Untitled Document
Untitled Document
Untitled Document
ဝတၳဳ
ရှိခြင်းမရှိခြင်းဆိုင်ရာအတွေးလေးတစ်ခု နီလာရိုင်း Posted by Sr. Eugenie(SFX)

အခန်း (၁)

လူတစ်ယောက်ဟာ တစ်ခုခုကိုပိုင်ဆိုင်ထားခြင်းနှင့် မပိုင်ဆိုင်ထားခြင်း၊ သို့မဟုတ် တစ်ခုခုရှိခြင်းနဲ့မရှိခြင်းဟာ အဲ့ဒီလူအတွက် အတူတူပါပဲလို့ပြောလာရင် မဖြစ်နိုင်တာဘဲလို့ လူတွေကဆိုချင်ဆိုကြမယ်။ ဘာကြောင့်လဲဆိုတော့ တစ်ခုခုကိုပိုင်ဆိုင်ခြင်းနဲ့မပိုင်ဆိုင်ခြင်းဟာ အဓိပ္ပါယ်ကွဲမြားနေလို့ပါပဲ။
ဥပမာ- လူတစ်ယောက်မှာ ငွေတစ်သိန်းပိုင်ဆိုင်ထားတာနဲ့ငွေတစ်ပြားမှမပိုင်ဆိုင်တာဟာ မတူလို့ပါပဲ။
လူတစ်ယောက်ဟာပညာတတ်တာနဲ့ ပညာမတတ်တာ ဟာလည်းကွာခြားနေလို့ပါပဲ။ ခြားနားမှု ရှုထောင့်ကနေကြည့်ရင် ရှိတာနဲ့မရှိတာဟာ မတူနိုင်ဘူးဆိုတာအမှန်ပါ။ သို့သော် အခြားဆင်တူမှု (Similarity) ရှုထောင့်တစ်ခုကနေကြည့်ပြန်ရင်တော့ လူတစ်ယောက်မှာ တစ်ခုခုရှိခြင်းနှင့်မရှိခြင်းဟာ တူညီပါတယ်လို့လည်းပြောနိုင်ပါတယ် ရမယ်ဆိုရင်။
ဥပမာလေးတစ်ခုပေးရမယ်ဆိုရင်…
အခန်း(၂)
တခါက ရွာတစ်ရွာမှာဓမ္မဆရာတစ်ယောက်ကို ဘုန်းကြီးတစ်ပါးက ဘုရားစကားသင်ခိုင်းတယ်။ နေ့စဉ် မနက်(၉)နာရီမှာ ဘုရားစကားလာသင်ဖို့ အချိန်ဇယားပေးထားတယ်။ ဒါပေမယ့် သူကကိုးနာရီခွဲလောက်မှ ရောက်လေ့ရှိတယ်။
ဒါနဲ့ ဘုန်းတော်ကြီးက ဆရာအချိန်နောက်ကျလှချည့်လား၊ အချိန်တိကျပါလို့ ပြောတော့တပည့်တော်မှာနာရီမရှိဘူး၊ ဒါကြောင့်မို့ တပည့်တော်အချိန်အတိအကျမသိဘူး၊ ကိုယ်တော် ဝယ်ပေးပါလားလို့ ပြန်ပြောတယ်။ ဘုန်းကြီးကလည်း ကောင်းပါပြီဆရာဆိုပြီး နာရီတစ်လုံးဝယ်ပေးလိုက်တယ်။ နာရီဝယ်ပေးပြီး နောက်တစ်နေ့မှာလည်း ဆရာဟာကိုးနာရီခွဲလောက်မှပဲ ရောက်လာတယ်။ ဘာကြောင့်နောက်ကျ သလဲလို့မေးတော့ မိတ်ဆွေတစ်ယောက်နဲ့ စကားပြောတာအရှိန်လွန် သွားလို့ပါတဲ့ဗျာ။ နောက်တစ်နေ့ရောက်တော့လည်း အိမ်အလုပ်တွေ ခိုင်းလို့လုပ်ပေးနေရပါတယ်လို့ ဆင်ခြေပေးတယ်။ ဒီလိုလူမျိုး ကျတော့ နာရီမရှိတာနဲ့ရှိတာဟာဘာခြားနားလဲ။
