Untitled Document
Untitled Document
Untitled Document
ဝတၳဳ
ခွင့်လွှတ်ပါမေမေ နီလာရိုင်း Posted by Sr. Eugenie(SFX)
အခန်း (၁)
လူ့ဘဝတွင် မိမိ၏လိုအင်ဆန္ဒနှင့် ဘဝတာဝန်တို့သည် တစ်ချိန်တည်းတွင် တိုက်ဆိုင်လာတတ်ပါသည်။ ထိုသို့သောအခါမျိုး တွင်၊ ဘဝတာဝန်ကိုပဲဦးစားပေးရမလား၊ မိမိရဲ့ ဆန္ဒကိုပဲဦးစားပေးရ မလားဆိုသည်ကို လွယ်လွယ်နှင့်ဆုံးဖြတ်ချက်မချနိုင်ကြပေ။ ဘဝနှင့်ဆန္ဒတို့သည် ဒွန်တွဲလွန်ဆွဲလာကြချိန်ဝယ် ဘဝ တာဝန်ကိုဦးပေးရမည်ကားမှန်ပါ၏။ သို့သော် မေတ္တာတရား၊ သတ္တိ၊ အနစ်နာခံမှုတို့ကို မပိုင်ဆိုင်ထားလျှင်ရွေးချယ်ရခက်ပေသည်။ အဘယ်ကြောင့်ဆိုသော် ဘဝတာဝန်ကိုဦးစားပေးရွေးချယ်သူတိုင်း အတွက်ပေးဆပ်မှုများက ကြိုဆိုနေ၍ ဖြစ်သည်။ ဘဝတာဝန်နှင့်လိုအင်ဆန္ဒတို့၏ဒွန်တွဲလွန်ဆွဲမှုကို ကြုံခဲ့ရသောဘုန်းတော်ကြီး တစ်ပါး၏ငယ်ငယ်က အတွေ့အကြုံတစ်ခုကို တဆင့်ပြန်ပြော ရမည်ဆိုလျှင်….
အခန်း (၂)
ဘုန်းတော်လေးဂျွန်သည် ဆွမ်းဘုဉ်းအပြီး ဘုန်းကြီးကျောင်းဆောင်အောက်ပြုတင်းပေါက်မှနေ၍ အပြင်သို့ ကြည့်ရင်း အမေ့ကိုသတိရနေမိသည်။ ညကလည်းအမေ့ကို အိပ်မက်သည် အိပ်မက်ထဲတွင် အမေနှင့်တွေ့သည်။ အမေသည် သူ့အားနှုတ်ဆက်ပြီး ပျောက်သွားသည်။ အမေ့ကိုလိုက်ရှာနေစဉ် အိပ်ရာမှလန့်နိုးခဲ့သည်။ အိပ်မက်ကိုအယုံအကြည်မရှိ။ သို့သော် အမေတစ်ခုခုများ ဖြစ်နေပြီလားဟု စိုးရိမ်မိပြီး၊ စိတ်အနည်းငယ်လေးနေသည်။ ခဏတွင် သံကြိုးစာ၊သံကြိုးစာဟုအော်လိုက်သော ထိုအသံကိုကြားလိုက်ရာ သံကြိုးရာလာပို့သောဝန်ထမ်းတစ်ဦး ကျောင်းတံခါးဝတွင်ရပ်နေသည်ကိုတွေ့ရသည်။ သံကြိုးစာလာပို့သော လူငယ်ဝန်ထမ်းအား ကျေးဇူးတင်စကားပြောဆို၍ သံကြိုးစာကိုသေသေချာချာဖတ်လိုက်မိသည်။
သံကြိုးစာမှာအောက်ပါ အတိုင်းဖြစ်သည်။
ဘုန်းဘုန်းဂျွန် “ကိုယ်တော့် အမေအသဲအသန်ဖြစ်နေပါသည်။ အမြန်ပြန်လာပါ။” ဦးလေးပီတယ်။
