Untitled Document
Untitled Document
Untitled Document
ဝတၳဳ
#သူငယ်တော်အတွက်အဖိုးတန်လက်ဆောင် #ရှားမာန်။
မင်းသုံးပါးပွဲနေ့ကြီးတနင်္ဂနွေနေ့ မစ္ဆားတရားတော်မြတ်အပြီး လူကြီးဘုရားစကားတန်း၌ လက်ထောက်ဘုန်းတော်ကြီးမှ အတန်းသူအတန်သားများအား ဘုရားစကားသင်ကြားပေးနေသည်။
“ဒီကနေ့ မင်းသုံးပါးဟာ သူငယ်တော်ယေဇူးအတွက် လက်ဆောင်ကလေးတွေ ယူလာတယ်။ အဲဒါတွေက အားလုံးသိထားကြတဲ့အတိုင်း …
“ရွှေ”ဆိုတဲ့အဖိုးတန်ပစ္စည်းဟာ မြင့်မြတ်သောဘုရင်တို့နဲ့ ဆိုင်တဲ့အရာဖြစ်တဲ့အတွက် (ယေဇူးဟာ ဘုရင်တကာတို့ရဲ့ဘုရင်၊ ဘုရားသခင်) ကိုပုံဆောင်တယ်။
“လော်ဗန်” ဆိုတဲ့အဖိုးတန်အမွေးနံ့သာဟာ ဆုတောင်းခြင်း၊ ယဇ်ပူဇော်ခြင်းအမှုနဲ့ဆိုင်တဲ့ ဘုရားကိုပူဇော်ပက်ဖျန်းခြင်းမှာ အသုံးပြုတဲ့အတွက် “ယေဇူးဟာ ရဟန်း၊ ယဇ်ပရောဟိတ်”ကို ပုံဆောင်တယ်။
“မီးရာ” ဆိုတာ “ယေဇူးဟာ သေခြင်းနဲ့မကင်းတဲ့ လူသားအဖြစ်”ကို ပုံဆောင်တယ်။ တစ်နည်းအားဖြင့် မီးရာဟာ ခါးတဲ့အရသာရှိတယ်။ ဒါကြောင့်လူတွေမနှစ်မြို့ကြတဲ့သေခြင်းဆိုတဲ့ အဓိပ္ပါယ်ကိုဆောင်တယ်……”
ဘုန်းတော်ကြီးဟာ စကားပလ္လင်ခင်းပြီး ဘာသာသူများကို ဆက်ပြီးမေးတယ်။
“ကဲ.. ဒီကနေ့မှာ ကျွန်တော်တို့လည်းပဲ မင်းကြီးသုံးပါးကဲ့သို့ သူငယ်တော်လေးကို လက်ဆောင်ပေးကြမယ်။ ကျွန်တော်တို့အတွက် တန်ဖိုးအရှိဆုံး၊ ကျွန်တော်တို့ အကြိုက်နှစ်သက်ဆုံး ရတနာပစ္စည်းတွေကို ဆက်ကပ်ပူဇော်ကြပါစို့… ခဏလေးတိတ်တဆိတ် စဉ်းစားပြီး ဒီနှစ်အတွက် သူငယ်တော်လေးကို ပေးမဲ့လက်ဆောင်က ဘာဖြစ်မလဲ ဝေမျှချင်တဲ့ဆန္ဒရှိရင် ဝေမျှလို့ရပါတယ်…”
ဘုန်းတော်ကြီးက ပြောပြီး အားလုံးကို အကဲခတ်လိုက်တဲ့အခါ… အတန်ကြာတော့ ဒေါ်အာနားက ထပြောတယ်။
“တပည့်တော်မရဲ့ ဘဝမှာ တန်ဖိုးအထားဆုံး၊ အမြတ်နိုးဆုံးထဲက သခင်ယေဇူးလေးကိုပေးဖို့ ဆုံးဖြတ်လိုက်တယ် ကိုယ်တော်ရေ.. အဲဒါကတော့ တပည့်တော်မရဲ့ သားနှစ်ယောက်နဲ့ သမီးသုံးယောက်ကို သာသနာ့ဘောင်ကို ပေးအပ်လိုက်ပါတယ်။ ဘုရားသခင်အလိုတော်ရှိရင် အသုံးပြုပါစေ။ တပည့်တော်မဟာ တပည့်တော်မ အင်မတန်ချစ်မြတ်နိုးတဲ့ သားတွေသမီးတွေကို ဘုရားကို ပူဇော်ပေးအပ်ပါတယ်ကိုယ်တော်….”
