Untitled Document
Untitled Document
Untitled Document
ဝတၳဳ
တောင်ပြာတန်းကကြိုနေမယ် (နီလာရိုင်း) Posted by Sr. Eugenie(SFX)

#အခန်း(၁)

စီးပွားရေးတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမအနီးတွင်အသားဖြူဖြူချောချော အမျိုးသမီးလေးတစ်ဦးသည် တစ်စုံတစ်ယောက်ကို မျှော်နေဟန်တူသည်။ အပြာရောင်လက်ရှည် ဆွယ်တာလေးအောက်မှ နာရီကိုကြည့်လိုက်၊ လမ်းမကြီးပေါ် ကြည့်လိုက်နှင့် အလုပ်ရှုပ်နေသည်။ မကြာမီထိုနေရာသို့လေးဘီးကားတစ်စင်းထိုးရပ်လာသည်။ ကားပေါ်မှအသားညိုညိုခန့်ခန့် လူရွယ်တစ်ဦးဆင်းလာ၍ မိန်းမပျိုလေးအား လှမ်းနှုတ်ဆက်လိုက်သည်။

“ခရေရောက်တာကြာပြီလား ...”
“ကိုကိုလာမှလာပါ့မလားလို့ ...”
“အဆောင်ကသူငယ်ချင်းတစ်ယောက်ဖျားနေလို့ ဆေးခန်းလိုက်ပို့ခဲ့ရတယ်။ ခွင့်လွှတ်ပါနော်။ ဒါကြောင့် နောက်ကျသွားတာတောင်းပန်စရာမလိုပါဘူးကိုကိုရယ်.. ခရေအမြဲ နားလည်ခွင့်လွတ်တတ်ပါတယ်..”
“ခရေ… ကိုကို့ကိုပြောစရာရှိတယ်ဆို… ပြောလေ”
“ဪ .. ကိုကို့ဆီက ကတိတစ်ခုတောင်းချင်တယ်”
“ဘာကတိလဲခရေ… ပြောလေ”
“ပေးနိုင်မလားကိုကို...”
“ကိုကို အတတ်နိုင်ဆုံးလိုက်လျောပါ့မယ်။ ကတိတော့မပေးပါရစေနဲ့..။ ကတိတစ်ခုကိုလွယ်လွယ်နဲ့ပေးပြီး လွယ်လွယ်နဲ့ပျက်မှာစိုးတယ်....”
“ကိုကို့သဘောပါဘဲလေ.. ဒါနဲ့ အခုဆို တက္ကသိုလ်နောက်ဆုံးနှစ်စာမေးပွဲ ပြီးသွားပြီနော်.. ကိုကိုနဲ့ ခရေတို့ရဲ့အနာဂါတ်ဘဝကို ဘယ်လိုစီစဉ်မလဲ ကိုကို..”
လူရွယ်ကားတိတ်ဆိတ်စွာနေသည်။
“ကိုကို ခရေကို မလိမ်မညာဖြေနော်..”
“အင်း”
“ကိုကို ခရေနဲ့ အတူနေချင်ရဲ့လား…”
“အင်း”
“ဘာတအင်းအင်းလုပ်နေတာလဲကိုကို.. ခရေရဲ့စကားကိုအလေးအနက်မထားလို့လား…”
“မဟုတ်ရပါဘူးခရေရယ်.. ရေမှာမပျော်တဲ့ငါးမရှိပါဘူး၊ အာကာသကောင်းကင်ပြာလေထဲမှာ မပျော်တဲ့ငှက် မရှိပါဘူး။ ဒီလိုပဲ ကိုယ်ချစ်သူနဲ့ အတူမနေချင်တဲ့လူ ရှိပါ့မလား၊ ကိုကို ခရေ့ကို ဘယ်လောက်ချစ်တယ်ဆိုတာ ခရေအသိဆုံးပါ။ ဒါပေမဲ့…”
“ဒါပေမဲ့ဘာဖြစ်လဲကိုကို၊ ဘယ်လိုဆင်ခြေတွေပေးအုံးမှာလဲ..”
“ဪ .. ဘာတစ်ခုမှမပြည့်စုံသေးတဲ့ ကိုကို့ဘဝကို၊ ခရေတကယ်လက်တွဲနိုင်ပါ့မလား.. ကိုကို့ရဲ့ ရည်မှန်းချက်တွေ ကို ခရေနားလည်နိုင်ပါ့မလားလို့ တွေးနေတာပါ။ နောက်ပြီး ကိုကိုက ဆင်းရဲတယ်၊ ချင်းပြည်နယ်က တောင်တန်းသားလေး တစ်ယောက်ပါ။ မကြာခင် တောင်ပြာတန်းကိုပြန်ရမယ်၊ ကိုကို လျှောက်ရမယ့်ခရီးလမ်းက ပန်းခင်းလမ်းမဟုတ်ဘူး ခရေ - ကြမ်းတမ်းတယ် .. ခရေလိုက်နိုင်ပါ့မလား၊ လိုက်ရဲပါ့မလား ခရေရယ်..” “လိုက်ရဲပါတယ်ကိုကို”