သံကြိုးစာကိုကိုင်ပြီး ဘုန်းတော်လေးဂျွန်သည်အတိတ်ကို ပြန်စဉ်းစားနေမိသည်။ မိမိ၏အဖေမှာမိမိငယ်စဉ်ကပင်သေဆုံးခဲ့ပုံ မိခင်ကြီးသည်မုဆိုးမဘဝနှင့် မိမိကိုပြုစုကျွေးမွေးပညာပေးခဲ့ပုံ၊ လိမ္မာပြီးဘုရားတရားပြည့်ဝသောသားလေးဖြစ်အောင် ပြုစုထိန်းကြောင်းခဲ့ပုံနှင့် တဦးတည်းသောသားဖြစ်သော မိမိကိုအလွန်ကြင်နာချစ်ခဲ့ပုံတွေကို ပြန်သတိရနေမိသည်။ ဘုန်းတော်လေးကျွန်၏ စိတ်အစဉ်သည် အတိတ်တွင်လွင့်မျော သွားပါတော့သည်။
အခန်း (၃)
လွန်ခဲ့သော(၃)လခန့်က အိမ်ခဏပြန်ပြီး အမေ့ကိုပြန်ကြည့်စဉ်က အမေသည်ကျန်းမာရေးသိပ်မကောင်းပါ။ အားနည်းနေပုံ၊ မောပမ်းနေပုံရသည်။ မုဆိုးမဘဝနှင့်သားအမိနှစ်ယောက်အတွက် ပင်ပင်ပမ်းပမ်းရုန်းကန်ခဲ့ရသော ဘဝဒါဏ်ရာများကို အသက်အရွယ်ကြီးလာသောအချိန်တွင်ပြန်ခံနေရပုံရှိသည် နှလုံးရောဂါပါ ရရှိနေ၍ ခွန်အားလျော့နေသည်။ ဆေးရုံနှစ်ခါတက်ခဲ့ရပြီး အချိန်မရွေးရောဂါဖေါက်နိုင်သည်ဟု ဆရာဝန်က သတိပေးခဲ့ဘူးသည်။ သို့သော်သားကို မြင်လိုက်ရသည်နှင့် အမေမှာလန်းဆန်းလာသည်။
သားပြန်လာတယ် ဟုပြောရင်း အမေသည်မိမိကို ဖက်ထားလိုက်သည်။ ခွန်အားတွေ ပြည့်လာဟန်ရှိသည်။ အမေသည် မိမိကိုဖက်ထားရင်း .. သားနေကောင်းရဲ့လား ...။ သာသနာလုပ်ငန်းတွေအဆင်ပြေရဲ့လား ... ဘယ်တော့ပြန်မှာလဲ ..." စသဖြင့် မေးခွန်းများကိုဆက် တိုက်မေးလာသည်။ သားနေကောင်းပါတယ် ... အမေသိချင်တာတွေကိုလည်း သားပြောပြပါ့မယ် ... သားအမေနဲ့ လေးရက်လောက် အုံးမှာပါ ...။
အေးကောင်းပါပြီ။ သားဦးလေးနဲ့ အဒေါ်ကိုလည်းနှုတ် ဆက်ပြီးစကားပြောကြအုံး။ အမေဆေးသောက်ပြီးလာခဲ့မယ်... ထိုလေးရက်စလုံးတွင် အမေသည် သာသနာအကြောင်း လုပ်ငန်းအကြောင်း သူသိချင်ရာများကို မောမပမ်းမေးခဲ့သည်။
မိမိကလည်းအမေသိချင်ရာများကို စိတ်ရှည်လက်ရှည်ဖြင့်ရှင်းပြခဲ့ပါသည်။ ထိုလေးရက်အတွင်း အမေသည် သားနှင့်တွေ့ရ၍အလွန်ကြေနပ်နေဟန်ရှိခဲ့သည်။ ဦးလေးနှင့်အဒေါ်ကပင် အမေဝမ်းသာနေသည်ကို တွေ့ရ၍ ပီတိဖြစ်နေကြသည်။ အမေသည် နောက်ဆုံးပြန်မည့်ညက မိမိအားကြည့်၍ .. သားကိုအမေမွေးပေးခဲ့ပေမဲ့ သားကိုအမေဆိုင်ရုံသာဆိုင်တာပါ၊ သားကိုဘုရားထံအမေဆက်ကပ်ထားပြီးပြီ၊ အသင်းတော်ကပဲ သားကိုပိုင်တယ်သား .. ဒါပေမဲ့ အမေမသေခင် သားရဲ့ ကောင်းချီးမင်္ဂလာကိုခံယူချင်တယ်။ ဖြစ်နိုင်ရင်ပေါ့လေ…။
