘီလီပေါင်းများစွာတိုင်အောင် အတူလက်တွဲခိုင်မြဲပါစေလို့..”

သားနှင့်သမီးတို့နှင့် သူတို့၏ချစ်သူများ၏တပြိုင်တည်းဆုတောင်းပေးသံများကြောင့် မိဘနှစ်ပါးမှာပြုံးပြီး

“ပေးတဲ့ဆုနဲ့ပြည့်ပါစေကွယ်..”

ကိတ်မုန့်ကို ပန်းကန်ငယ်တွင်ခွဲထည့်လိုက်ပြီး ဇနီးသည်ကိုခွံ့ကျွေးလိုက်လေသည်။ တယ်လီဖုန်းလေးနှင့် ဗီဒီယိုရိုက်နေသားကြီးကိုခွံ့ကျွေးကာ သမီးငယ်လေး၏ချစ်သူကိုလည်း ခွံ့ကျွေးသောကြောင့် ဒေါ်ဇူဇန်မှာလည်း အားကျမခံ သမီးငယ်နှင့် သား၏ချစ်သူကိုလည်းခွံ့ကျွေးလိုက်လေသည်။ ရယ်မောသံများဖြင့် ပြည့်လျှံသော အိမ်ထောင်စုတွင် မင်္ဂလာအပေါင်းနှင့်ခညောင်းလျှက်..

သားနှင့်သမီးတို့မှလည်း မိဘနှစ်ပါးအတွက် ပြင်ဆင်ထားသောလက်ဆောင်များကိုပေးပြီး

“အဖေတို့ အိမ်ထောင်သက်တမ်း (၅၀)မှ ပွဲကြီးကျင်းပပေးမယ်နော.. ခုတော့တိုးတိုးတိတ်တိတ်ပေါ့။”

“အွန်... မစ္ဆားတောင်းတယ်၊ ဘုန်းကြီးဆွမ်းပို့တယ်။ သားနဲ့သမီးတို့ရှိတယ်။ မိသားစုဝင်ဖြစ်လာမဲ့ သားနှင့်သမီးတို့လည်းပါတယ်။ ဒါကကြီးကျယ်ပြီလေ.. ဘာလိုသေးလို့လဲနော..ကိုဗင်းဆင့်.”

သားဖြစ်သူမှ

“သားတို့သာ ကျောင်းပြီးရင် မင်္ဂလာပွဲသုံးပွဲဖြစ်မှာနော...”

“အင်း... ဒါပေမယ့်.. သမီးတော့ အိမ်ထောင်မကျချင်သေးဘူး။

“အိမ်ထောင်မပြုချင်သေးဘူးလိုပြောပြီး... အရင်စည်းမကျော်ကြနဲ့နော...”

“ဟာ.. အမေကလဲ...”

“ဟုတ်တယ်.. သားနဲ့သမီးတို့ရော အဖေတို့ကတစ်ယောက်နဲ့တစ်ယောက်မြတ်မြတ်နိုးနိုးနဲ့ ဖြူဖြူစင်စင်နဲ့ ချစ်ကြတာနော.. လက်ထပ်ခြင်းစက္ကရာ့မင့်မင်္ဂလာကိုလည်း ထိုက်ထိုက်တန်တန်ခံယူခဲ့ကြတာ... သားနဲ့သမီးတို့လည်း ဒီအတိုင်းဖြစ်စေချင်တယ်..”

“စိတ်ချ အန်တီ.. ကျွန်တော်တို့က နည်းပညာတိုးတက်တဲ့ခေတ်မှာ ကြီးပြင်းလာပေမယ့် ဘာသာတရားရဲ့ သွန်သင်မှုအောက်မှာလည်း ကြီးပြင်းလာတဲ့သူတွေပါ။ အန်တီ.. အန်ကယ်တို့လို ကျွန်တော်တို့လည်း ကိုယ့်သားသမီးတွေကို ကြွားပြီးဂုဏ်ယူစွာပြောနိုင်အောင် လက်ထပ်ခြင်းစက္ကရာမင့်မင်္ဂလာကို အထိုက်တန်ဆုံး ခံယူမှာပါ..”

“ကိုတူးတူးနော... မရှက်ဘူးလား...”

“ရှက်စရာမဟုတ်ပါဘူးသမီးရယ်.. အမေတို့က ပွင့်လင်းတဲ့မိသားစုတွေမဟုတ်လား။ ဒါနဲ့သားတို့အတွဲရော..”

“အတူတူပဲပေါ့အမေရာ...”

ထိုစဉ်ဦးဗင်းဆင့်မှာ “ဒါနဲ့ သားတော့အစောကဆုတောင်းပေးတာ စိန်ဂျူဘီလီအထိနော..”