နာရီမရှိတော့ အချိန်မသိ၊ အချိန်မသိတော့ အလုပ်နောက်ကျတယ်။ နာရီရှိပြန်တော့လည်း အချိန်ကိုမလေးစားလို့
အလုပ်နောက်ကျပြန်တာပဲ။ အလုပ်ခွင်မှာ နောက်ကျတာခြင်း အတူတူပါမဟုတ်လား။ သူ့အတွက်နာရီရှိတာနဲ့ မရှိတာအတူတူပဲဗျာ။ နောက်ကျနေတာပဲ အလုပ်မဖြစ်ပါဘူး။
အခန်း(၃)
မီးခွက်ဆိုတာ အလင်းရအောင်ထွန်းရတာပဲ၊ မီးခွက်ကို ထွန်းပြီးတောင်းအောက်မှာထားရင် ပတ်ဝန်းကျင်ကို အလင်းရောင်မပေးနိုင်ပါဘူး။ ဒါကြောင့် မီးခွက်မရှိရင် မီးခွက်ရဲ့အလင်းကို အသုံးမချနိုင်ဘူး။ အခန်းဟာ မှောင်နေမှာပဲ မီးခွက်ရှိလျှက်နှင့် မီးခွက်ကိုထွန်းပြီး တောင်းအောက်မှာအုပ်ထားရင်လည်း အခန်းဟာ မလင်းလာနိုင်ဘူး၊ မှောင်နေမှာဘဲ။ ဒါကြောင့် မီးခွက်မရှိလည်းမှောင်၊ မီးခွက်ရှိလည်းမှောင်နေမှာဘဲ။ အဲ့ဒီလူအတွက် မီးခွက်ရှိခြင်းနဲ့မရှိခြင်းဟာမခြားနားဘူး။ အမှောင်ထဲမှာနေရတာခြင်း အတူတူပါဘဲ။ အလုပ်မဖြစ်ပါဘူး။ အသုံးမဝင်ပါဘူး။ ဝါးလုံးခေါင်းထဲလသာတဲ့သဘောပါဘဲ။
အခန်း (၄)
စက်ရုပ်ဟာ ဦးနှောက်မရှိဘူး၊ အသက်မရှိဘူး၊ ဒါကြောင့်မစဉ်းစားတတ်ဘူး။ ကောင်းလား၊ ဆိုးလား၊ မှန်လား၊ မှားလား၊ သင့်သလား၊ မသင့်ဘူးလား မခွဲခြားတတ်ဘူး။ ခိုင်းသလိုလုပ်တယ်။ လူဟာဦးနှောက်ရှိတယ်။ အသိဉာဏ်ရှိတယ်။ အမှန်နဲ့အမှား၊ အကောင်းနဲ့အဆိုး၊ အကျိုးနဲ့အကြောင်းခွဲခြားနိုင်တယ်။ ဒါပေမဲ့ လူတစ်ယောက်ဟာ အသိဉာဏ်ကိုမသုံးဘဲ မတွေးခေါ်၊ မစဉ်းစားဘဲ မှားတာရော၊ မှန်တာရော ခိုင်းတိုင်း သာလုပ်ရင် မစဉ်းစားတတ်တဲ့ ဦးနှောက်မရှိတဲ့ သံပတ်ပေးထားတဲ့ စက်ရုပ်နှင့်ဘာခြားမလဲ။ ဒီလိုလူမျိုးဟာ စက်ရုပ်လိုပါပဲဗျာ။ ဦးနှောက်မရှိသလိုပါပဲ။ အလုပ်မဖြစ်ပါဘူး။ ရှိတာကိုမှအသုံးမချတတ်ဘဲ။
အခန်း(၅)