စိတ်ချပါအမေ ၊ သားအမေ့ဆီအရောက်လာခဲ့ပါမယ်..။
မိမိသည် အမေ့ကိုကတိပေးလိုက်သော်လည်း မိမိ၏ဘဝသည် တာဝန်ကိုဦးစားပေးရသည့်ဘဝမို့ ပေးလိုက်သောကတိ တည်မည်လို့တော့ တပ်အပ်မပြောနိုင်ပါ။ မိမိပြန်မည့်မနက်က အမေ့မျက်နှာသိပ်မကောင်းချင်။ သူမ၏ဘဝတွင်တစ်ဦးတည်းသောသားကိုမခွဲချင်ပါ။ တစ်ခုတည်းသောသံယောဇဉ်မဟုတ်ပါလား .. သို့ရာတွင် အမေသည် ဘာသာတရားကိုင်းရှိုင်းသူဖြစ်၍ဖြေသိမ့်နိုင်ခဲ့သည်။
ပြန်ခါနီး အမေ့ကိုနှုတ်ဆက်သောအခါ ..
သားအပြန်ခရီးဘေးကင်းပါစေ။ ဘုရားကောင်းကြီးပေးပါစေ။ တာဝန်ကျတဲ့ သိုးထိန်းကောင်းတစ်ပါးဖြစ်ပါစေဟု ဆုတောင်းပေးပြီး . ... အမေ့အတွက်စိတ်ချပါ၊ မပူပါနဲ့၊ သားဦးလေးနဲ့ အဒေါ်တွေကကောင်းကောင်းကြည့်ကြပါတယ် ဟုသားကိုဖက်ပြီးပြောနေရှာ၏။
အမေ၏မျက်နှာကိုကြည့်လိုက်သောအခါ၊ အမေ၏ မျက်ဝန်းမှမျက်ရည်စလေးများကိုမြင်ရသည်။ အမေသည်မျက်နှာကိုပြင်လိုက်ပြီး မျက်ရည်ကိုသုတ်ရင်း--- သွားတော့သား၊ တော်ကြာအချိန်နောက်ကျ နေအုံးမယ် သားသွားတော့မယ်အမေ၊ အမေကျန်းမာအောင်နေပါ။
အမေ့အတွက်သားအမြဲဆုတောင်းပေးနေမယ်။ သားလည်းတာဝန်ကျေတဲ့ သိုးထိန်းတစ်ပါးဖြစ်အောင်ကြိုးစားနော်။ ကြိုးစားပါ့မယ်အမေ။ ဟု ဆိုပြီး - - -
ဦးဦးဒေါဒေါ်အား အမေ့ကိုကောင်းကောင်းကြည့်ရန်နှင့် လိုအပ်ရာများအတွက်စီစဉ်ပေးပြီး ကျောင်းထိုင်ရာ သာသနာသို့ပြန်လာခဲ့ပုံကို ပြန်မြင်ယောင်နေမိသည်။ မည်မျှကြာအောင်၊ စဉ်းစားနေမိသည်မသိ ကိုယ်တော် ဘာတွေစဉ်းစားနေတာလဲ။ သံကြိုးစာထဲမှာဘာတွေပါလို့လဲ ဟု အနီးတွင် ရပ်နေသော မမ္မဆရာကြီးကမေးလိုက်မှ ဘုန်းတော်လေးဂျွန်၏အတွေးစများ ပြတ်တောက်သွားသည်။ အော်အမေ့အကြောင်း စဉ်းစားမိတာပါ အမေနေမကောင်းဘူးဆိုတာ ဦးလေးကသံကြိုးရိုက်လိုက်တာပါ။ ပြန်နေကောင်းသွားမှာပါဟုဖြေလိုက်၏။ ပြန်နေကောင်းသွားမှာပါ၊ ကိစ္စမရှိပါဘူး။ ဟု ဘုန်တော်လေးကျွန် ကပြောနေသော်လည်း သူ၏မျက်နှာဝယ်၊ ဝမ်းနည်းခြင်း ၊ပူပန်ခြင်း၊ စိတ်မကောင်းခြင်းများ ယှက်သန်းနေသည်ကို ဓမ္မဆရာကြီးရိပ်မိသည်။