“ဟုတ်.. အဖေ.. ဘာဖြစ်လို့လဲ။...”

“ဟား..ဟား..ဟား.. အဲဒီအရွယ်ထိဆိုရင် အဖေနဲ့မင်းတို့အမေ ငယ်မူပြန်ပြီး ကလေးလို အိပ်ရာထက်မှာ ရှူးရှူးပေါက်ချ၊ အီးအီးပါချမလားမသိလို့.. မြင်ယောင်မိတာပါ။”

“ကိုဗင်းဆင့်နော.. ဘာတွေလျှောက်ပြောနေတာလဲ။”

သားနှင့်သမီးတို့၏ရယ်မောသံများကြားမှ သားမိုးဇက်က

“အမေတို့ ဘယ်လိုပဲဖြစ်နေနေ.... သားနဲ့သမီးတို့အတွက်ရှိနေပေးဖို့ပဲလိုတာပါ။ ဒါကြောင့်မို့ အဖေနဲ့အမေ အသက်ရှည်ရှည်နေပေးကြပါလို့နော်..”

ပြောရင်းမိဘနှစ်ပါးကို ထိုင်ကန်တော့သောသူတို့ကြောင့် မိဘနှစ်ပါးမှာ ဝမ်းသာလွန်း၍မျက်ရည်များဝဲလျှက် ဆုပေးနေလေတော့သည်။ ဖခင်ဖြစ်သူမှ

“သားနဲ့သမီးတို့ရေ... မင်းတို့ရှေ့မှာ မင်းတို့အမေကို အဖေတစ်ခုတောင်းဆိုချင်တယ်....”

“ ဟုတ်ကဲ့အဖေ... အမေလိုက်လျောဖို့ သားတို့တိုက်တွန်းပေးမယ်..”

“အဖေတို့ သမီးရည်းစားဘဝနဲ့သားနဲ့သမီးတို့ ငယ်ငယ်တုန်းက သားတို့အမေက အဖေ့ကို နာမ်စားတစ်မျိုးနဲ့ခေါ်တယ်ကွာ... အဖေအရက်သမားဖြစ်သွားတော့ ကိုဗင်းဆင့်ဆိုပြီးဖြစ်သွားရော... အခု အိမ်ထောင်သက် (၂၅)မှာ အဲဒီခေါ်သံကို အဖေပြန်ကြားချင်တယ်ကွာ...”

“ကိုဗင်းဆင့်နော ကလေးတွေရှေ့မှာ...”

“အင်း.. ဟုတ်တယ်... သားပြန်မှတ်မိပြီ.. အမေပြန်ခေါ်ပေးလိုက်ပါ။”

“သမီးတော့မသိလိုက်ဘူး။ အမေ ပြန်ခေါ်လိုက်ပါ.. အဲဒီနာမ်စားနဲ့....”

“ဟွန်း... ခုမှငယ်မူပြန်ချင်နေတယ်။ မခေါ်ပါဘူး။ ရှက်စရာကြီး...”

မျက်စောင်းလေးထိုးပြီး ခြေဆောင့်ကာထွက်သွားသောမိခင်၏အနောက်သို့ အမြန်လိုက်သွားသောဖခင်ကိုကြည့်ပြီး သားသမီးများမှာ သဘောကျစွာရယ်မောကြလေတော့သည်။

ရိုစီမှ “အစ်ကို... အမေက အဖေကိုဘယ်လိုခေါ်ကြောင်း....”

“မောင် တဲ့”

“တကယ်... ကဗျာဆန်လိုက်တာ...”

“ရိုစီလည်း ကျွန်တော်ကို မောင် လို့ခေါ်ပါလား..”

“ဟွန့် ... အတူးကြီးလို့ပဲခေါ်မှာ...”

“ဟား...ဟား...ဟား..”

ရိုးသားပွင့်လင်းကြသော အိမ်ထောင်စုတွင် ၎င်းတို့၏သားသမီးများနှင့် ချစ်သူဖြစ်ခွင့်ရကြသော သူတို့နှစ်ဦးမှာလည်း ပျော်ရွှင်ကြည်နူးစွာ ရယ်မောနေမိကြလေသည်။

ချစ်ကြသူတိုင်း အတူပေါင်းစည်းခွင့်ရကြ၍ ဘုရားရှင်၏ကောင်းကြီးတော်ကို အစဉ်ခံစားကြရကာ စည်းလုံးချစ်ခင်သောမိသားစုများတည်ဆောက်နိုင်ကြပါစေ။

နှလုံးသားဖြင့်..... မုဏ်း

ဝတၳဳ