“ဒါဆို ခရေ တောင်တက်ဝါသနာပါသလား”
“ဝါသနာမပါဘူးကိုကို ... သိပ်ပင်ပန်းတယ်”
“ခရေ တောမှာပျော်လား”
“ပျင်းစရာကြီးပါကိုကိုရာ.. မြို့မှာပဲ ခရေပျော်တယ်။ လက်ထပ်ပြီးရင် ကိုကိုလဲ ခရေတို့နဲ့မြို့မှာပဲ နေရမယ်။”
လူရွယ်ကား သက်ပြင်းချကာ ဟိုအဝေးဆီသို့ ငေးနေမိသည်။
“ကိုကို ဘာတွေးနေတာလဲ”
“ဪ .. ဟိုးအာကာသကောင်းကင်ပြာကြီးကိုကြည့်နေတာပါ”
“ဘာဖြစ်လို့လည်းကိုကို”
“ဟိုမှာမြင်လားခရေ.. လေတိုက်ရာလွင့်ပါးနေတဲ့ မိုးတိမ်မိုးသားတွေဟာ ဖြူလိုက်..ပြာလိုက်.. ညိုလိုက်”
"အဲဒါဘာဖြစ်လဲကိုကို”
“ဒီလိုပါခရေရယ်... အခုကိုကို့ကို သိပ်ချစ်ပါတယ် သိပ်မြတ်နိုးပါတယ်ဆိုတဲ့ ခရေဟာ တနေ့ မိုးတိမ်မိုးသားတွေလို အပြောင်းအလဲမြန်ပြီး မုန်းမေ့သွားမှာလားလို့ စိုးရိမ်မိတယ်။”
“ခရေမှာချောင်းကိုပစ်လို့ မြစ်ကိုရှာ၊ ငါးစိမ်းမြင် ငါးကင်ပစ်တတ်တဲ့ စိတ်ဓါတ်မရှိပါဘူး၊ သစ္စာရှိပါတယ်ကိုကိုရယ်၊ ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် ကိုကိုကအရင်စပြီး လမ်းခွဲခဲ့ရင်တော့ဝမ်းနည်းရုံကလွဲပြီး ခရေဘာတတ်နိုင်မှာလဲ။”
ထို့နောက်ခရေသည် လက်မှနာရီလေးကိုငုံ့ကြည့်ယင်း
“အချိန်တောင်အတော်ကြာသွားပြီကိုကို၊ အိမ်ကဖေဖေနဲ့မေမေ စောင့်မျှော်နေကြတော့မယ်။ သွားမယ်နော်ကိုကို”ဟု ပြုံးရယ်နှုတ်ဆက် ထွက်ခွာသွားသော ချစ်သူမိန်းမချောလေး “မိုင်အေမီ”ခေါ် ခရေ၏နောက်ကျောပြင်ကို ရီဝေစွာကြည့်ရင်း သက်ပြင်းကို အကြိမ်ကြိမ်ချနေမိသည်။
ဪ .. ရည်မှန်းချက်၊ ခံယူချက်မတူသူ ခရေသည် မိမိကိုဘဝကြင်ဖေါ်အဖြစ် ထာဝစဉ်လက်တွဲနိုင်ပါမည်လော။ မိမိတို့၏အချစ်ခရီးသည် ဖြောင့်ဖြူးနိုင်ပါမည်လော။ ကြိုးသည် တင်းလွန်းလျှင် ပြတ်သောသဘောရှိ၏။ မတူညီသောယုံကြည်ချက်၊ ခံယူချက်များကြောင့် မိမိတို့ချစ်သူနှစ်ဦး၏သံယောဇဉ်နှောင်ကြိုးသည် တနေ့တင်းလာခဲ့သော် ရင်လေးဘွယ်မဟုတ်ပါလား၊ နှစ်လကြာရှည် တည်ဆောက်ခဲ့ရသော မေတ္တာနှောင်ကြိုးလေး ပြတ်သွားမည်ကို အလွန်စိုးရိမ်မိသည်။
အကယ်၍ အခြေအနေတင်းမာလာပါက မိမိဘက်ကမူလုံးဝလျှော့ပေး၍မရနိုင်၊ လျှော့ပေးချင်ပါ၏။ သို့သော် လုံးဝမဖြစ်။ ဤသို့ဆိုလျှင် မိမိတို့၏အချစ်ဗိမာန်လေး မပြိုကွဲမပျက်စီးရေးသည် ခရေ၏အမြင်ကျယ်မှုနှင့် နားလည်ခွင့်လွှတ်နိုင်မှု အပေါ်မှာလုံးဝမူတည်နေသည်။