ရုပ်မြင်သံကြားတွေ၊ သတင်းစာတွေမရှိတဲ့ရွာက လူတစ်ယောက်ဟာ ရေဒီယို (Radio)မရှိရင် ကမ္ဘာ့သတင်းတွေ မြန်မာ့သတင်း တွေနားမထောင်နိုင်ဘူး၊ နားမထောင်နိုင်လို့ ဒီသတင်းတွေ ချက်ချင်းမသိနိုင်ဘူး၊ သတင်းမရဘူးပေါ့။ တကယ်လို့ ရေဒီယို (Radio) ရှိလည်း နားထောင်ဖို့ပျင်းနေရင်၊ အသုံးမချရင်၊ ကမ္ဘာ့သတင်းတွေ၊ မြန်မာ့သတင်းတွေ ချက်ချင်းမသိနိုင်ပြန်ဘူး။ ဒီလိုလူမျိုးအတွက် ရေဒီယိုးရှိခြင်းနှင့် မရှိခြင်းဟာ အတူတူပါဘဲ။ ရသင့်တဲ့သတင်းတွေ အမှောင်ကျနေမှာဘဲ။ ရေဒီယိုရှိရက်နဲ့ ရေဒီယိုမရှိသူလိုဘဲ၊ သတင်းမရခြင်းမှာတော့ အတူတူပဲမဟုတ်ပါလား။
အခန်း (၆)
လူသားတိုင်းကို ဘုရားသခင်က ဉာဏ်ပညာတွေပေးထားတယ်။ ကျေးဇူးတော်တွေ ပေးထားတယ်။ စည်းစိမ်ဥစ္စာတွေ၊ ပေးထားတယ်။ ဒါပေမဲ့ ဒီပညာတွေ၊ ဒီဥစ္စာတွေ ဒီကျေးဇူးတော်တွေကို မဝေမျှတတ်ရင်၊ ကိုယ့်အတွက်ကောင်းစွာ အသုံးမချတတ်ရင်၊ အတ္တ အကျိုးအတွက်ပဲသုံးရင် ကျွန်ုပ်တို့ဟာ ကမ္ဘာလောကကြီးနဲ့ လူသားတွေအတွက်အကျိုးမပြုနိုင်ပါဘူး။
ကျွန်ုပ်တို့မှာရှိတာတွေဟာ မရှိတာနဲ့အတူတူပဲလို့ဆိုလို့ ရပါတယ်။ လောကအတွက်အကျိုးမရှိသလို၊ လူသားတွေအတွက်၊ မိမိအတွက်လည်းအကျိုးမရှိလို့ပါပဲ။
အခန်း (၇)
ကျွန်ုပ်တို့လူသားအားလုံးကို ဘုရားရှင်က ကျေးဇူးတော်အမျိုးမျိုးပေးထားပါတယ်။ အဲဒီကျေးဇူးတော်တွေဟာ ကျွန်ုပ်တို့ဆီမှာ ရှိခြင်းနဲ့မရှိခြင်းဟာ အတူတူပဲဖြစ်နေသလားဆိုတာ ကျွန်ုပ်တို့ပြန်စဉ်းစားသင့်ပါတယ်။ အဲဒီဘုရားပေးထားတဲ့ကျေးဇူးတော်တွေကို ဘုရားအလိုတော်အတိုင်း အသုံးမချရင် လူသားတွေကိုမဝေငှရင် ကျွန်ုပ်တို့မှာရှိတဲ့ ဘုရားကျေးဇူးတော်တွေဟာ နှမြောစရာပါပဲ။ မရသလိုပါဘဲ။
ကျွန်ုပ်တို့မှာ ဘုရားကျေးဇူးတော်တွေရှိခြင်းနဲ့မရှိခြင်းဟာ မတူပါဘူးလို့ပြောနိုင် ရင်တော့ဝမ်းသာစရာပါပဲ။ မိမိသည် ကျေးဇူးတော်တွေကို ဘုရားအလိုတော်အတိုင်း အသုံးချသူအဖြစ်၊ ဘုရားကျေးဇူးကို သိတတ်သူအဖြစ်၊ ကမ္ဘာလောကကို အလှဆင်သူအဖြစ်၊ လူသားတွေကို ချစ်ခင်ကြင်နာသူအဖြစ်၊ ကောင်းမြတ်မှု မှတ်တမ်းလေးတစ်ခု သေသွားတဲ့အခါ ကိုယ်နဲ့အတူ ယူဆောင်သွားနိုင်ခွင့်လေးရှိပြီဆိုပါတော့။
ဝတၳဳ