ဘုန်းတော်လေးဂျွန်ကပြုံး၍ မိမိအားအဖြေပေးနေသော်လည်း ထိုအပြုံးသည် အသက်မပါမှန်း ဓမ္မဆရာကြီးကသိနေသည်။
ကိုယ်တော့်ကိုကူညီစရာရှိသေးလား။ အထွေအထူးတော့မရှိပါဘူး။ မနက်ဖြန်အမေ့ဆီ ခဏပြန်လိုက်အုံးမယ်။ ကျောင်းကိစ္စတွေဆရာပဲကြည့်စီစဉ်ထားပေးပါ။
စိတ်ချပါကိုယ်တော်ဟုဆို၍ ဓမ္မဆရာကြီးကထွက်သွားပါသည်။ ညနေ(၅)နာရီထိုးနေပြီမို့ သင်္ဘောမမှီတော့ပါ။ မနက် အစောကြီးထ၍ မစ္ဆားဟောပြီးမှ အမေ့ဆီကိုပြန်ရန်ဆုံးဖြတ်လိုက်သည်။
အခန်း (၄)
နောက်တစ်နေ့ နံနက်စောစောတွင် ဘုန်းတော်လေးဂျွန်သည် မစ္ဆားဟောပြီး အဆာပြေဆွမ်းဘုဉ်း၍ အဝတ်အစားအိတ်ယူကာလူငယ်တစ်ဦးနှင့် ခရီးထွက်ရန် ကျောင်းဂိတ်သို့ လျှောက်လာစဉ် တောရွာမှဘာသာသူနှစ်ဦးနှင့်ဂိတ်တွင်ဆုံကြသည်။
“ဒကာလေးတို့ စောစောစီးစီးဘယ်ကနေလာကြတာလဲ” “တပည့်တော်တို့ ရွာကနေပဲလာကြတာပါ .. ကိုယ်တော်ခရီးထွက်မလို့လား ..” “ဟုတ်တယ်ကိစ္စလေးရှိလို့ တစ်ရက်နှစ်ရက် ခရီးထွက် စရာရှိတယ် ..”
ဘုန်းတော်လေးဂျွန်က ခရီးထွက်ရန်ရှိသည်ဟု ပြောလိုက် သောအခါ ဘာသာသူနှစ်ဦးမှာ မျက်နှာပျက်သွားကြပါသည်။ အတန်ကြာမှ တစ်ဦးက “တပည့်တော်အမေ၊ အသည်းအသန်ဖြစ်နေလို့ တပည့်တော်တို့ ကိုယ်တော်ကိုလာပင့်ကြတာပါ။ ဖြစ်နိုင်ရင်ကိုယ်တော်လိုက်ခဲ့ပါကိုယ်တော်ရယ်။” ဟု ပြော၏။ ဘုန်းတော်လေးဂျွန်သည် အဖြေရခက်သွား၏။ တစ်ဖက်တွင်အသက်သခင်ကျေးဇူးရှင် မေမေ၏အရေး၊ တစ်ဖက်တွင်လည်း မိမိ၏ဘာသာတူ သား၊ သမီး၏အရေး ဘယ်ဟာကိုဦးစားပေးရမှန်းမသိ။ “မေမေမသေခင် သားရဲ့ကောင်းကြီးမင်္ဂလာခံယူခြင်တယ်။” ဆိုသည့်မိခင်ကြီး၏လိုအင်ဆန္ဒ၊ “တပည့်တော်အမေ အသည်းအသန်ဖြစ်လို့ ကိုယ်တော့်ကို လာပင့်တာပါ၊ လိုက်ခဲ့ပါနော်။” စသည့်ဘာသာတူလူငယ်၏ တောင်းပန်သံ၊ ထိုလူငယ်နှစ်ဦးသည်လည်း မိမိကဲ့သို့သူတို့၏မိခင်အတွက် စိုးရိမ်နေမည်ကိုစဉ်းစားမိ၏။ နောက်ဆုံး မိမိအားမျှော်လင့်ချက်ကြီးစွာနဲ့ မျက်နှာငယ်ငယ်လေးများဖြင့် ကြည့်နေသောဘာသာတူနှစ်ဦးအား