ထို့ကြောင့် ခရေ၊ကိုကိုရဲ့ဘဝနဲ့ ရည်မှန်းချက်ကို နားလည်ခွင့်လွှတ်နိုင်ပါစေဟုသာ ဆန္ဒပြုရင်းရည်မှန်းချက်အတွက် ကြုံတွေ့ရင်ဆိုင်ရမည့်အရာအားလုံးကိုရင်ဆိုင်မည်ဟု သံဓိဌာန်ချလျက် ဆလိုင်းဂျွန်သည် အိမ်ပြန်ရန်ကားမှတ်တိုင်ဆီသို့ လျှောက်လာခဲ့ပါတော့သည်။

#အခန်း(၂)

တက္ကသိုလ်စာမေးပွဲအောင်စာရင်းထွက်သောနေ့တွင် ခရေ၏ကိုကို ဆလိုင်းဂျွန်နှင့် ခရေတို့ အောင်စာရင်းလာကြည့်ရင်း ဆုံကြပြန်သည်။ စာမေးပွဲကို နှစ်ဦးစလုံးအောင်ကြသည်။ ခရေ၏နုပျိုလှပသော မျက်နှာလေးသည် ရွှင်လို့၊ မြူးလို့။ ဂျွန်ကားမရွှင်ပျသောမျက်နှာငယ်လေးဖြင့် ခရေကိုစိုက်ကြည့်နေသည်။
“လူကို ဘာကြောင့်ဒီလောက်စိုက်ကြည့်နေရတာလဲ ကိုကို..။ နောက်ပြီး ခရေနဲ့ကိုကိုနှစ်ယောက်စလုံးစာမေးပွဲအောင်တာ မပျော်သလိုပဲ။ ကိုကိုဘာတွေဖြစ်နေလဲ”
“ပျော်ပါတယ်ခရေ.. ဒါပေမယ့် ..”
“ဆိုပါအုံးကိုကို… ဘာဖြစ်လို့လဲ”
"ဪ .. စာမေးပွဲအောင်လို့ ရည်မှန်းချက်ပြည့်ဝတော့မှာမို့ ဝမ်းသာပေမဲ့ အသက်မကချစ်ရသူခရေနဲ့ ခွဲရတော့မယ်ဆိုတဲ့အသိက ရင်ကို ဆို့နင့်စေတယ်လေ။”
“မဟုတ်တာပဲကိုကို ရယ်.. ဘာလို့ ခွဲကြရမှာလဲ.. ဘွဲ့တွေလဲရကြပြီ ... အလုပ်ရှာလုပ်ကြမယ်။ နောက်တက်လမ်းရှိတဲ့ရန်ကုန်မှာ အခြေချမယ်.. လက်ထပ်ချင်လဲ ဖေဖေမေမေတို့က သဘောတူတာပဲ။”

