Untitled Document
Untitled Document
Untitled Document
ဝတၳဳ
ပြန်ဆုံတဲ့တစ်နေ့/ ရှားမာန်
“ဗျို့ဆရာ.. ဘယ်သွားမလို့လဲကွ…လာပါအုံး..”
“ဗျို့ဆရာစစ်..လာကွာ.. တစ်ခွက်လောက်ချစမ်းကွာ..”
ရွာထိပ်ဇရပ်တွင်ဝိုင်းထိုင်နေသော ကာလသားတသိုက်ရဲ့လှိုက်လှဲဖော်ရွေသံများ…။ ဆရာဖရန်စစ်လည်း သူတို့အနားသို့ကပ်လာ၏။
“ဒေါ်ဌေးတို့အိမ်ခဏသွားမလို့.. သောက်ကြပါ..သောက်ကြပါ.. မင်းတို့အဖွဲ့တွေက တစ်ချိန်လုံးမှောင်နေတာပဲနော်.. နေထွက်တဲ့ရက်ရှိသေးလား….”
ဆရာဖရန်စစ်သည် ဇရပ်တွင်တင်ထားသော ရေအိုးစင်မှရေခပ်သောက်ရင်းပြန်ဖြေလိုက်သည်။
“ဒီဆရာလူပျိုကြီးကတော့.. အရက်လည်းမသောက်တတ်၊ ဖဲလည်းမရိုက်တတ်၊ ရည်းစားလည်းမထားတတ်နဲ့ကွာ.. ဆရာရေ..လူဖြစ်ရှုံးမခံနဲ့ကွ…ရော့ … ဒီမှာတစ်ခွက်လောက်မြည်းကြည့် ရီဝေဝေနဲ့ဘဝအဓိပ္ပါယ်ကို ပိုပြီးဆန်းပြားသွားစေရမယ်… ရော့”
ယိမ်းတိမ်းယိုင်တိုင်နဲ့ကမ်းလာတဲ့အရက်ခွက်ကို ဆရာဖရန်စစ်က လက်ကလေးနဲ့ကာရင်း..
“ဟေ့ဟေ့..မလုပ်နဲ့.. ငါကအရေးတကြီးကိစ္စရှိလို့သွားလိုက်အုံးမယ်”ဟုဆိုရင်း သုတ်သုတ်ကလေးထွက်သွားလေသည်။
******************
#အခန်း(၂)
ဆရာဖရန်စစ်က အလယ်တန်းပြကျောင်းဆရာလေး။ အသက် ၂၆ နှစ်အရွယ် လူပျိုလူလွတ်။ မိဘ၊ ညီအစ်ကိုမောင်နှမ မရှိ၊ တစ်ဦးတည်းသမား။ ဒါပေမဲ့ဆရာဖန်စစ်က အထီးမကျန်ခဲ့။ ကျောင်းသားကျောင်းသူများရဲ့ချစ်ခင်လေးစားမှုနဲ့ ဆရာသမားတွေရဲ့ခင်မင်အားထားယုံကြည်မှုကိုခံရသူ။ တစ်ရွာလုံးနဲ့တော့ ဆွေမကင်းမျိုးမကင်း၊ အမျိုးရင်းချာများလိုဖြစ်သည်။ ဆရာဖရန်စစ်၏ တာဝန်သိတတ်မှု၊ တာဝန်ယူတတ်မှုတွေကြောင့် အားလုံးကသူ့ကိုချစ်ခင်လေးစားကြသည်။ ဒါကြောင့်မို့ သူ့ဘဝသည် အထီးကျန်ချိန်မရှိခဲ့။ ဆရာဖရန်စစ်သည် ဘာသာရေးတွင်လည်း စိတ်အားထက်သန်စွာပါဝင်ဦးဆောင်တတ်သူလည်းဖြစ်သည်။ ဒါကြောင့် တစ်ရွာလုံးရဲ့သာရေး၊ နာရေးမှန်သမျှ ဆရာဖရန်စစ်ကို အားကိုးအားထားကြသည်။ ဆရာဖရန်စစ်သည် အနေတည်သလောက် စိတ်ရှည်သီးခံတတ်သည်။ လွယ်လွယ်နဲ့ဒေါသမထွက်တတ်။ တရွာလုံးနီးပါး လူကြီးလူငယ်များ အရက်သောက်ပျော်ပါးကြသော်လည်း ဆရာဖရန်စစ်ကိုဘယ်လိုပဲအဖော်စပ်ပါစေ ဘယ်တော့မှ မလိုက်လိုက်လျောခဲ့ပေ။ ထို့နည်းတူ ဘယ်သောအခါမှဒေါသနှင့်မတုန့်ပြန်ခဲ့။
ဒါကြောင့် ဆရာဖရန်စစ်ကို တွေ့တိုင်းအရက်သောက်ရန်ခေါ်နေကြဆဲ၊ တိုက်တွန်းနေကြဆဲ။ အပျော်တမ်းဖဲရိုက်တဲ့အချိန်ဆိုလည်း ဆရာဖရန်စစ်ကိုတွေ့လျှင် ဖိတ်ခေါ်နေကြမြဲ။
သူလာလာမလာလာ ဖော်ရွေသူများက ခေါ်ရမှာသူတို့၏သစ္စာတရားလိုဖြစ်နေတော့သည်။
ဒါပေမဲ့ ဆရာဖရန်စစ် သူတို့ခေါ်ရာကို ပါဝင်သည်များကတော့ရှိသည်။
ခြင်းလုံးခတ်၊ ဘော်လီဘောနဲ့ ကန်ဘောတွေမှာတော့ သူအားလျှင်အားသလိုပါဝင်ကစားတတ်သည်။ ဘောလုံးကန်ရာတွင် ဝါသနာပါသလောက် တော်လည်းတော်သည်။
သို့သော်လည်း ဝါသနာနဲ့တာဝန်ကိုတော့ ခွဲခြားစွာ သူကောင်းကောင်းထိန်းကျောင်းခဲ့သည်။
*******************
#အခန်း(၃)
စနေတနင်္ဂနွေ ကျောင်းပိတ်ရက်တွင် ဆရာဖရန်စစ်သည် သူ၏ဒေါ်လေးမော်အိမ်သို့ မကြာခဏသွားအိပ်တတ်သည်။ ကျောင်းစာမေးပွဲနီးလာသည့်အတွက် အလုပ်များကာ မရောက်တာကြာပြီဖြစ်သောကြောင့် ယခုတပတ်တော့သွားအိပ်မည်ဟုဆုံးဖြတ်ထားသည်။
မိဘမရှိတော့သည့်နောက်ပိုင်း ဒေါ်လေးမော်သည် သူ့အတွက်အမေတစ်ယောက်ကဲ့သို့ပင်။ ဒေါ်လေးမော်၏ယောက်ျားဆုံးပြီးနောက်ပိုင်း တစ်ဦးတည်းရှိသည့်သားပီဦးမှာ ကိုးတန်းနှင့်ကျောင်းထွက်ကာ အမေ့ကိုကူလုပ်ခဲ့ရသည်။
ဒေါ်လေးမော်လည်း သမီးမိန်းကလေးမရှိသည့်အတွက် စားဝတ်နေရေးအဆင်မပြေသော သားသမီးများသည့် ဒေါ်ကြီးအန်းရဲ့သမီးငယ်လေး ထရေဇားကိုမွေးစားကျောင်းထားခဲ့သည်။ ယခုဆိုလျှင် ထရေဇားကလေးတောင် ရှစ်တန်းရောက်နေပြီ။
ဒေါ်ကြီးအန်းမေရီ၊ ဒေါ်လေးမော်နီကားနှင့် ဆရာဖရန်စစ်၏ မိခင်ဒေါ်အာကတားတို့မှာ ညီအစ်မအရင်းများဖြစ်ကြသော်လည်း ဒေါ်မော်နီကားသည် အခြေအနေပိုကောင်းသောကြောင့် ဖရန်စစ်ကိုငယ်စဉ်ကတည်းကပင် ပြုစုစောင့်ရှောက်လာခဲ့ရသည်။
ဒေါ်ကြီးအန်း၏သားများမှာလည်း ဒေါ်လေးမော်၏အိမ်တွင် ဝင်ထွက်နေကြသည်။ အထူးသဖြင့် ပီအူးနှင့်သက်တူရွယ်တူပီတယ်တို့သည် ရပ်ရေးရွာရေး၊ သာရေးနာရေးများတွင် အားကိုးရသလောက် သောက်ဖော်သောက်ဖက်အဖြစ်မှာလည်း အတွဲညီလှသည်။
တစ်ခါတရံ ပီတယ်၏ညီ အငယ်ကောင်သောမတ်စ်လဲ ပါလာသေးသည်။ ပီအူးနှင့်ပီတယ်က ဖရန်စစ်နှင့် နှစ်နှစ်ကြီးနှစ်နှစ်ငယ်မို့ သိပ်တော့မကွာကြပါ။
ဖရန်စစ်ကကျောင်းဆရာ ဂုဏ်ရှိန်ကြောင့်ပိုနု၊ ပိုချောသလိုတော့ရှိသည်။ ရွာထဲက မိန်းမပျိုလေးများကတော့ သူတို့ရဲ့ညီအစ်ကိုများကို မျက်စိကျနေကြသည်။
ခက်တာက ပီအူးနှင့်ပီတယ်သည် အလုပ်ပြီးလျှင်အရက်ကလွဲလို့ မိန်းမပျိုလေးများကိုကြည့်ရန် ခုချိန်ထိမျက်လုံးမပွင့်သေး။ မိုးမလင်းသေးဟုပြောရမည်လား။ မိုးချုပ်နေဆဲဟုပြောရမည်လား။
ဖရန်စစ်ကတော့ မိန်းမပျိုလေးတွေ၊ ဆရာမလေးတွေ ဝိုင်းဝိုင်းလည်နေသလောက် သူ၏မျက်လုံးများသည် အမြှင့်သို့သာမျှော်ကြည့်နေတတ်သောကြောင့် အလုပ်မဖြစ်ပြန်။ အော်… အမြှင့်… အမြှင့်….