ဒေါ်အာနားရဲ့စကားအဆုံးမှာ လက်ခုပ်ဩဘာသံညံစွာထွက်ပေါ်လာပါတော့တယ်။ တကယ်တော့ ဒေါ်အာနားဟာ အမျိုးသားဆုံးပြီး သားသမီး ၅ ယောက်နဲ့အတူ နေထိုင်တဲ့ မုဆိုးမတစ်ယောက်ပါ။ လူတွေက အံ့ဩခြင်း၊ မထင်မှတ်ခြင်းတွေနဲ့ သူ့ကိုစူးစမ်းကြည့်နေကြပါတော့တယ်။ အတွေးမျိုးစုံနဲ့၊ မဖြစ်နိုင်တာ၊ ဖြစ်နိုင်ပါ့မလား၊ ဘာညာနဲ့ပေါ့။
ဘုန်းတော်ကြီးကလည်း လှုပ်လှုပ်ရွရွဖြစ်နေတဲ့လူတွေကို လက်ကာပြရင်း… “ကဲကဲ .. ဟုတ်ပါပြီ… ဒေါ်အာနားရဲ့ စိတ်စေတနာဟာ တကယ်မဖြစ်နိုင်ဘူးလို့ ပြောလို့မရဘူးလေနော်..။ မိသားတစ်စုလုံး သာသနာ့ဘောင်ဝင်တဲ့သူတွေ ကမ္ဘာမှာ အများကြီးရှိပါတယ်။ မဖြစ်နိုင်တာ မရှိဘူးပေါ့။ ဒေါ်အာနားရဲ့စိတ်စေတနာကို ဘုရားသခင်ကောင်းကြီးပေးပါစေ…”
“ကျမကတော့ ပိုက်ဆံရှာရတာဝါသနာပါတယ်။ ပိုက်ဆံကို တအားကြိုက်နှစ်သက်ပါတယ်။ ငွေရေးကြေးရေးကတော့ အခက်အခဲမရှိပေမဲ့ ကျမတတ်နိုင်သမျှ သခင်ယေဇူးလေးအတွက် စွန့်လှူပေးအပ်ပါ့မယ်။ မိဘမဲ့ဂေဟာတွေဆီမှာ အလှူအတန်းပေးပြီး သူငယ်တော်လေးကို လက်ဆောင်ပေးပါမယ်..” လို့ ဒေါ်လူစီက ထပြောသည်။
ထိုအခါ ဘုန်းတော်ကြီးက “သိပ်ကောင်းပါတယ်၊ ဒေါ်လူစီ…၊ ဒေါ်လူစီဟာ ပစ္စည်းဥစ္စာကြွယ်ဝချမ်းသာသလောက် အလှူအတန်းမှာ အင်မတန်ရက်ရောတဲ့သူဖြစ်တဲ့အတွက် သူ့အားဖြင့်ဘုရားသခင်က လိုအပ်နေသူများကိုကူညီနေတာဖြစ်ပါလိမ့်မယ်..။ ခါတိုင်းလဲ သူမဟာ အမြဲတန်း လှူဒါန်းရက်ရောပါတယ်။ ဘုရားသခင် ကောင်းကြီးပေးပါစေ..။”
ဒီလိုနဲ့ ဘုရားစကားတန်းမှ ဘာသာသူများရဲ့ သူငယ်တော်လေးကို ပေးအပ်လှူဒါန်းမဲ့လက်ဆောင်လေးများကို တစ်လှည့်စီ ပြောပြကြလေသည်။ ချမ်းသာတဲ့သူများက ချမ်းသာတဲ့အလျှောက်၊ ချို့တဲ့သောသူများကလည်း သူ့အတိုင်းအတာနဲ့သူ ဝေမျှကြလေသည်။ ဒါတွေကို ကြည့်ရင်း ဘုန်းတော်ကြီးမှာ အားရကြေနပ်မိလေသည်။
ဘုရားစကားတန်း ရှိတဲ့အချိန်တိုင်း မပျက်မကွက်လာရောက်သူထဲမှာ ဦးလာဇရူးတစ်ယောက်လည်း ပါဝင်လေသည်။ ဦးလာဇရူးသည် အရက်ဂျိုးလို့ခေါ်ရအောင် ဘယ်တော့မှခေါင်းမထောင်နိုင်အောင် သောက်တတ်လေသည်။ ဘယ်သူမှ ဆိုဆုံးမလို့မရ။ ဘုန်းကြီးလည်း ဆုံးမလို့မရပေ။ သို့သော်လည်း ဘုရားစကားတန်းကိုတော့ ခေါင်းငိုက်စိုက်နဲ့ မပျက်မကွက်လာနားထောင်တတ်လေသည်။ ထိုသို့လာသောအခါ သန့်သန့်ပြန်ပြန့်ဝတ်ဆင်လာကြသူများက သူ့နားကို မထိုင်နိုင်ကြ။ ဦးလာဇရူးသည် သူ့ကိုယ်သူလည်းသိသည်။ သူသည် သူများနှင့် အဆင့်အတန်းမတူ၊ အရောင်အဆင်းမှာလဲ မွဲချာ၊ အနံ့အသက်မှာလည်း အမြဲတန်းနံစော်နေသောကြောင့် ဘုရားစကားသင်သော ဓမ္မာရုံဒေါင့် အပေါက်ဝတွင် ထိုင်နေတတ်သည်။ လူအုပ်ထဲကို ဘယ်တော့မှလာမထိုင်ပါ။ ဘာသာသူများကလည်း ဦးလာဇရူးသည် အရက်ဂျိုးဖြစ်သော်လည်း ဘုရားစကားတန်း အမြဲလာတက်သောကြောင့် ဘယ်သူမှမငြိုငြင်၊ ဘယ်သူမှကရုမစိုက်ကြပါ။
သူငယ်တော်ယေဇူးအား ဒီနှစ်အတွက် ပေးမည့်လက်ဆောင်များကို တစ်ယောက်တစ်မျိုးပြောကြားနေချိန်မှာပဲ ဘုန်းတော်ကြီးက ဦးလာဇရူးကို လှမ်းခေါ်ကာမေးလိုက်သည်။
“ဗျို့ဦးလာဇရူး…. ခင်ဗျားလည်း သူငယ်တော်ယေဇူးလေးကို တစ်ခုခု မပေးချင်ဘူးလား… ခင်ဗျားလည်း ပေးစရာရှိနိုင်ပါတယ်… ”
“ကိုယ်…ကိုယ်တော်ရယ်… တ..တ..ဘက်..တော်..က… ဘယ်လို…လုပ်..ပြီး… ဘာကိုပေး..ရ..မှာလဲ”
ထိုအခါ ဘုန်းတော်ကြီးက… “ကျွန်တော်ပြောသလိုပဲလေ… ကျွန်တော်တို့ရဲ့ဘဝမှာ.. အမြတ်နိုးဆုံးအရာ တန်ဖိုးအထားရဆုံးအရာ …. လူတိုင်းမှာ တန်ဖိုးထားတဲ့အရာတွေ… တစ်ခုမဟုတ် တစ်ခုတော့ ရှိကြပါတယ်… လုပ်ပါဗျာ… ဦးလာဇရူး… ခင်ဗျားတန်ဖိုးထားတဲ့ အရာ၊ တန်ဖိုးရှိတဲ့အရာ..တစ်ခုလောက်”
“ကိုယ်တော်ရာ… တပည့်တော်မှာ မိန်းမလည်းမရှိ၊ သူများလို သားသမီးလည်းမရှိ၊ အမေပေးထားတဲ့ အိမ်စုတ်လေးတစ်လုံးနဲ့ပဲနေရတာကို….”
ထိုအခါ ဘုန်းတော်ကြီးက အကြောင်းအရာတစ်ခုကိုပြောပြလေသည်။
“ကလေးမလေး တစ်ယောက်မှာ သူမ အင်မတန်ချစ်မြတ်နိုး တန်ဖိုးထားတဲ့ ကစားစရာ ဂွမ်းအိတ်နဲ့လုပ်ထားတဲ့ အရုပ်ကလေးတစ်ရုပ်ရှိတယ်။ ကလေးဘဝကနေပြီး အသက် လေးနှစ်သမီးရောက်တဲ့အထိ သူဘယ်သွားသွား၊ သူ့အရုပ်ကလေးကို သယ်သွားတတ်တယ်။ ကလေးသဘာဝ မြေကြီးမှာဆော့တာ၊ လမ်းပေါ်မှာ ပြေးလွားကစားတာကအစ သူမရဲ့အရုပ်ကလေးကို လက်ကနေမချဘူး။ အရုပ်ကလေးကလည်း ဖုန်တွေ၊ သဲတွေနဲ့ ညစ်ပတ်နေတယ်။ အိပ်တဲ့အခါလည်း အဲဒီအရုပ်ကလေးကို ပိုက်ပြီးအိပ်တယ်။ တစ်နေ့တော့ သူ့အမေဟာ သူမကို အရုပ်သစ်ကလေးတွေ လှလှလေး ဝယ်လာပေးတယ်။ သူမရဲ့ ဟောင်းနွမ်းနေတဲ့ အရုပ်ကလေးက ပေါက်ပြဲလာတော့ သူ့အမေက အမှိုက်ထဲကိုပစ်ပြီး မီးထည့်ရှို့လိုက်တယ်။ လေးနှစ်အရွယ်ကလေးမလေးဟာ သူမရဲ့ညစ်ပတ်နေတဲ့ အရုပ်ကလေး မီးထဲပါသွားတော့ အတင်းပြန်ကောက်ယူတယ်။ မီးလောင်ထားတာ နဲနဲပဲကျန်တော့ မှ သူမက လွင့်ပစ်ခဲ့တယ်။”