“မဖြစ်နိုင်ပါဘူးခရေရယ်။ ကိုကို ရန်ကုန်မှာမနေနိုင် ပါဘူးလေ.. ။ တချိန်က ခရေကို ကိုကိုပြောခဲ့တယ်မဟုတ်လား။ ကိုကိုဟာ တောင်တန်းသားတစ်ယောက်ဆိုတော့ တောင်ပြာတန်း
ကိုပြန်ရမယ်။ ခရေကလဲ ကိုကို့နောက်လိုက်မနေနိုင်တဲ့အခြေ အနေမို့ပါ။ နောက်ပြီး ကိုကိုလုပ်မယ့်အလုပ်ကို ခရေ့ဖေဖေက သဘောတူနိုင်ပေမယ့် ခရေ့မေမေက လုံးဝသဘောကျမှာ မဟုတ်ဘူး။ အဲဒီတော့ အတူနေဖို့ လွယ်ပါ့မလားခရေရယ်။”
“ကိုကိုက ဘာအလုပ်လုပ်မှာမို့ မေမေက သဘောမတူနိုင်ရမှာလဲ ကိုကိုရယ်”
“ကိုကို ဓမ္မဆရာလုပ်မယ်လို့ ဆုံးဖြတ်ထားတယ်။ တဘက်မှာလည်း အခြေအနေအရ ကျောင်းထိုင်ဘုန်းတော်ကြီးရဲ့ အစီအစဉ်အတိုင်း လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး အစိုးရကျောင်းမရှိသေးတဲ့ ဝေးလံတဲ့ဒေသတွေမှာ ကလေးတွေကို ပညာသင်ပေးမယ်။”
“ကိုကို ဓမ္မဆရာလုပ်မယ်.. ဟုတ်လား။ နားရှိလို့သာ ကြားရတယ်။ ခရေ မယုံနိုင်အောင်ပဲ။ ဘွဲ့ရခေတ်ပညာတတ် တစ်ယောက်အနေနဲ့ ဓမ္မဆရာလုပ်မယ်ဆိုတာ ခရေအံ့ဩမိတယ်။ နောက်ပြီး တောထဲတောင်ထဲကိုပြန်မယ်ဆိုတာ ခရေဘယ်လိုမှ စဉ်းစားလို့မရဘူး”