***************************
“ကိုကြီး.. ကျေးဇူးနော်.. ညီမလေး စာမေးပွဲကြီးဖြေတဲ့အခါကျရင်.. ကိုကြီးလာနေပေးရင်သိပ်ကောင်းမှာပဲ..”
“လာနေပေးလို့မရဘူးလေ ထရေဇားလေးရေ… ခုချိန်မှာ ကိုကြီးပြောပြထားသလို သေသေချာချာလေ့လာထားရင် ညီမလေး အမှတ်ကောင်းကောင်းနဲ့အောင်မှာ၊ ကိုကြီးက ရွာကကျောင်းသားတွေနဲ့အတူရှိနေရမယ်လေ။ ညီမလေးက မရှင်းတာလေးတွေကို မှတ်ထားလိုက်။ နောက်တစ်ပါတ်ကိုကြီးလာတဲ့အချိန်ပြောပြပေးမယ်။ အဲဒါပြီးရင်လာဖြစ်တော့မှာမဟုတ်ဘူး။ ဟုတ်ပြီလား.. ညီမလေး စာဆက်ကျက်တော့.. ပြီးရင်သွားအိပ်တော့နော်…”
ခေါင်းညိမ့်ထွက်သွားသော ညီမလေးကို ပြုံးပြီးကြည့်နေလိုက်သည်။
“သားရေ.. အာညောင်းနေပြီလား.. ရေနွေးကြမ်းသောက်အုံး..။ သားတို့ကျောင်းမှာစာသင်ရတာ အဆင်ပြေလား။ စာမေးပွဲကြီးပြီးရင် သားဘာလုပ်ဖို့အစီအစဉ်ရှိလဲ…”
“ဒီလိုပါဘဲဒေါ်လေးမော်ရေ.. တစ်ချို့ကျောင်းမနေနိုင်တဲ့ကလေးတွေကိုတော့ ညနေပိုင်းလေး စာသင်ပေးဖြစ်တယ်..။ အဲ့ဒီအချိန် ကောက်ရိတ်စရာကျန်သေးရင်လာကူမယ်လေ.. ။ အော်.. ဒေါ်လေးမော် ခါးက သက်သာရဲ့လား…”
“အော် …သက်သာတယ်ကွဲ့ ဆေးလိမ်းထားတာနဲ့ တအားလဲမဟုတ်လို့ ဘုရားကိုကျေးဇူးတင်ရမယ်။ ဒါနဲ့ မင်းအလုပ်ကိုပဲ ကောင်းအောင်လုပ်ပါကွယ်.. ကောက်ရိတ်တာ မင်းညီလေးတွေခါတိုင်းလည်း လာကူကြတယ်.. ”
“ဒါနဲ့ ပီအူးတစ်ယောက်တဲမှာသွားအိပ်တာလား.. တစ်နေ့လုံးသူ့ကို မတွေ့မိဘူး... ခုတောင် မနည်းမိုးချုပ်နေပြီ…”
“ခုချိန်က သူတို့ရဲ့လွတ်လပ်ချိန်လေကွယ်.. ကောက်ရိတ်ချိန်မရောက်သေးဘူးဆိုတော့ အလုပ်မရှိအကိုင်မရှိပေါ့.. ရပ်ရေးရွာရေး၊ သာရေးနာရေး အကုန်သူတို့အလုပ်။
အိမ်တောင်သိပ်မကပ်ဘူးရယ်.. သူတို့ညီအစ်ကိုတွေတော့.. ပြောမနိုင်ဆိုမနိုင်တော့ပါဘူးကွယ်… ကဲကဲဒေါ်လေးလည်း ဒီညတော့ စောစောအိပ်လိုက်တော့မယ်.. ခါးဆေးလိမ်းရအုံးမှာမိုနော်.. ”
“အော်.. ဟုတ်ကဲ့ဒေါလေး..”
ဒေါ်လေးမော်အခန်းထဲဝင်သွားပြီးအတော်ကြာတော့ အိပ်ပျော်သွားပြီထင်သည်။ ဟောက်သံတွေညံလို့..။
အော်… ပီအူး၊ ပီအူး… ဘယ်တွေလျှောက်သွားနေတယ်မသိဘူးနော်.. အရေးရယ်အကြောင်းရယ်ဆို ခက်ပီပေါ့…။
ဖရန်စစ်က သူတို့အလာကိုထိုင်စောင့်ကာ စဉ်းစားနေရင်း … ညီအစ်ကိုသုံးယောက်အိမ်ပေါ်တက်လာကြသည်။ သောမတ်စ်က ရောက်တာနှင့် ဘုရားစင်ခြေရင်းတိုးပြီးမှောက်သွားကာ မိုးလင်းထိအိပ်ပျော်သွားသည်။ ဖရန်စစ်က ရေနွေးကြမ်းဝိုင်းကို ဘေးကိုရွေ့ကာ နံရံနားကပ်ထိုင်လိုက်သည်။
“အော်.. ဆရာကြီးမအိပ်သေးဘူးလား..”
“အင်း.. ဟုတ်တယ်ကွ…မင်းတို့ထမင်းမစားသေးဘူးမို့လား…”
“အင်း.. ကိုစစ်ရေ.. မအိပ်သေးနဲ့နော်.. ထမင်းသွားစားလိုက်အုံးမယ်…စောင့်နေ”
ဆရာဖရန်စစ်လည်း သူတို့ထမင်းစားပြီးသည်အထိ သတင်းစာထိုင်ဖတ်နေလိုက်သည်။ ပီအူးနှင့်ပီတယ်တို့ စားသောက်ပြီး ညီအစ်ကိုများ ထိုင်စကားပြောနေကြသည်။
ပီတယ်ကတော့ စကားရောဖောရောလုပ်ပြီး သောမတ်စ်ဘေးနားလျှောဝင်ကာ အသာလေးအိပ်ချလိုက်သည်။
“ဒီကောင်နဲနဲများသွားတယ်ကွ..” ပီအူးကပြောသည်။ ဖရန်စစ်က..
“မင်းတို့.. အရက်တအားကြိုက်တာလားကွာ.. တော်တော်သောက်နိုင်တယ်နော်…”
“ဒါပုံမှန်အလုပ်ပဲလေကွာ.. ခုချိန်မှာ အလုပ်ဆိုလို့ဒါပဲရှိတာ.. အိမ်မှာလဲ ဘာမှလုပ်စရာမရှိတာ”
“ငါမြင်တာတော့ အလုပ်တွေရှိတယ်ကွ… ငါဆို မနက်အစောကြီးထမင်းထတည်… ရေချိုး၊ ထမင်းစား၊ ကျောင်းသွား။ ကျောင်းကပြန်လာတော့ ခဏတဖြုတ်ကစားတယ်။ ရေခပ်၊ အဝတ်လျှော်၊ ရေချိုး၊ ထမင်းစား၊ မနက်ဖြန်အတွက် သင်ရမဲ့စာတွေပြင်ဆင်၊ ပြီးရင် ညမေတ္တာဆို၊ ပုတီးစိပ်ပြီးမှ အိပ်ယာထဲဝင်ရတယ်… အပိုချိန်ကိုမရှိဘူး..”
“ဒါကတော့ မင်းက ကျောင်းဆရာကိုးကွ.. အချိန်ဆိုတာ ယူတတ်ရင်ရပါတယ်ကွာ… မင်းကိုကြည့်ရတာ အပေါင်းအသင်းမဆန့်ဘူး… ယောက်ျားပဲကွာ.. သောက်စားတဲ့အချိန်၊ အပေါင်းအသင်းတွေနဲ့နေတဲ့အချိန်က ဘာနဲ့မှလဲလို့မရဘူးကွ… မင်းက အသောက်အစားလည်းမရှိ၊ အပေါင်းအသင်းလည်းမရှိ.. တနေကုန်အချိန်ဇယားနဲ့လည်ပတ်နေတာ… စက်ရုပ်နဲ့သိပ်မထူးပါဘူးကွာ…”
“မင်းရဲ့အမြင်က မင်းအတွက်မမှားပါဘူး…”
“ဟ.. ဒါဆို မင်းရဲ့အမြင်ကတော့ မှားတယ်ပေါ့လေ..”