“အေး .. မင်းတို့နဲ့ ကျွန်ုပ်လိုက်ခဲ့ပါမယ်” ဟုပြောရာ “ကျေးဇူးတင်လိုက်တာ ကိုယ်တော်ရယ်” ဟု နှစ်ဦးလုံးက တပြိုင်တည်းပြောကြသည်။ သူတို့၏မျက်နှာမှာ ဝမ်းသာခြင်းအပြည့်။
ဘုန်းတော်လေးက ပြုံး၍ “ဒါဟာတို့ သိုးထိန်းတွေရဲ့ တာဝန်ပဲလေ။ လာသွားကြစို့” ဘုန်းတော်လေးဂျွန်၏ရင်ထဲမှာကား အမေ့ဆန္ဒကို ဦးစားမပေးနိုင်သည့်အတွက်စိတ်မကောင်း၊ အမေ့အသက်ကိုမှီမှ မှီပါ့မလားဟု စိုးရိမ်ရင်း လူငယ်နှစ်ဦးနှင့်အတူ လူမမာဆီသို့ခရီးထွက်ခဲ့ပါတော့သည်။
လူမမာအိမ်ရောက်သည်နှင့် လူမမားအား အပြစ်ဖြေပေးခြင်း၊ ပရိတ်တော်ဆီပေးခြင်း၊ ကိုယ်တော်မြတ်ပေးခြင်း ကိစ္စအဝဝကိုဆောင်ရွက်ပေးပြီး အပြန်ခရီးကဝေး၊ အချိန်ကလည်း နောက်ကျ၍ ထိုရွာတွင်အိပ်ပြီး မနက်စောစောတွင် လူမာအတွက် ဘုန်းကြီးပင့်ခဲ့ကြသော လူငယ်နှစ်ဦးကပင်ပြန်ပို့ကြပါသည်။ ကျောင်းသို့ပြန် ရောက်ပြီး လိုအပ်ရာများကို မှာကြား၍ သူ၏အမေထံသွားရန် ဘုန်းတော်လေးဂျွန်သည် သင်္ဘောဆိပ်သို့ လူငယ်တစ်ဦးနှင့်အတူ ထွက်ခွါလာခဲ့သည်။ သင်္ဘောစီး၍ ခရီးနှင်ခဲ့ကြပါသည်။ သင်္ဘောဆိုက်လျှင် ကမ်းပေါ်တက်၍ ကားတစ်ဆင့်စီးခဲ့ရပြန်သည်။
အမြန်သင်္ဘော စီးရသည်မှာ အလွန်နှေးလွန်းလှသည်ဟု ထင်နေသည်။ ကားစီးရာတွင်လည်း တစ်နာရီ မိုင်(၇၀)နှုန်းမောင်းနေ သောကားသည်ပင် ဘုန်းတော်လေးဂျွန်အတွက် အလွန်နှေးလွန်းနေပါသည်။ အမေ့ကိုအသက်မှီပါ့မလား ဟူသောစိုးရိမ်စိတ်ကကြီး စိုးနေသည်။ လမ်းတစ်လျှောက်လုံးတွင် အမေ့မျက်နှာကိုသာ မြင်ယောင်နေသည်။ ကားဂိတ်ရောက်လျှင် ဆိုက်ကားသည်။ အိမ်ရှေ့သို့ရောက်လျှင် ဆိုက်ကားခရှင်းပြီး အိမ်ထဲသို့ လှမ်းကြည့်လိုက်ရာ လူများဆူညံစွာ စကားပြောနေသည်ကို တွေ့လိုက်ရ၍ ဘုန်းတော်လေးဂျွန်သည် ရင်ထိတ်သွားသည်။ သို့သော် အမေမသေသေးပါစေနဲ့ ဟုလည်း ဆန္ဒပြုနေသည်။ သို့သော်သူ၏ဆန္ဒမပြည့်ဝတော့ပါ။ သူ့ကိုမြင်လျှင် သူ၏ဦးလေး ပီတာက ပြေးထွက်လာပြီး - “ကိုယ်တော့် အမေမနက်ပဲဆုံးသွားတယ်။ သားကိုလည်းမသေခင်အထိ မေးနေတယ်။ ကျောင်းထိုင်ဘုန်းတော်ကြီး ဂျိုးဇက် ကလူမမာနှင့်ဆိုင်တဲ့ စက္ကရမင်တူးတွေအားလုံးလာပေးသွားတယ်။ သားကိုတမ်းတရင်းနဲ့ပဲဆုံးသွားရှာတယ်။”