“ဪ…ခရေရယ်၊ ဘာသာရေးခံယူချက်တွေ ထားပါအုံး. ။ နောက်ပြီးမွေးရပ်မြေကို မမေ့သင့်ပါဘူးခရေရယ်။ ကိုကိုတော့ မွေးရပ်မြေကိုသံယောဇဉ်ရှိတယ်.. ။ ဒါပေမဲ့ လူမျိုးရေး အမြင်ကျဉ်းတဲ့စိတ်ထားတော့မရှိပါဘူး။ တိုင်းရင်းသားလူမျိုး အားလုံးကိုချစ်တယ်။ ဘယ်ဒေသမှာမဆို ကိုယ်တတ်တဲ့ပညာနဲ့ တာဝန်ထမ်းဆောင်ချင်ပါတယ်။ အထူးသဖြင့် လူမှုရေး၊ ဘာသာရေး ဖွံ့ဖြိုးစသာရှိသေးတဲ့ ကိုကိုတို့တောင်တန်းဒေသကို ဦးစားပေးပြီးတာဝန်ထမ်းဆောင်ချင်လို့ ... ။ နောက်ပြီး ဓမ္မဆရာဘဝကို အချို့လူတွေ အထင်မကြီးကြဘူး.. ။ ဒါပေမဲ့ အထင်သေးစရာမရှိပါဘူး ခရေ.. ။ ဓမ္မဆရာ အလုပ်ကို အညံ့စားအလုပ်လို့သဘောထားပြီး ခေတ်ပညာတတ်တွေနဲ့ မထိုက်တန်တဲ့ဘဝလို့ သတ်မှတ်ရင်မှားမှာပေါ့။
ဘယ်အလုပ်ပဲဖြစ်ဖြစ် ပညာကိုအသုံးချဖို့ပဲမဟုတ်လား၊ ရဟန်းဘုန်းကြီးမလောက်ငှသေးတဲ့ ဒေသတွေမှာ ဓမ္မဆရာတွေဟာ အရေးပါအရာရောက်တဲ့ သာသနာ့ဝန်ထမ်းတွေပါ။ မွန်မြတ်တဲ့ အလုပ်ပါခရေရယ်။”
“တော်ပါကိုကိုရယ်.. ဘွဲ့ရတဲ့လူတွေ ဓမ္မဆရာလုပ်ဖို့ မစဉ်းစားကြပါဘူး..။ လုပ်လဲမလုပ်ချင်ကြဘူး…။ ကိုကိုတယောက်တည်း ဘယ်လိုအတွေးပေါက်နေရတာလဲ။”
“ဘွဲ့ရလို့ သိပ်အထင်ကြီးပြီး အောက်ခြေလွတ်စရာလဲမရှိဘူးခရေ..။ ဓမ္မဆရာဘဝကိုလဲ ချိုးနှိမ်စရာမလိုဘူး..။ အခု ဓမ္မဆရာတွေထဲမှာဘွဲ့ရတဲ့လူတွေမရှိသေးပေမဲ့ လမ်းထွင်ပြီးစလုပ်တဲ့လူရှိရင် နောက်ကလိုက်လာမယ့်ဘွဲ့ရ ဓမ္မဆရာတွေ ပေါ်လာမယ်လို့ ကိုကိုယုံကြည်တယ်ခရေ။”

“ဒါက စိဟ်ကူးယဉ်တွေပါကိုကိုရယ်။ လက်တွေ့မှာ ဖြစ်မလာနိုင်ပါဘူး။”
“ဒါကြောင့် လက်တွေ့ဖြစ်နိုင်အောင် ကိုကိုကစပြီး လုပ်မယ်လို့ဆုံးဖြတ်ရတာပေါ့။ ကိုကို့ရည်ရွယ်ချက်ကို
နားလည်ပါခရေရယ်။ နောက်ပြီး ခရေလည်း အနာဂါတ်လူငယ်လေးတွေရဲ့ပညာရေးကို မြေတောင်မြောက် မြှင့်တင်ပေးတဲ့ ကျောင်းဆရာမလေးအဖြစ်နဲ့ ချင်းပြည်နယ်ကိုပြန်လာနိုင်အောင်ကြိုးစားပါ။ ဘွဲ့ရတဲ့ ခရေအနေနဲ့ သာမန်ကျောင်းဆရာမလေးဘဝကိုခံယူပြီး တောင်တန်းဒေသမှာ ကလေးတွေရဲ့ပညာရေးကို အနစ်နာခံပြီး တာဝန်ထမ်းဆောင်ရင်း.. တစ်နေ့ ခရေပျိုးထောင်ပေးလိုက်တဲ့ ကလေးတွေထဲက ဘွဲ့ရခေတ်ပညာတတ်တွေ အမြောက်အများ ပေါ်ပေါက်လာနိုင်ပါတယ်။ ခရေတစ်ယောက် အနစ်နာခံလို့အများအကျိုးရှိမယ်ဆိုရင် အနစ်နာခံသင့်ပါတယ်လေ။ ခရစ်ယာန်တွေရဲ့ အသက်တာမှာ အနစ်နာခံခြင်းဟာ အမွန်မြတ်ဆုံးနဲ့ အလှပဆုံးစိတ်ထားလေးတစ်ခုပါ။ ဒါကြောင့် ကိုကိုတို့ ခရေတို့ကို တောင်ပြာတန်းကကြိုနေပါတယ်။”
“မဖြစ်နိုင်ပါဘူးကိုကိုရယ်.. မေမေလဲ သဘောတူမှာမဟုတ်ဘူး။ ခရေလည်း တောင်တန်းဒေသကိုမပြန်ချင်ဘူး။ ဒါကြောင့်ဘဝနဲ့ယှဉ်လာတဲ့အရေးမို့ လေးလေးနက်နက် စဉ်းစားပါအုံးကိုကို...။ ကိုကို ခရေကိုတကယ်ချစ်ရင် ကိုကိုဆုံးဖြတ် ချက်တွေကိုပြင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဝမ်းသာပါရစေနော်။ ပြန်တော့မယ်ကိုကို.. ခရေ သူငယ်ချင်းတစ်ယောက်အိမ်ခဏဝင်စရာရှိသေးတယ်။ တော်တော်ကြာ အိမ်ပြန်သိပ်နောက်ကျနေအုံးမယ်။” ဟုနှုတ်ဆက်ပြီး ခရေထွက်ခွာသွားသည်။ ဆလိုင်းဂျွန်မှာကား မတုန်မလှုပ် မိုးကုတ်စက်ဝိုင်းကြီးဆီသို့သာ
ငေးမောနေယင်း နှုတ်မှလည်း “ဪ ... ခရေရယ်.. မင်းဟာ တောင်ပြာတန်းမှာ မွေးဖွားခဲ့ပေမယ့် တောင်တန်းရဲ့ ကျေးဇူးတွေကို မေ့နေပါပေါ့လား။ ကက်သလစ်ဘာသာဝင်တစ်ယောက်ဖြစ်နေပေမဲ့ ခရစ်တော်ရဲ့ အတွေးသစ်၊ အမြင်သစ်တွေကို မျက်ကွယ်ပြုနေပါရော့လား။