အရက်ရှိန်ကြောင့်ထွေနေသောသူ၏အသံမှာ ပိုကျယ်သွားသည်ဟုထင်ရသည်။ အိပ်မောကျနေသော သောမတ်ကတော့ တခေါခေါနှင့်ဘာမှမသိတော့။ ပီတယ်ကတော့ သတိမရှိတချက်ရှိတချက်နှင့် လူးလိမ့်နေသည်။ ဖရန်စစ်နှင့်ပီအူးတို့၏ပြောစကားသံများကို မကြားတချက်ကြားတချက်နှင့် ဝိုးတိုးဝါးတားကြားနေရသည်။
ပီအူးက အိမ်တိုင်ကိုမှီပြီးထိုင်ရာတွင် ခါးကိုပျော့တွဲတွဲကွေးလျက် ဒူးတစ်ဖက်ကိုထောင်ကာထိုင်နေသည်။ ဝတ်ထားသော အားကစားအင်္ကျီအနီရောင်ကို ဗိုက်ဟောင်းလောင်းဖြစ်အောင် ရင်ဘတ်ပေါ်တွင်လိတ်တင်ထားသည်။ ပူအိုက်သည်ကိုး။ ဖရန်စစ်မှာတော့ ပီအူးနှင့်မျက်နှာချင်းဆိုင်ထိုက်လျက် ရေနွေးကြမ်းငှဲ့ရင်း ပြောနေသည်။
“ငါ့အမြင်ကတော့ မင်းတို့အလုပ်မရှိတာမဟုတ်ဘူး.. အမြင်နဲ့အတွေးမရှိတာကွ.. အလုပ်ဆိုတာ မပျင်းရင်လုပ်စရာ အများကြီးပဲ..။ ငါလည်းယောက်ျားတစ်ယောက်ပါကွာ… မင်းတို့လုပ်တတ်သလိုငါလဲလုပ်တတ်တာပေါ့ကွ… မင်းတို့အရက်သောက်တတ်သလို ငါလည်းသောက်တတ်ပါတယ်…. ဘာခက်တာမှတ်လို့။ အေးဒီလိုပဲ..ငါ့လုပ်နေကျအလုပ်ကိုလည်း မင်းတို့လုပ်ချင်ရင်လုပ်တတ်ပါတယ်… မင်းတို့လုပ်ဖို့ အမြင်နဲ့အယူအဆမရှိလို့ပဲ…
ငါရေခပ်တာ.. အဝတ်လျှော်တာ.. ထမင်းချက်တာ… ငါလုပ်တတ်သလို.. မင်းတို့က ဘာလို့မလုပ်တတ်ရမှာလဲ… အဲဒါကို မင်းတို့ရဲ့အလုပ်မဟုတ်ဘူးလို့သတ်မှတ်ပြီး မလုပ်ပဲနဲ့အလုပ်မရှိဘူးလို့ကြွေးကြော်နေတာပဲ… တကယ်တော့ အိမ်မှာ.. အဲဒီအလုပ်တွေကို မင်းအမေနဲ့ညီမလေးနဲ့ လုပ်နေရတယ်…”
“ဟာ..ဒါကတော့ သူတို့လုပ်ရမှာပေါ့ကွ… ငါတောင်တစ်မိုးလုံး လယ်ထဲဆင်းခဲ့ရတာ။ ခုကစပါးရိတ်ချိန်မတန်သေးလို့ နားနေရတာပါကွာ။… တစ်ခုတော့ရှိတယ် ကိုစစ်ရာ.. မင်းသာ မင်းအမေရှိသေးရင်.. မင်းကိုယ်စားအလုပ်လုပ်ပေးမဲ့သူရှိတဲ့အခါ.. မင်းလည်း ငါတို့နဲ့ မထူးလောက်ပါဘူးကွာ..”
ဒီလိုပြောလိုက်တော့ ဖရန်စစ်က ခေါင်းကိုတဖက်စောင်းကာ မျက်နှာညိုးသွားသည်။ ဘယ်လိုဘယ်ပုံရှိသည်ဟုမှန်းဆလို့မရနိုင်တော့တဲ့ မိဘနှစ်ပါးရဲ့မျက်နှာကိုပြေးရှာမိလေသည်။ ဒါပေမဲ့ သတိတရားကိုပြန်ခေါ်ဆောင်ပြီး စိတ်ရင်းနှင့်ချစ်ခင်တွယ်တာရပါသော ညီလေးများကို လိမ္မာစေချင်သည်။ အသိတရားတွေတိုးတက်လာစေချင်သည်။ ဘယ်လိုပြောပြရမည်နည်း။
“မင်းနားထောင်ဖို့ဆန္ဒရှိရင်… ငါရင်ဖွင့်ချင်တယ်… ငါ့ရဲ့နှလုံးသားစကားပေါ့ကွာ…”
“အယ်.. လယ်..ဆရာကြီး… နှလုံးသားစကားတဲ့လား… ရှင်းရှင်းပြောစမ်းပါ… ဒီမှာအမူးတောင်ပြေချင်လာပြီ… ဘာလဲ.. မင်းမှာချစ်ရတဲ့ကောင်မလေးတောင်ရှိနေပြီလားကွ…ဟား..ဟား… ပြောပြလေ.. ငါအောင်သွယ်ပေးရမလား…”
“အမှန်ပြောရရင် ခုချိန်မှာငါတို့ အတွေးခေါ်ချင်းကမတူဘူး။ အမြင်ချင်းကလည်းမတူဘူး။ ဒါကြောင့် ရင်ဘတ်ချင်းလည်းမကပ်နိုင်ကြဘူး.. ။ တစ်ယောက်နဲ့တစ်ယောက်မြင်နေကြပေမဲ့…ဝေးနေကြသလိုပဲကွာ… ငါတို့က ဝေးနေကြတယ်ကွ… ဝေးနေကြတယ်..ဟုတ်တယ်မို့လား…”
“ဟ.. ဘာဝေးလို့လဲကွ… ဟိုရွာနဲ့ဒီရွာ.. မင်းလည်းစက်ဘီးစီးပြီးလာနေကျပဲ.. ငါတို့က ညီအစ်ကိုတွေ.. သွေးစည်းကြတယ်.. သွေးမစီးရင်… မင်း..ငါတို့ဆီလာမလားကွ.. ပြီးတော့ငါတို့က မင်းကိုသူစိမ်းလိုဆက်ဆံရင် မင်းလာနိုင်မလားကွ.. ရွာထဲမှာဆို ငါတို့ညီအစ်ကိုတွေက အဖွဲ့တောင့်တယ်။ သွားလည်းအတူတူ၊ သောက်လည်းအတူတူ… ကြက်တိုက်လည်းအတူတူ.. ။ ဘယ်လောက်ညီလဲ… မင်းတစ်ယောက်သာ ကျောင်းဆရာမို့လို့ ဘေးမဲ့ပေးထားတာ.. မင်း.. ငါတို့အဖွဲ့ထဲလာချင်ရင်..အလွယ်လေး..။ မင်းကိုအမြဲတန်းကြိုဆိုတယ်..ဟျောင်..”
“ဒါကြောင့်.. ငါပြောတာပေါ့… အတွေးအခေါ်တွေ၊ အမြင်တွေက မတူပါဘူးဆိုတာ…”
“ဘာလဲ.. မင်းရဲ့အတွေးအခေါ်တွေ၊ အမြင်တွေကမြင့်တယ်ပေါ့”
ငေါ့ထေ့ထေ့ပြောလာသော ပီအူး၏အသံတွင် စိန်ခေါ်သံလို့ထင်ရ၏။ ပီအူး၏စိတ်ထဲမှာလဲ ဖရန်စစ်ကို ကျောင်းဆရာမို့လို့ သူတော်ကောင်းဆိုပြီး ဘာမှအလျှော့ပေးစရာမရှိ။ သူလည်းမွန်မြတ်တဲ့အလုပ်ကိုလုပ်နေသလို ငါတို့လည်း မကောင်းတဲ့အလုပ်ကိုလုပ်နေတာမဟုတ်ဘူး။ အရက်သောက်တာ ဘယ်သူ့ကိုမှ မရမ်းကားဘူး။ မစော်ကားဘူး။ သူတပါးပစ္စည်းဥစ္စာတစ်ပြားတစ်ချပ်မှ အချောင်မယူဘူး။ ကိုယ့်ပိုက်ဆံနဲ့ကိုယ်ဝယ်သောက်တာ။ မူးလည်း အိမ်ပြန်အိပ်တယ်။ ဘယ်လမ်းပေါ်မှာမှ ရုတ်ပျက်ဆင်းပျက် မှောက်မလဲခဲ့သေးဘူး။ ရပ်ရေး၊ ရွာရေး၊ သာရေး၊ နာရေးဆိုလည်း သူတို့လူငယ်တွေ မပါရင်မပြီးဘူး။ မြို့ကနေဘုန်းကြီးကြွလာတဲ့အချိန်လည်း အစစအရာရာသူတို့ပဲ စီစဉ်ရတာ။ ရွာက သူတို့ကိုအားကိုးနေရတယ်။ တနင်္ဂနွေနေ့ဘုရားကျောင်းလည်း ပုံမှန်တက်တယ်။ ကျမ်းစာတွေတက်ဖတ်တယ်။ ပျက်ကွက်တယ်ရယ်လို့သိပ်မရှိခဲ့ပါဘူး။ ဒါကိုများဒီဆရာက ဘာတွေအမြင်မကြည်ဖြစ်နေလဲမသိဘူး။
“ဟုတ်တယ်.. မြင့်တယ်ကွ…ငါ့အတွေးအခေါ်က အမြဲတန်းမြင့်နေရမယ်။ ငါ့လုပ်ရပ်တွေကလည်း အမြဲတန်းကောင်းနေရမယ်။ ငါ့အပြောအဆိုတွေလည်း အမြဲတန်းမှန်နေရမယ်.. ငါ့အတွေးအခေါ်တွေ လုပ်ရပ်တွေ တိမ်းစောင်းသွားရင်တော့ ငါ့ကိုဖြောင့်ပေးပါ။ ငါ့ညီ.. ဘယ်လိုလဲ”
ဟိတ်ဟန်နဲ့ဆရာကြီးလေသံပြောလာတဲ့ ဖရန်စစ်ကို ပီအူးအညံ့မခံပါ။
“ဟာ..အဟုတ်မှတ်လို့.. ကြောင်နေတာလားဆရာရေ… ကိုယ့်ကိုယ်ကိုဖော်.. မသူတော်တဲ့..”