ချစ်သောအမေ ဆုံးသွားပြီဆိုသည့်စကားက ဘုန်းတော် လေးဂျွန်၏ နှလုံးသားတွင် နာကျင်စွာ ခံစားလိုက်ရသည်။ သူ၏ရင်ထဲမှာလည်း ဟာတာတာကြီးဖြစ်သွားပါသည်။ နားထဲတွင်လည်း.. “အမေမသေခင် သားရဲ့ ကောင်းကြီးမင်္ဂလာ ခံယူသွားချင်တယ်" “စိတ်ချပါအမေ သားကတိပေးပါတယ်” ဆိုသောစကားသံများကို ပြန်ကြားနေမိသည်။ အမေ့ကိုပေးထားသော ကတိမတည်နိုင်ခဲ့၊ အမေ့ဆန္ဒကိုလည်း မဖြည့်ဆီးနိုင်ခဲ့တဲ့ သူ့အဖြစ်ကို ဝမ်းနည်းနေမိရင်း ... အမေ၏ အလောင်းရှိရာသို့ သွားပြီး၊ အသက်မဲ့နေပြီဖြစ်သော အမေ့ကိုကောင်းကြီးပေးလျှက်... “အမေရယ်သားကိုခွင့်လွှတ်ပါ” ဟုတိုးတိုးလေး တောင်းပန်ကာ မျက်ရည်စများနှင့်အမေ့ကို နောက်ဆုံးအနမ်းလေးတစ်ပွင့်ပေးလိုက်ပါသည်။ ဘာသာတရားကိုင်းရှိုင်းသော အမေသည် တာဝန်များကြောင့် မိမိအား မသေခင်လာမတွေ့နိုင်သောသားကို နားလည်ခွင့်လွှတ်နေမည်ကို သိထားသော်လည်း - နှုတ်မှ “ခွင့်လွှတ်လှဲ့ပါအမေ”ဟုဘုန်းတော် လေးဂျွန်သည် ထပ်ခါထပ်ခါ တောင်းပန်နေရှာလျှက်…
အခန်း (၅)
ဘုန်းတော်လေးဂျွန်၏အဖြစ်အပျက်ကိုပြန်လည်၍ ကြားသိရသောအခါ သူ၏ဘာသာတူတို့သည် စိတ်မကောင်းကြပါ။ ဘုန်းတော်လေးအတွက် မျက်ရည်များဝဲကြရပါသည်။ သို့သော် ဘုရားရှင်သည် မိမိတို့အား သိုးထိန်းကောင်းတစ်ပါးပေးထားသည့်အတွက်ကိုမူ ဝမ်းသာကျေးဇူးတင်နေကြပါသည်။
အခန်း(၆)
ဘုန်းတော်လေးဂျွန်အနေနဲ့လည်း မိမိ၏ဆန္ဒနှင့် ချစ်လှစွာသောမိခင်ကြီး၏ဆန္ဒကိုမဖြည့်စွက်နိုင်ခဲ့သော်လည်း ဘာသာတူတို့၏ဆန္ဒကို ဖြည့်ဆည်းပေးနိုင်ခဲ့သည်မို့ ဖြေသိမ့်နိုင်ခဲ့သည်။ ဆန္ဒနှင့်ဘဝလွန်ဆွဲပွဲလေးတွင် ဝေဒနာနှင့်ရင်းလျှက် မှန်ကန်သောရွေးချယ်မှုကိုပြုနိုင်ခဲ့သည့်အတွက် ဘုန်းတော်လေးဂျွန်သည် ဘုရား၏ကျေးဇူးတော်ကို ချီးမွမ်းနေမိပါသတည်း။
ဝတၳဳ