မင်းလိုတောင်ပြာတန်းမှာမွေးဖွားပြီး ရန်ကုန်မှာ လာပညာရှာကြပြီးဘွဲ့ရကြတော့ မဖွံ့ဖြိုးသေးတဲ့ တောင်တန်းဒေသ ကိုမေ့သွားကြတဲ့ ခေတ်ပညာတတ်လူငယ်တွေ ဘယ်လောက်ရှိမလဲ..။ ဪ.. မြို့ကို အထင်ကြီးပြီးတောကို အထင်သေးလို့ သဘာဝပေါက်တဲ့ တောင်ဇလပ်ပန်းလေးတွေနဲ့ သစ်ခွပန်းလေး တွေကိုမေ့ပြီး တယုတယစိုက်ရတဲ့ နှင်းဆီပန်းလေးတွေကိုမြတ်နိုးသွားကြတယ်။ စိမ်းလန်းစိုပြေတဲ့တောတောင်သဘာဝအလှတွေကို ပစ်ပြီးတိုက်တာပန်ကာအောက်မှာ တောင်ပြာတန်းက ဘဝကိုမေ့နေကြတယ်..။
ဪ.. ခရေရယ်၊ တောင်ပြာတန်းက တောတောင်လျှိုမြောင်ထဲမှာ ပြေးလွှားဆော့ကစားနေကြတဲ့ သနားစရာ တောင်တန်းသားလေးတွေရဲ့ဘဝကို မြှင့်တင်ပေးဖို့ ပညာရေးဥယျာဉ်မှူးလေးအဖြစ် အသွင်ပြောင်းလဲနိုင်ပါစေလို့ ဆန္ဒပါတယ် ခရေရယ်...။

#အခန်း(၃)

ဟိုတွေးသည်တွေးနှင့် ထိုညက ဆလိုင်းဂျွန်တော်တော်နှင့်အိပ်မပျော်။
“ချစ်သူနှင့်လာဝန်”
“ခံစားချက်နှင့်ဘာသာရေး လွန်ဆွဲအားပြိုင်နေသည်..”
“တခုခုကို ဦးစားပေးရမည့် အခြေအနေ”
“နှစ်ခုထဲက တစ်ခုကိုတော့ စွန့်လွှတ်ရပေမည်..”