“ခက်ပါလားပီဦးရာ... မင်းငါ့အကြောင်းသိပါတယ်။ သိရဲ့သားနဲ့မင်းရှေ့မှာငါကြွားလုံးထုတ်စရာလားကွ.. ငါ..မင်းကိုတစ်ခု..လုပ်စေချင်တယ်..အဲဒါ”
“ပြောကြည့်လေ..”
“အရက်သောက်တာ..မင်းကြိုက်တယ်မဟုတ်လား.. ဒီလိုပဲ..အရက်သောက်တာကိုလည်း..မင်း မရှက်ဘူးမဟုတ်လား..”
“ဟာ..ရစ်ပြီကွာ..ဒီဆရာတော့ မသောက်ပဲလာရစ်နေပြီ..”
“မင်း..မင်းအမေ့ကို သုံးဖို့ရေလုံလောက်အောင်..နေ့တိုင်းခပ်ပေးပါလား..”
“ဟာကွာ…မင်းတော့..ခပ်ပေးစရာလိုလို့လားကွ.. သူ့ဖာသာသူခပ်နိုင်တာပဲ…”
“ဒါဆို..မင်းအမေ..မခပ်နိုင်တော့တဲ့တနေ့ကော..မင်းခပ်မှာလား…”
“ဟျောင့် … မင်းများနေပြီ.. ငါ့အမေက မခပ်နိုင်စရာလား မင်းကအဲ့လိုဖြစ်စေချင်နေတာလား…မင်းတော့ကွာ..”
“မင်းအမေက အသက် ငါးဆယ်နီးနေပြီ။ တနေ့က ထင်းသွားပွေ့ရင်းနဲ့ချော်လဲသွားလို့ ခါးမျက်သွားတယ်။ ဆေးလိမ်းထားလို့ သက်သာနေတယ်။ ငါလာတော့ ငါ့အမေ၊ ငါ့မိသားစုပါပဲဆိုပြီး အိမ်အလုပ်တွေငါလုပ်ပေးတယ်။ ရေတွေဖြည့်ထားပေးတယ်။ ထင်းတွေပေါက်ထားပေးတယ်။ ညီမလေးက ကျောင်းတက်၊ ကျောင်းဆင်း အမှီသွားရတာ၊ သူ့ကိုအားကိုးလို့မရဘူး။ မင်း နေ့တိုင်း ရေကလေးတော့ ခပ်ထားပေးပါကွာ.. သူ့ခါးထပ်နာလာမှာစိုးတယ်။ ငါ အခုလိုပြောလို့ ဆရာလုပ်တယ်မထင်ပါနဲ့… မင်းတို့ရဲ့ ဂုဏ်သိက္ခာတွေအကဲ့ရဲ့ခံရမှာ၊ ထိခိုက်ခံရမှာမှာစိုးလို့ပါ။ ပြီးတော့.. မင်းအမေဆိုလည်း ငါ့အမေပါ။ ငါက အတူနေတာမဟုတ်တော့ပြောနေရတာပါ။ ငါကမင်းကိုပြောလည်း နာစရာမှမရှိတာကွာ.. ပတ်ဝန်းကျင်ကမပြောခင်တော့ မင်းတို့ အချိုးနဲနဲပြောင်းရင်ကောင်းမယ်..”
ပီအူးတစ်ယောက် စဉ်းစားကာနှုတ်ဆိတ်နေမိ၏။ ဖရန်စစ်ပြောတာ အမှားမရှိ။ အလုပ်မရှိလို့ခေါင်းစဉ်တပ်ပြီး ရပ်ရေးရွာရေးသူတို့အရေးဆိုပြီး ရွာရိုးကိုးပေါက် လမ်းသလားအရက်သောက်နေကြသည်ကိုတော့ အဟုတ်ထင်နေကြသည်။
တစ်ခါမှအိမ်အလုပ်မကူပဲ အခုမှကောက်ခါငင်ခါ ထပြီးလိမ္မာပြရင် ပြောစရာတွေတော့ဖြစ်လိမ့်မယ်။ ဒါပေမဲ့.. ဦးနှောက်ရဲ့အသိတရားနဲ့ နှလုံးသားရဲ့အရည်အသွေးတွေက အညံ့စားမဟုတ်လေတော့.. သူ့လေသံကိုလျှော့လိုက်သည်။
“အမေ တကယ်ခါးနာနေတာလား.. ကိုစစ်။ တအားဖြစ်နေလား။ ဒီနေ့လည်းမိုးချုပ်မှပြန်ရောက်တော့ မသိလိုက်ဘူး။ ခါတိုင်းဆိုလည်း မနက်၉ နာရီ၊ ၁၀နာရီမှအိပ်ယာထပြီး ထမင်းစား။ ထမင်းစားပြီး ရွာရိုးကိုးပေါက် လစ်တော့တာပဲ.. ဒါကြောင့်…”
“ဟုတ်တယ်ညီ.. ခါးဆိုတာတစ်ခါလောက်နာထားရင် ခဏခဏပြန်ဖြစ်တတ်တယ်ကွ။ ဒါကြောင့်ကရုစိုက်ရတယ်။ လူကြီးဆိုတော့ ပိုပြီးသတိထားရလိမ့်မယ်။ ခုကဖြစ်တာသိပ်မများပေမဲ့ ကိုယ့်ဖက်မှာလုပ်သင့်တာကို လုပ်တာဟာ အကောင်းဆုံးပေါ့ကွာ။”
ပီအူးလည်း ဘာစကားမှမဆိုတော့ပဲ ညိမ်နေလိုက်သည်။ ခဏကြာတော့ ဖရန်စစ်သည် လေးလေးတွဲတွဲ စကားဆက်လာသည်။
“ဟျောင်…. ငါအမြဲတန်းတွေးတာတစ်ခုရှိတယ်ကွ။ ငါ ငါ..သေသွားခဲ့ရင်.. ကောင်းကင်ကိုသွားချင်တယ်သိလား..”
ဘာမှမဆိုင်သောအကြောင်းအရာကိုစပြောလာတဲ့ ဖရန်စစ်ကိုပီအူးစွေကနဲ စိုက်ကြည့်ကာပြောလိုက်မိသည်။
“ဟာကွာ.. မဆီမဆိုင်…လုပ်ပြန်ပြီနောက်တစ်မျိုး… တော်ပြီကွာအိပ်တော့.. ညည့်နက်နေပြီ။ မနက်ဖြန်တနင်္ဂနွေ ဘုရားကျောင်းတက်ရအုံးမယ်.. မင်းပဲသေသေ၊ ငါပဲသေသေ တနေ့တော့ကောင်းကင်ရောက်မှာပဲကွာ။ အပြစ်ကလေးတွေနဲ့ မကင်းနိုင်ပေမဲ့ အပြစ်ကြီးတော့ မလုပ်ပါဘူး။ ဟုတ်တယ်မို့လား…”
“မဟုတ်ဘူး..ငါ ငရဲငယ်ကိုတောင် မသွားချင်ဘူး.. ကောင်းကင်ကိုတန်းရောက်ချင်တယ်… ဒါကြောင့် ငါအမြဲတန်းကြိုးစားတယ်ပီအူးရာ.. အခုငါမင်းနဲ့ စကားပြောနေပေမဲ့ ငါအရမ်းအိမ်ချင်နေတယ်။ တနေ့လုံးပင်ပန်းတာကြောင့်ရယ် ခုလည်းညည့်နက်နေပြီ။ ဒါပေမဲ့ငါ ဒီအချိန်ကို အလကားဖြစ်သွားအောင်မလုပ်ဘူး အကျိုးရှိရှိအသုံးချသွားတယ်ကွ…”
“အော်.. လာပြန်ပြီ ဒီငကြွားကတော့.. မထင်ရဘူးနော်… ကျောင်းမှာတချိန်လုံးစာသင်နေရလို့ ဂေါက်သွားပြီထင်ပါရဲ့.. မင်းမအိပ်နိုင်လည်းနေကွာ ငါတော့အိပ်တော့မယ်” ဟုဆိုကာ ခေါင်းရင်းမှခေါင်းအုံးနှင့်စောင်များကိုယူကာ ဖျာခင်းပြီးလှဲချလိုက်တော့သည်။
ဖရန်စစ်လည်း ဘက်ထရီမီးကိုဖြုတ်လိုက်ပြီး ဘုရားစင်မှ ဖယောင်းတိုင်မီးကိုထွန်းလိုက်သည်။
“ဟေ့ရောင်.. ဘုရားရှိခိုးအုံး.. ဟိုနှစ်ကောင်က အရက်နာကျပြီးပြန်ရောက်တာနဲ့ကျဆုံးသွားကြတာပဲ.. အဲဒါအရက်ရဲ့ကောင်းကျိုးလေ…”
ပီအူးလည်း အရင်ကဆို သူ့အမေ၊ သူ့ညီမလေးနှင့် ညတိုင်းမေတ္တာဆိုနေကျ ဖြစ်သော်လည်း နောက်ပိုင်းတွင် ညမိုးချုပ်မှပြန်ရောက်လာပြီး ခေါင်းထဲတွင်မကြည်လင်သောကြောင့် ဘုန်းကနဲတန်းအိပ်နေကျဖြစ်သည်။
အခုအခါတော့ လျှာရှည်တဲ့ ကျောင်းဆရာဂေါက်သီးနဲ့အငြင်းမပွါးချင်သောကြောင့်ထထိုင်ကာ ခမည်းတော်သားတော်တို့ကာ တစ်ဦးတည်းတိတ်တဆိတ် စဆိုလိုက်သည်။ ထိုအခါဖရန်စစ်က ကမန်းကတန်းတားလိုက်သည်။
“ဟျောင့်… ခဏစောင့်အုံး.. အတူတူဆိုမယ်… မင်းညမေတ္တာမဆိုတာကြာပြီမို့လား… ရသေးလား၊ မရသေးလားသိရအောင်လို့..”