ခဏရပ်ပြီး ဘုန်းတော်ကြီးက ဆက်ပြောတယ်..။
“ကျွန်တော်ပြောချင်တာက ကျွန်တော်တို့ရဲ့ ချစ်တဲ့၊ မြတ်နိုးတဲ့၊ ကြိုက်နှစ်သက်တဲ့အရာတွေဟာ ကျွန်တော်တို့ကသာ တဖက်သတ်စွဲလန်းနှစ်သက်နေတာ…၊ တကယ်တော့ ကလေးမလေးချစ်တဲ့ အရုပ်ကလေးလိုပဲ။ ဘာမှချစ်စရာ မကောင်းဘူး၊ ညစ်ပတ်နေတယ်။ စုတ်ပြတ်နေတယ်။ သူများအတွက်လည်း သုံးလို့မရ ကိုယ့်အတွက်လည်း ဘာမှတန်ဖိုးမရှိဘူး။ ဒါပေမဲ့ ဒါကိုပဲ၊ ချစ်တယ်၊ မြတ်နိုးတယ်၊ စွဲလန်းနေတယ်။ အဲဒါမျိုးကို ကျွန်တော်တို့ ချစ်တဲ့အရာ မြတ်နိုးတန်ဖိုးထားတဲ့အရာလို့ ပြောခဲ့တယ် မဟုတ်လား။ ဒါကြောင့် သူငယ်တော်ယေဇူးကို ကျွန်တော်တို့တန်ဖိုးထားတဲ့အရာတွေကို လက်ဆောင်ပေးပါလို့ပြောတာ.. သူများအတွက် ဘာမှ တန်ဖိုးမရှိပေမဲ့ ကိုယ့်အတွက်တော့ စွန့်ပစ်ဖို့ ခက်ခဲနေတဲ့အရာ… … အဲဒါ.. ပေးနိုင်တဲ့အခွင့်အရေး ရှိနေသေးတဲ့အချိန်မှာ… ပေးကြပါ… သေတဲ့အထိထွေးပိုက်မသွားချင်ပါနဲ့…”
ဘုန်းတော်ကြီး ပြောတဲ့စကားအဆုံးမှာတော့ အားလုံးက နားလည်သဘောပေါက်စွာနဲ့ တိတ်ဆိတ်ငြိမ်သက်သွား လေတော့သည်…။
“ကျွန်တော်တို့ စွဲလန်းတဲ့အရာ၊ ….. သေတဲ့အထိ ထွေးပိုက်မသွားချင်ပါနဲ့….”
ထိုအခါမှ ဦးလာဇရူးသည် ငယ်ငယ်တုံးက ဘုရားစကားတန်းမှာ ဓမ္မဆရာသင်ပေးခဲ့တဲ့ ကဗျာတိုကလေးကို ပြန်သတိယနေမိသည်။ “အဲ့ဒီအရာတွေကို ရှောင်ကြည်ရမယ်။ မစွဲကပ်စေနဲ့…..။ အဲ့ဒါတွေဟာ လူကိုဖျက်စီးတဲ့ အပြစ်ရင်းတွေပါတဲ့ …..”
ဦးလာဇရူးအနေနဲ့ အဲ့ဒီအရာတွေအားလုံးကို မရှောင်ကြည်နိုင်သည့်အပြင် အချိန်ကာလပေါင်းများစွာ စွဲကပ်နေခဲ့ပြီမဟုတ်ပါလား။ ဒီနှစ်မှာတော့ အနည်းဆုံး တစ်ခုကိုတော့ ပေးနိုင်အောင်းကြိုးစားမည်ဟု စိတ်ထဲမှာဆုံးဖြတ်နေရင်း နှုတ်ဖျားမှလည်း သတိလက်လွတ်ရွတ်ဆို နေမိလိုက်သည်။
“မာန…၊ ဒေါသ…၊ ကာမ…၊ မနာ…။
အစား….၊ ဒေါသ….၊ ပျင်းရိ …. တာ။”
“မာန…၊ ဒေါသ…၊ ကာမ…၊ မနာ…။
အစား….၊ ဒေါသ….၊ ပျင်းရိ …. တာ။”
ဝတၳဳ