“ချစ်သူကို စွန့်မည်လား... မလွယ်”
သုံးနှစ်သုံးမိုးချစ်ခဲ့ရသူအပေါ် သံယောဇဉ်ကြီးလှ၏။ မိမိအပေါ် အလွန်မြတ်နိုးပြီး သစ္စာရှိသူ ခရေကို စိတ်မဆင်းရဲ စေချင်။ ဤသို့ဆိုလျှင် ရည်ရွယ်ချက်ကို စွန့်ရပေလိမ့်မည်။ သို့သော်ကြာမြင့်စွာက ထားရှိခဲ့တဲ့မွန်မြတ်လှသည့် ရည်ရွယ်ချက်ကို အလွန်တန်ဘိုးထားသည်။ စွန့်ပစ်ရန်မဖြစ်။ မြတ်နိုးလှသည်။ သို့အတွက် လုံးဝမဖြစ်။ ဤရည်ရွယ်ချက်နှင့်ပတ်သက်သော အတိတ်ကအကြောင်းလေးများကိုလည်း ပြန်လည်စဉ်းစားနေမိသည်။ မိမိသည် ချင်းပြည်နယ်၊ တွန်းဇံမြို့ပေါ်မှ ချင်းအမျိုးသားတစ်ဦးဖြစ်ပြီး ကျောင်းတက်စဉ်ကပင် ဘာသာရေးလှုပ်ရှားမှုများ၌ စိတ်ပါဝင်စားခဲ့ပုံ၊ လူငယ်အဖွဲ့အစည်း၌တက်ကြွစွာပါဝင်လှုပ်ရှားခဲ့ပုံ။ မိမိတို့ချင်းပြည်နယ်ရှိ ဝေးလံ၍လမ်းပန်းဆက်သွယ်ရေး ခက်ခဲသောဘာသာတူရွာအချို့သို့ ရဟန်းသည် တစ်နှစ်တစ်ခါ သွားရောက်နိုင်ရန်ပင် မလွယ်လှပုံ၊ ထိုအခြေအနေ၌ဓမ္မဆရာများသည် ရဟန်းတို့အားကူညီနိုင်ပုံ၊ အရေးပါပုံတို့ကိုသိမြင်ခဲ့သည်။ ရဟန်းမဖြစ်နိုင်သေးသောမိမိအနေနှင့် ဓမ္မဆရာလုပ်ရန်စိတ်ထက်သန်ခဲ့သည်။ ဆယ်တန်းအောင်သောနှစ်၌ ကျောင်းထိုင်ဘုန်းတော်ကြီးနှင့်တိုင်ပင်ခဲ့ရာ ဘုန်းတော်ကြီးကအားရဝမ်းသာစွာ ကြိုဆိုအားပေးပြီး ၎င်း၏အစီအစဉ်တစ်ခုကိုပြောပြခဲ့သည်။ ဘုန်းတော်ကြီးပြောပြသည့်အစီအစဉ်မှာ ဝမ်းသာစရာကောင်းလှပေသည်။ ဘုန်းတော်ကြီးကဘာသာရေးဖွံ့ဖြိုးရန်နှင့် စာပေကိုလည်းမြင့်တင်ပေးရန် လိုအပ်ကြောင်း၊ အစိုးရကျောင်းမရှိသေးသော အချို့ ဘာသာဝင်ရွာများ၌ ကလေးလို့၏ ပညာရေးအခက်အခဲရှိကြောင်း၊ ထိုပြဿနာကိုဖြေရှင်းရန် မိမိအနေနှင့်ဓမ္မဆရာတစ်ဦးကို တောင့်တနေကြောင်း၊ ဆလိုင်းဂျွန်အနေနှင့် ဓမ္မဆရာလုပ်လိုစိတ်ရှိသည်ကိုတွေ့ရ၍ အလွန်ဝမ်းမြောက်ကြောင်း၊ ပညာကိုသင်ရန် အခွင့်အရေးကို ယူသင့်ကြောင်း၊ ပညာဟူသည် ပိုသည်မရှိကြောင်း၊ ဘွဲ့ရလျှင် ဘာသာတူရွာအချို့၌ ဘာသာရေးနှင့်ကလေးတို့၏ပညာရေးကိုတာဝန်ယူရမည်ဖြစ်ကြောင်း၊ စသည်တို့ကို အသေးစိတ်ပြောပြီး တက္ကသိုလ်တက်နိုင်ရန် အစစကူညီအားပေခဲ့သည်။ တက္ကသိုလ် တက်နေစဉ်အတွင်းလိုအပ်သည့် ဗဟုသုတများကို ဆည်းပူးထားရန်လည်း မှာကြားခဲ့သည်များကို ပြန်လည်မြင်ယောင်နေမိသည်။