“ဟာ.. ကွိုင်ပဲကွာ…ကဲကဲ..ဆိုကွာ..ငါကတော့ မင်းရဲ့ထောင်ချောက်ထဲမှာ ကျဆုံးခံလိမ့်မယ်လို့ မင်းမထင်နဲ့ကွ…ရတယ် … မင်းပဲစလိုက်…”
********************************

ဒုတိယပိုင်း..
#အခန်း(၅)
“အမေ… ညီမလေးကော…. ဒီမှာ ..ကန်ဘောင်မှာစိုက်ထားတဲ့ ကန်ဇွန်းဥတွေတူးလာတယ်။ ကန်ဇွန်းရွက်နဲ့၊ ချဉ်ပေါင်ရွက်လဲပါတယ်ဗျ…”
“ဟဲ့ .. ပီအူး… သား.. မင်းလယ်ထဲဆင်းသွားတာ မနေ့ကပြန်မလာဘူး..ဘာဖြစ်တာလဲ။ စိတ်ပူအောင် တော်တော်လုပ်တာပဲ..။ ဒီညနေထိ ပြန်မလာရင် ငါကိုယ်တိုင်လယ်ထဲဆင်းပြီးသွားရှာတော့မလို့…”
“အော်… တောင်းပန်ပါတယ် အမေရာ.. သားက လယ်ထဲကိုရေသွားတင်နေရင်းနဲ့ တဲပတ်လည်မှာ ချုံတွေထူတာနဲ့ ချုံတွေရှင်းနေတာ။ တဲကိုလည်းပြန်ပြင်အုံးမယ်အမေရာ.. စပါးရိတ်ချိန်ကျရင် အဆင်သင့်ဖြစ်အောင်လို့။ ညနေက မိုးချုပ်သွားတာနဲ့ ကန်ဇွန်းဥဖုတ်စားပြီးအိပ်လိုက်တယ်။ ရက်တွေကြာနေရင်အမေတို့ စိတ်ပူမှာစိုးလို့.. ပြန်လာပြောတာ..။ အမေရေ.. မနက်ဖြန် သားလယ်ထဲပြန်ဆင်းမယ်နော်.. ဝါးပိုးဝါးတစ်ချောင်းလဲခုတ်သွားမယ်။ ဒီတစ်ခါတော့ တရက်နှစ်ရက်ကြာမယ်နော်အမေနော်…”
“ဒါဆိုလည်းအေးပါကွယ်… မသိဘူးလေ.. ပီတယ်နဲ့သောမတ်စ်လည်းမင်းကိုလာရှာသေးတာ ခါတိုင်းဆိုညတိုင်းအမြဲအိမ်ပြန်နေကျကို စိတ်ပူတာပေါ့။ အေးအေး.. လုပ်စရာရှိတာလုပ်..”
“သား.. ဝါးသွားခုတ်လိုက်အုံးမယ်အမေရေ.. မနက်ဖြန် အစောကြီး လယ်ထဲဆင်းလို့ရအောင်ပစ္စည်းတွေ အဆင်သင့်စုထားလိုက်အုံးမယ်။”
ဒီတရက်နှစ်ရက်အတောအတွင်းပြောင်းလဲလာသော သားတော်မောင်၏အသွင်အပြင်ကြောင့် ဒေါ်မော်နီကားအံ့ဩမိသလိုရှိ၏။ စိတ်ထဲမှာလည်းကြည်နူးမိ၏။ သားလေးတစ်ယောက်တည်းရှိသည်မို့ ဘယ်တော့မှပြင်းပြင်းထန်ထန် မပြောခဲ့မဆူခဲ့ဖူးပေ။ ငယ်ရွယ်သေးတဲ့လူငယ်သဘာဝမို့ စိတ်နာသွားလျှင်ပျက်စီးသွားမည်ကိုစိုးရိမ်မိ၏။ လူငယ်ပီပီ အပေါင်းအသင်းများနှင့်ပျော်ပျော်ပါးပါး လွတ်လွတ်လပ်လပ်နေချင်လိမ့်မည်။ အချိန်တန်လျှင်အသိတရားရလာလိမ့်မည်ဟု တွေးတောထားသည့်အတိုင်း အခုလည်းသူ့တာဝန်ကိုသူသိရှာသည်ပဲလေ။
သူ့အစ်ကို ဖရန်စစ်ဒီတစ်ခေါက်လာပြီးတဲ့နောက်ပိုင်း သားလေးပီအူး တော်တော်လေးပြောင်းလဲသွားပြီ။ သားဖရန်စစ်ကတော့ တစ်ခုခုပြောခဲ့မည်မှာသေချာသည်။
မနက်အစောကြီးထပြီး ရှိသမျှအိုးတွေ ရေအပြည့်ဖြည့်ထားသည်။ ပြီးလျှင်ပုံထားသော သူ့အဝတ်များကိုလျှော်ဖွတ်ထားသည်။ ပြီးမှ ထမင်းစားပြီး အပြင်သွားတော့မည်ဟု ခွင့်တောင်းသွားသည်။ သူ့အမေခါးနာနေသည်ကို သိသွားဟန်တူသည်။ ဘာပဲဖြစ်ဖြစ်အမေဖြစ်သူကတော့ ပီတိတွေတိုးရင်းတိုးရင်းသာရှိနေတော့သည်။
#အခန်း(၆)
နှစ်ပတ်အကြာမှာတော့….
“မေမေရေ… သားတို့လယ်ထဲပြန်ဆင်းသွားမယ်နော်။ မြို့ကိုတက်ပြီးစားနပ်ရိက္ခာအပြည့် သွားဝယ်ထားတယ်။ ဒီတစ်ခါတော့ကြာမယ်နော်။ သားတို့ကိုစိတ်ချပါ။ တစ်ခုခုလိုအပ်ရင် အိမ်ဘေးက ဖိုးပိန်ကိုလာခေါ်ခိုင်းနော်။ ဒါပေမဲ့ မပူပါနဲ့ သောမတ်စ်ကို သွားသွားလာလာလုပ်ခိုင်းလိုက်မယ်။”
ပြောရင်းဆိုရင်း ပစ္စည်းများကိုဆိုက်ကယ်ပေါ်တင်ကာ ချည်နေလိုက်သည်။
“သောမတ်စ်ရေ.. ညီ.. မင်းကစက်ဘီးနဲ့လိုက်လာခဲ့။ ဟိုရောက်မှဆိုက်ကယ်ကိုအိမ်မှာပြန်လာပို့လိုက်။”
“ဟဲ့သား… တနင်္ဂနွေနေ့တောင် ဘုရားကျောင်းပြန်မတက်တော့ဘူးလား.. အဲ့လိုလုပ်လို့မရဘူးနော်။”
“စိတ်ချပါအမေရာ..။ တနင်္ဂနွေနေ့တပတ်တစ်ခါ ဘုရားကျောင်းပြန်လာတက်မယ်။ ပြီးရင် လယ်ထဲမှာပဲ သွားနေတော့မယ်.. ။ လယ်ထဲမှာလုပ်စရာတွေရှိတယ်အမေရ။ ရွာထဲမှာနေရင် ဘာအလုပ်မှမရှိပဲ အရက်သွားသောက်နေမိမှာစိုးလို့… ကဲ.. သွားပြီနော်..”
“ဒေါ်လေးရေ.. သားတို့သွားတော့မယ်နော်.. သားတို့ကိုစိတ်ချပါ။ တစ်ပါတ်တစ်ခါ ဟင်းသီးဟင်းရွက်တွေပြန်လာပို့ပေးပါ့မယ်။”
ထွက်သွားသော သားလေးပီအူးနှင့် တူမောင်သောမတ်စ်၏ကြောပြင်ကိုကြည့်လျှက်..
“အော်.. ဒီကလေးတွေတော့ ဘာတွေလျှောက်လုပ်ပြန်ပြီလဲမသိဘူး.. ။ ဒီတစ်ခါတော့ ရွာထဲမဟုတ်။ လယ်ထဲမှာဆိုတော့ မျက်စိကွယ်ရာနားကွယ်ရာ လွတ်ထားလို့စိတ်ချရပါ့မလား။ နောက်မှလိုက်စုံစမ်းရအုံးမယ်..”
#အခန်း(၇)
တစ်နေ့ညနေမှာတော့….
“ဗျို့ဆရာ… ဗျို့ကျောင်းဆရာ… ”
ညနေကျောင်းဆင်းပြီး ရေမိုးချိုးကာ ရွာထဲမှကျောင်းမတက်နိုင်သော ကလေးကြီး လေးယောက်ကိုစာသင်နေသော ဆရာဖရန်စစ်တစ်ယောက် ညနေ ၆နာရီထိုးခါနီးမို့ အတန်းကိုဆင်းပေးလိုက်သည်။ ပြီးမှ ခြံထဲသို့ အထုတ်အပိုးတင်လာသောစက်ဘီးကိုတွန်းကာ ဝင်လာသော ပီအူးကိုတွေ့ရတော့ လှမ်းခေါ်လိုက်သည်။
“ပီအူး.. ညီလေး… ဘာဖြစ်လို့လဲကွ.. ဒေါ်လေးနေကောင်းရဲ့လား..”
“ကောင်းပါ့ဗျာ… ဒီမှာရော့… မင်းအတွက်… ” ဟုဆိုကာ စက်ဘီးပေါ်ကအထုတ်ကို ဖြည်ကာချလိုက်၏။
“ဟာ.. ကန်ဇွန်းဥတွေရော ရုံးပတီသီးတွေကော.. ချဉ်ပေါင်သီးတွေကော.. များလှချည်လားကွ…”
“အေးကွာ… မင်းကျောင်းပိတ်ရင်ငါ့တဲကိုလိုက်လာခဲ့.. အူချဉ်သွားအောင်ငါမင်းကိုကျွေးမယ်.. ဟား ဟား ဟား”
“ဟုတ်လားကွ.. မင်းလယ်ထဲပြန်ဆင်းနေပြီလား…ဒါနဲ့ဟိုနှစ်ယောက်ကော..”
“ရှိတယ်.. သူတို့ကိုတဲမှာထားခဲ့တယ်..”
“အော်.. မင်းတို့သုံးယောက်လူလိမ္မာတွေ လုပ်နေကြပြီပေါ့.. ဆိုစမ်းပါအုံး.. မင်းလာရင်းကိစ္စ..လာ .. မိုးတိုးမတ်တပ်နဲ့ အိမ်ကို တက်လာခဲ့… အထုတ်ပါသယ်ခဲ့ပေးကွာ…”
“လာလည်တာပေါ့ကွ… ဘာလဲ..လာမလည်ရဘူးလား… မင်းရဲ့စာသင်ချိန်နဲ့လွှတ်အောင်ငါလာတာနော်..”
“မင်းအိပ်ကျန်ခဲ့မလား.. မဟုတ်ရင် ငါထမင်းပြန်ချက်ရမယ်။”
ပီအူးသည် ဟင်းသီးဟင်းရွက်အိတ်ကို အိမ်ပေါ်သယ်လာရင်း အိမ်ပတ်ပတ်လည်ကို ဝိုက်ကြည့်လိုက်၏။
“ငါအိပ်ကျန်ခဲ့လို့ရလား… မင်းကလေးတွေညကျောင်းခေါ်သေးလား။”
“မရှိသေးဘူး..အိပ်ပါကွာမင်းကလည်း.. နေအုံး ထမင်းအိုးပြန်တည်အုံးမယ်။ မင်းရေချိုးလိုက်အုံးလေ.. ဟိုတန်းပေါ်မှာအဝတ်တွေရှိတယ်။”
ပီအူးလာခဲ့သောရည်ရွယ်ချက်မှာ အိပ်ကျန်ခဲ့ရန်မဟုတ်။ သို့သော်အကြံတစ်ခုရကာ အိပ်ကျန်ခဲ့ရန်ဆုံးဖြတ်လိုက်တော့သည်။ ညနေစာစားပြီး ရေနွေးကြမ်းသောက်လိုက် စကားပြောလိုက်နဲ့ အချိန်ကုန်လို့တောင် ကုန်သွားမှန်းမသိဖြစ်ခဲ့ကြသည်။ မနက်မိုးလင်းတော့ အစောကြီးထပြန်သွားသည်။ အပြန်လမ်းတွင်ပြောမပြနိုင်သောပျော်ရွင်မှုတစ်ချို့ပါသွားလေသည်။ သူ၏ကျောပိုးအိတ်ထဲတွင်ထည့်လာသော ယေဇူးရွှေနှလုံးတော်ပုံကြောင့်လား၊ ဘဝမှာသူ့ကိုအားမနာတမ်းလမ်းမှန်ကို ညွှန်ပြနိုင်သော အစ်ကိုတစ်ယောက်ကိုပိုင်ဆိုင်ထားရလို့လားတော့မသိပါ။ မသိတော့ပါ။
#အခန်း(၈)
“ဟျောင်တွေ.. အခုအချိန်ကစပြီးတော့ ငါစည်းကမ်းထုတ်တော့မယ်။ မင်းတို့လိုက်နာရမယ်။ မင်းတို့ကငါ့ညီအစ်ကိုမို့လို့ ငါဒီစကားပြောတာ။ မင်းတို့မလိုက်နာရင် ငါ့ညီအစ်ကိုမလုပ်နဲ့..”
ဘုံမဆင့်ဆိုင်းမဆင့်ပြောလာသော ပီအူး၏ စကားကြောင့် ပီတယ်နှင့်သောမတ်စ်တို့ အံ့ဩနေကြသည်။ သူတို့ကို အမိန့်ပေးသလိုလို ချုပ်ကိုင်သလိုလိုနဲ့ ဘာသဘောပါလိမ့်။ တစ်သက်လုံးစိတ်တူကိုယ်တူနေလာခဲ့ကြတာ။ တစ်ယောက်ကအဖော်စပ်လိုက်လျှင် ကျန်တစ်ယောက်က ဘယ်တော့မှမငြင်းခဲ့။ ခုတော့ ဒီမိုဂရေစီမဆန်တဲ့ စကားလုံးတွေသုံးနေတာပဲ။
“ဆိုပါအုံးဆရာသမားရယ် .. ထူးထူးဆန်းဆန်း ဘာဖြစ်နေတာလဲ” ပီတယ်ကပြောလိုက်သည်။
“ငါမြို့တက်သွားတာကွာ.. လိုအပ်တဲ့ပစ္စည်းတွေဝယ်လာတယ်..။ ငါကဒီတဲမှာပဲအနေများတော့မယ်။ ရွာထဲရောက်ရင် အရက်ပဲလိုက်သောက်နေတာ အချိန်ဖြုန်းသလိုပဲခံစားရတယ်။ မတရားလုပ်တာများနေပြီ ပြန်ဆင်ခြင်တော့မလို့… အဲ့ဒါမင်းတို့သဘောက..ဘယ်လိုလဲ…။
အစောကပြောသလိုပဲ ငါနဲ့နေမယ်ဆိုရင်..ငါ့စည်းကမ်းအတိုင်းလိုက်နိုင်ရမယ်။ ငါတို့အလုပ်အားချိန်ပျင်းရင် ကစားဖို့တောက်ခုံဝယ်လာတယ်။ တစ်ယောက်တည်းလည်းဆော့လို့ရတယ်။ ဘယ်သူမဆိုလည်းဆော့နိုင်တယ်။ ညအိပ်ခါနီးတော့ ဘုရားမရှိခိုးတာကြာပြီဖြစ်တဲ့အတွက် အတိုးချပြီးဘုရားရှိခိုးရလိမ့်မယ်။ နေ့ခင်းဖက် နားနေတဲ့အချိန်ဆို ကျမ်းစာဖတ်ချင်လည်းရတယ်။ တစ်ခြားဘာသာရေးစာအုပ်တွေလည်း ယူလားထားတယ်။ ကြိုက်တာဖတ်လို့ရတယ်။ ညမေတ္တာအပြင်ညတိုင်း စိတ်ပုတီး ၅၀ ဆိုကြမယ်။ ပြီးတော့လုပ်တဲ့အလုပ်မှန်သမျှ ရွှေတင်ရမယ်.. ဟဲဟဲ… ဘယ့်နှယ်လဲ…”
“ဂေါက်ပြီကွာ.. မင်းပြောတဲ့ကိစ္စတွေက မခက်ပါဘူးကွ.. ဒါပေမဲ့ ကြားဖူးတာတော့ သိဒ္ဓိတင်တာပဲကြားဖူးတာ.. မင်းကျမှ ရွှေတင်ရမယ်ဆိုတော့…အဲဒါလေး မရှင်းလို့..”
“ရွှေကပ်တယ်ဆိုတာကိုကော ကြားဖူးမှာပေါ့..”
“အေးကွာ.. ငါတို့ဆီမှာ အဲဒီအသုံးအနှုံးမှမရှိတာ..”
“သဘောပြောတာ.. သဘောပေါက်သွားစေချင်လို့…ကဲပြောကြည့်ပါအုံး.. တစ်ခုခုကိုရွှေကပ်ရင် ဘာဖြစ်သွားလဲ..”
“အောင်မယ်လေးကွာ ဓမ္မစရိယလေသံကြီးနဲ့..။ ရွှေကပ်ရင်… လှသွားတယ်။ တန်ဖိုးတက်သွားတယ်…အဲဒါဘာဖြစ်လဲ..”
“အဲဒါပဲကွ… ငါတို့လုပ်သမျှအလုပ်တိုင်းကို လှနေစေရမယ်။ တန်ဖိုးတက်သွားစေရမယ်..အဲဒါ သဘောပေါက်”
“ဒီကောင်တော့ မသောက်တာကြာလို့ ဂေါက်များဂေါက်ပြီလား…” ပီတယ်ကဝင်ပြောသည်။
“ကိုပီအူး ပြောမှာသာပြောစမ်းပါ.. ခုတလောမင်းကိုကြည့်ရတာတစ်မျိုးကြီးပဲ။ ပြောစရာရှိတာပွင့်ပွင့်လင်းလင်းပြောပါ။ ငါတို့က ညီအစ်ကိုတွေပဲ… လုပ်စရာရှိတာပြော..”
သောမတ်စ်က အငယ်မို့ အရဲစွန့်ပြီးပြောလိုက်သည်။
“ဟုတ်ပြီကွာ.. ငါလျှာမရှည်တော့ဘူး.. ငါပြောမယ်။ ဒီနေ့ကစပြီး ငါအရက်မသောက်တော့ဘူး။ ငါ့ရဲ့ဘဝကို တန်ဖိုးတက်အောက်လုပ်လိုက်တာ။ နောက်တစ်ခု .. ငါ့ရဲ့အားလပ်ချိန်ကို မဖြုန်းတီးတော့ဘူး။ အကျိုးရှိတဲ့ အလုပ်တစ်ခုခု လုပ်မယ်။ အဲဒါ.. ငါ့ရဲ့အချိန်ကိုတန်ဖိုးတက်အောင်လုပ်လိုက်တာ။ ဘာပဲလုပ်လုပ်ကွာ တန်ဖိုးရှိအောင်လုပ်မယ်.. ။ နောက်ဆုံးကွာ… အသက်ရှုနေတဲ့အချိန်မှာတောင်.. တန်ဖိုးရှိရှိအသက်ရှုမယ်။”
“ဒါနဲ့ စကားမစပ် တစ်ခုလောက်မေးပါရစေ..။ ခုတလော မင်းရေရွတ်နေတာကြားရတယ်။ ဘာတဲ့ရယ်.. အချောင်သမား… ၊ ဒီကောင်ငါ့ကို ဖြုတ်တာပဲတဲ…။ ပြန်ဆုံတဲ့တနေ့တဲ့…..... ...... မဟုတ်မှလွဲရော… မင်း… ...”
ပီတယ်သည်ပြောလက်စ စကားကို ရပ်ထားလိုက်သည်….။
“အဲဒါက ဒီလိုကွာ..ဟိုကျောင်းဆရာပြောတဲ့စကားကွ.. အဲ့ဒါငါ့ကိုဖြုတ်တာပေါ့.. လောကမှာ အသက်ရှင်နေတာ မိသားစုအသိုင်းအဝိုင်း၊ ပတ်ဝန်းကျင်အသိုင်းအဝိုင်းရဲ့လိုအပ်ချက်ကို ဘာမှမကြည့်ပဲနဲ့ အသက်ရှင်နေတာ အချောင်သမားတဲ့ကွာ… ကိုယ့်ထမင်းကိုယ်စား၊ ဘယ်သူ့ကိုမှဒုက္ခမပေးဆိုပြီး.. ကိုယ့်ကိုယ်ကိုဟုတ်လှပြီထင်မနေနဲ့တဲ့.. ဘုရားရဲ့သားသမီးမှန်ရင် ဘုရားရဲ့စိတ်ဓါတ်ရှိရတယ်တဲ့…”
“ဟာ ဘလိုင်းကြီးပါလားဒီဆရာက… အော်… မင်းက သူ့ရဲ့မှိုင်းမိလာပြီကိုး…။ ငါတို့က သူ့လိုအရက်သေစာ မကင်းတာလေးတစ်ချက်နဲ့ ငါတို့ကို တော်တော်ချိုးလိုက်ပြီပေါ့လေ..”
ပီတယ်က ခေါင်းတညိမ့်ညိမ့်နဲ့ပြောလိုက်သည်..။ ပီအူးက ဟန့်တားပြီးဆက်ပြောသည်။
“သူပြောတာကို ငါက လုံးဝလက်ခံသွားပြီ.. ညီအစ်ကိုရေ… ငါ.. တကယ်ပြောင်းလဲတော့မှာ.. မင်းတို့ကတော့ ပျော်ရာမှာနေမလား… တော်ရာမှာနေမလား… ဆက်စဉ်းစားပေါ့ကွာ….။ တစ်ခါတစ်ခါ သူများပြောလို့ နားဝင်တာ ကလေးဆန်တယ်…. ကိုယ့်ဦးနှောက်နဲ့ကိုယ်စဉ်းစားတာကတော့ ပိုမိုက်တယ်ဟျောင်ရေ… အဲဒါကြောင့်မင်းတို့စဉ်းစား… မင်းတို့ငါနဲ့နေရင်.. ငါ့လမ်းစဉ်တော့လိုက်ရမယ်…”
ပြောရင်းဆိုရင်း တဲပေါ်ကစွေကနဲခုန်ဆင်းကာ.. ခမောက်လေးဆောင်း၊ ပေါက်တူးလေးထမ်းပြီး ငှက်ပျောခြံထဲဆင်းသွားလေ၏။
ပီတယ်နှင့်သောမတ်စ်မှာ ကြောင်တောင်တောင်နှင့်ကျန်ခဲ့လေ၏။
“ဒီကောင်ဘာသဘောနဲ့ငါတို့ကို အဲဒီလိုပြောတာလဲမသိဘူး… ငါတို့ကိုဒေါ်လေးမော်က သူ့သားအဖေါ်မရှိလို့ ငါတို့ကိုသားအရင်းတွေလိုလက်ခံထားတာ.. လယ်ပြီးရင် ငါတို့မိသားစုကို လေးပုံတစ်ပုံခွဲပေးနေကျ… ခုတော့.. ပီဦးရဲ့သဘောထားက.. တစ်ခုခုများပြောင်းလဲချင်ပြီလား..”
ပီတယ်က အဲ့လိုပြောတော့ သောမတ်စ်ကသူ့ရဲ့အမြင်ကိုပြန်ပြောလာသည်။
“အဲ့လိုတော့ လုပ်လို့ဘယ်ရမလဲ.. ငါတို့က နှစ်ပေါင်းများစွာ ဒီလယ်ကို အစအလယ်ဆုံးကူလုပ်ခဲ့ရတာ.. သူ့ကိုစောင့်ကြည့်လိုက်တာမှ သူ့စိတ်ဓါတ်က ဘယ်လိုလဲ သိလာရမှာပေါ့”
ပီတယ်လည်း ချက်ချင်းကြီးဘာလုပ်ရမှန်းမသိတော့ပဲ ကြောဆန့်ကာ လဲလျှောင်းနေလိုက်သည်။ သောမတ်စ်မှာ ပီတယ်နှင့်ပြောရန် စကားမရှိသောကြောင့် ပေါက်တူးတစ်လက်ဆွဲကာ ပီအူးနောက်လိုက်သွား၏။
#အခန်း(၁၀)
သောမတ်စ်သည် ငှက်ပျောပင်ခြေရင်းကို မြေဖို့နေ၏။ အလုပ်သာလုပ်နေရသည် ဒီနေ့ကစိတ်မပါသလိုဖြစ်နေသည်။ စဉ်းစားနေရင်း အနောက်ကနေ ပီဦးရောက်လာသည်။
“သောမတ်စ်.. ငါ့ညီ.. မင်းကိုငါလှမ်းကြည့်နေတာ ဒီငှက်ပျောပင်တစ်ပင်နှစ်ပင်ကိုမြေဖို့တာ တစ်ခါမှမပြီးသေးဘူး ဘာတွေတွေးနေတာလဲ.. ခါတိုင်း မြောင်းတစ်မြောင်းကို ခဏလေးပဲ..”
“အေးကွာ.. မင်းပြောတဲ့စကားတွေကြောင့် အလုပ်လုပ်ရတာတောင်သိပ်စိတ်မပါတော့ဘူး.. မင်းက ငါတို့ကိုများမလိုအပ်တော့လို့လားဆိုတာ… ဒါပေမဲ့ ဟျောင်.. မတရားလုပ်ဖို့တော့မင်းမှာ အစီအစဉ်မရှိဘူးလို့ပဲ ငါယုံလိုက်ချင်တယ်.. မင်းလုပ်လို့လဲမရဘူးနော်..”
ပီအူးကသက်ပြင်းချကာ သောမတ်စ်၏ပုခုံးပေါ်လက်တင်ပြီး..
“ဒီမှာသောမတ်စ်.. အဲဒါနဲ့မဆိုင်တဲ့စကားကို ငါပြောချင်တာကွ.. လာကွာ ခဏထိုင်ရအောင်..”
ပြောရင်းဆိုရင်း ငှက်ပျောပင်ခြေရင်းတွင် ထိုက်လိုက်ကြသည်။
“သောမတ်စ်.. ငါတို့ရှိခိုးကိုးကွယ်နေတဲ့ဘုရားအကြောင်း မင်းစဉ်းစားဖူးလား.. ငါတို့ကခရစ်ယာန်တွေမို့ ဘာသာဝတ်တရား အစဉ်အလာအတိုင်း နေလာခဲ့ကြတယ်.. ဒါပေမဲ့ဘုရားကဘယ်မှာရှိမှန်း.. ငါတော့တစ်ခါမှမစဉ်စားဖူးဘူး.. မင်းစဉ်းစားဖူးလား..”
“ဘုရားက သူ့အလုပ်သူလုပ်မှာပေါ့ကွာ.. ငါတို့က ဘာမို့လို့ဘုရားကိုလိုက်စပ်စုရမှာလဲ..”
သောမတ်စ်က စိတ်မကြည်မသာပြောနေပေမဲ့ ပီအူးကတော့စိတအားထက်သန်စွာနဲ့ဆက်ပြောသည်။
“မင်းမှတ်မိလားဟေ့ရောင်… ခရစ္စမားအားပေးခြင်းခံဖို့ ဘုရားစကားလာသင်ပေးတဲ့ ဓမ္မဆရာကြီး ခရစ်စောလေ.. သူပြောဖူးတယ်လေကွာ.. ဘုရားကငါတို့အနားမှာရှိတယ်တဲ့… နေရာတိုင်းမှာလဲရှိတယ်တဲ့… ငါတို့ဘာလုပ်လုပ် သူသိနေတယ်မြင်နေတယ် ဆိုတာလေ..”
အနောက်ကအသံတစ်ခုက သူတို့စကားကို ထောက်လိုက်သည်။ ပီတယ်၏အသံ။
“အော်.. ဘုရားပဲကွာ.. သူ့အလုပ်သူလုပ်မှာပေါ့.. ငါတို့ဘာလုပ်လုပ်သူမြင်မှာပေါ့ သူကဘုရားပဲဟာ..”
“ဟုတ်တယ်ကွ… ဆရာဖရန်စစ်ပြောလိုက်တဲ့စကားတွေက လက်တွေ့ကျတယ်ကွ… အဲဒါကြောင့် ဆရာကြီးခရစ်စောပြောသလို.. ဘုရားကနေရာတိုင်းမှာရှိတာရယ်… ငါတို့အနားမှာရှိတာရယ်ကြောင့် ငါတို့လုပ်သမျှ ဘုရားရဲ့လက်ထဲကိုထည့်ပြီးပူဇော်လိုက်.. ဘုရားနဲ့စကားပြောပြီးလုပ်လိုက်… ဟားဟား မိုက်တယ်ကွာ… အဲဒါမှငါတို့ဘာလုပ်လုပ် ဘာပြောပြော ရွှေတင်ထားသလိုတန်ဖိုးရှိမှာပေါ့တဲ့.. အကောင်းလုပ်နေပေမဲ့ ရွှေမတင်ရင် အလေးချိန်ပေါ့တာပေါ့တဲ့.. ငါတော့သဘောပေါက်သွားပြီ… ဒါကြောင့် အချိန်တိုင်းကို ရွှေဖြစ်နေစေရမယ်…”
ပီအူးသည် စိတ်အားထက်သန်စွာပြောပြီး မှေးစေလေးကိုပွတ်ကာ… အဝေးကကောင်းကင်ကို လှမ်းမျှော်ကြည့်နေသည်။
“ဒါနဲ့.. ပီအူး.. မင်းက..နေ့ချင်းညချင်း ရဟန္တာလုပ်တော့မလို့လား… သူများနဲ့ထူးခြား လာရင်တော့ မင်းတော့ရွာပြင်ထုတ်ခံရမယ်နော်..” ပီတယ်ကဝင်ပြောသည်။
“ငါသာ… ရဟန္တာတကယ်ဖြစ်သွားလို့ကတော့….. လွမ်းထားလိုက်အုံးဟေ့ရောင်ရေ.. ငါတို့ကလူငယ်တွေမို့… တောသူတောင်သားတွေမို့ ရဟန္တာမဖြစ်ဘူးလို့ ဘယ်သူပြောလဲ.. ငါတို့ကဘုရားကိုစကားပြောတာ ဘုရားကိုပူဇော်တာ.. မှားတယ်လို့ဘယ်သူပြောရဲလဲ… ငါတို့က ဘုရားနဲ့ ထကယ်ထိတွေ့နိုင်မှလက်တွေ့ကျတာပေါ့ကွ။ တကယ်လုပ်နိုင်ဖို့သာကြိုးစားရမှာ… ကိုစစ်ကပြောတယ်ကွ… ငါတို့ညီအစ်ကိုတွေကို သူအရမ်းချစ်တာပဲတဲ့… အိမ်မှာလာတဲ့အချိန် မိသားစုတွေစုံစုံလင်လင်နဲ့ ရယ်လားမောလား စကားပြောရတာ အရမ်းပျော်စရာကောင်းတာပဲတဲ့.. ဒါပေမဲ့နောက်ပိုင်းတော့ ညီအစ်ကိုတွေ မျက်နှာချင်းဆိုင်ရတဲ့အချိန်တောင် မတွေ့ရတော့ဘူးတဲ့.. ဝေးသထက်ဝေးလာသလို ခံစားရတယ်တဲ့… ပြီးတော့သူကပြောသေးတယ်… သူကဘာပဲလုပ်လုပ် ဘာပဲပြောပြော ဘယ်တော့အမှားမရှိရအောင် အနားမှာရှိနေတဲ့ ဘုရားကို အမြဲတမ်းအကြံတောင်းတယ်။ စကားပြောတယ်တဲ့..။ ငါတို့တွေသေလို့ တမလွန်မှာပြန်ဆုံတဲ့အချိန်… မိသားစုတွေ ဘုရားရှင်ရဲ့ခြေရင်းမှာပဲ..ပြန်မြင်ချင်တယ်တဲ့… ဒါကြောင့်အချိန်တိုင်း စက္ကန့်တိုင်းကို ဘုရားနဲ့ထိတွေ့ပေးနိုင်ခဲ့ရင်.. ငါတို့က ဘာလို့ရဟန္တာမဖြစ်နိုင်ရမှာလည်းတဲ့။ ငါတို့က ဘုရားသားသမီးတွေဖြစ်ပြီး ဘုရားရဲ့နိုင်ငံတော်ကို ဝင်ဖို့မှမကြိုးစားရင်… ဘယ်သူကကကောဝင်လို့ရမှာတုံး.. ဘယ်သူကမှလည်း ငါတို့ကို လာပါ ဝင်ပါဆိုပြီး ဖော်ဖော်ရွေရွေခေါ်နေမှာမဟုတ်ဘူးတဲ့… ငါတို့က ဘုရားနဲ့ရင်းနှီးထားရင်သာ ဘယ်သူမှ မခေါ်လည်း ဘုရားကငါတို့ကို မသိချင်ယောင်ဆောင်နေမှာမဟုတ်ဘူးတဲ့… ဟုတ်တယ်ကွ… ပြန်ဆုံတဲ့တစ်နေ့က…ပိုအရေးကြီးပါတယ်ကွာ… ပြန်ဆုံတဲ့တနေ့မှာ ငါတို့ညီအစ်ကိုတွေပြန်ဆုံရအောင် ကြိုးစားကြမယ်ကွာ….”
#အခန်း(၁၁)
ပီအူးသည်အပြောသမားမဟုတ်ခဲ့ပေ။ တကယ်လက်တွေ့သမားဖြစ်သည့်အလျှောက် သူပြောသည့်အတိုင်းသူလုပ်တတ်သည်။ ပီတယ်နှင့်သောမတ်စ်တို့လည်းကြိုးစားကြလေသည်။
တကယ်စိတ်အားထက်သန်စွာကြိုးစားအားထုတ်ပြီး.. ဘုရားကိုအရူးအမူးရှေ့တန်းတင်လာသော ပီအူးတစ်ယောက်ရဲ့… ရင်နစ်ဖွယ်ရာကောင်းလှသောအဖြစ်က… မြန်ဆန်လွန်းလှသည်။
ညီအစ်ကိုသုံးယောက်သား စပါးရိတ်သိမ်းပြီး နေလည်ထမင်းစားအပြီးနားနေချိန်တွင်…ပီတယ်နှင့်သောမတ်စ်မှာ ခါတိုင်းနေ့များကဲ့သို့ တောက်ခုံကစားနေကြ၏။ ပီအူးမှာတော့ နေလည်ထမင်းစားပြီးခဏတစ်ဖြုတ်လဲလျောင်းကာ အနားယူတတ်သည်။ ထိုသို့လဲလျှောင်းနေချိန်တွင် ကျမ်းစာအုပ်ဖြစ်ဖြစ် တခြားစာအုပ် တစ်အုပ်ကိုဖတ်ကာ အိပ်ပျော်သွားတတ်သည်။
ကနေ့တွင်လည်း ကျမ်းစာအုပ်ကိုဖွင့်ပြီး ရင်ပတ်ပေါ်တင်ကာ အိပ်ပျော်သွားသည်။ ဒီတစ်ခါအိပ်ပျော်သွားခြင်းသည်… ဘယ်တော့မှ နိုးမလာတော့သော…ထာဝရအိပ်စက်ခြင်း ဖြစ်လေသည်။
ပြီးခဲ့သောလတွင်ရွာထဲကမောင်ဒေးဗစ်နှင့်မဝေရော်တို့ မင်္ဂလာဆောင်လက်ထပ်ခြင်းအခမ်းအနား၌ သူတို့သားအရံလုပ်ပေးခဲ့သေးသည်။ အာပတ်ဖြေခြင်း၊ ကိုယ်တော်မြတ်ပင့်ခြင်းကို ကောင်းမွန်စွာ ခံယူခဲ့သေးသည်။
ပီတယ်နှင့်သောမတ်စ်တို့ ကစားသည်မှာ ဘယ်လောက်ကြာသည်မသိ။ ခါတိုင်းဆိုလျှင် ပီအူးကအနားယူပြီးသူတို့ကိုခေါ်ကာ လယ်ထဲပြန်ဆင်းသည်။ ခုတော့ဖြင့် ညနေလေးနာရီတောင်ထိုးပြီ.. ပီအူးအိပ်နေဆဲ…
သောမတ်စ်က..
“ဟျောင့်.. ပီအူး… ထတော့လေ… အိပ်ကြီးလှချည်လားကွ..”
တစ်ခါနှစ်ခါအော်ခေါ်လို့မရတော့မှ… သွားလှုပ်နိုးလိုက်ရာ ပီအူး၏ခန္ဒာကိုယ်မှာ မလှုပ်မရှားနွေးထွေးနေဆဲ…
“ဟျောင့်… ပီအူး…ပီအူး…မင်း…ငါတို့ကို ထားသွားပြီလားကွာ…”
“ပီအူး… ညီလေး….မင်းတကယ်အိပ်နေတဲ့အတိုင်းပါလား… မင်းစုဆောင်းထားသမျှ၊ ကြိုးစားထားသမျှ ဘယ်တော့မှ အကျိုးမယုတ်ဘူးဆိုတာ အစ်ကိုယုံတယ်ညီလေး…. အစ်ကိုတို့ညီအစ်ကိုမောင်နှမတွေ… ပြန်ဆုံတဲ့တစ်နေ… မင်းငါ့ကိုမှတ်မိနေရမယ်နော်…”
ဆရာဖရန်စစ်တစ်ယောက်… ညီလေး၏လဲလျှောင်းနေသော ခန္ဓာကိုယ်ကိုငေးကြည့်ရင်း…မျက်ရည်များ…စီးကျလာတော့သည်.။

ပြီးပါပြီ….
ဝတၳဳ