ယခုမိမိသည် တက္ကသိုလ်ပညာကို ဘွဲ့ရသည်အထိသင်ကြားနိုင်ခဲ့ပြီ။ မိမိအပြန်လမ်းကို ဘုန်းတော်ကြီးသည် မျှော်လင့်ချက်ကြီးစွာနှင့် စောင့်ကြိုနေလိမ့်မည်။ ထို့ကြောင့် မိမိ၏ရည်ရွယ်ချက်ကို အကောင်အထည်ဖေါ်ရန်သာရှိတော့သည်။ မိမိသည် အသက်မကချစ်ရသူ၏ဆန္ဒကို ပြည့်ဝစေချင်သည်။ သို့သော် ဖြစ်ချင်တာထက် ဖြစ်သင့်သည်ကို ဦးစားပေးရပေမည်။ နှလုံးသား၏လိုလားတောင့်တမှုထက် ဘုရားသခင်၏ အလိုတော်ကို ဦးစားပေးရပေမည်။ ထို့ကြောင့် ဆလိုင်းဂျွန်သည်ခိုင်မာပြတ်သားသော ဆုံးဖြတ်ချက်ကို ချလိုက်သည်။ “တောင်ပြာတန်းကိုပြန်မည်” ဟု.. ။

ဪ... အသည်းနှလုံးကိုပင် စတေးရလျှင်လည်း စတေးရပါစေတော့။ မှန်ကန်သော ဆုံးဖြတ်ချက်ကို မပြင်ပါရစေ ခရေရယ်…။

#အခန်း(၄)

ချင်းပြည်နယ်မွေးရပ်မြေကိုပြန်ရန်အတွက် အစစအရာရာပြင်ဆင်နေရသဖြင့် ခရေတို့ အိမ်မရောက်သည်မှာ နှစ်ပတ်ပင်ကျော်ခဲ့ပြီ။ ယခုပြန်ရန်အားလုံးအဆင်သင့်ဖြစ်နေပြီး ပြန်ရန်ငါးရက်သာလိုတော့သည်မို့ ခရေတို့မိသားစုကို နှုတ်ဆက်ရန်ထွက်လာခဲ့မိသည်။ ခရေတို့ အိမ်ကိုသာလာခဲ့ရသော်လည်း မိမိဆုံးဖြတ်ချက်ကို ခရေသိလျှင် မိမိအားရက်စက်သည်ဟုထင်လိမ့်မည်။

မိမိနှင့်တောင်ပြာတန်းကိုလိုက်ရန်လည်း ငြင်းဆန်နေမည်ကိုမြင်ယောင်ပြီး ဝမ်းနည်းခြင်း၊ စိတ်မကောင်းခြင်းတို့ကြောင့် ခြေလှမ်းတို့သည် ယခင်အခါများနှင့်မတူပဲ အလွန်နှေးကွေးနေသည်။ ခရေတို့အိမ်သို့ရောက်၍ အိမ်တွင်းသို့ဝင်လိုက်သည်နှင့် “ဝင်ခဲ့ပါငါ့တူ” ဟု သတင်းစာကိုချ၍ ခရေ့ဖေဖေက ဆီးကြိုဖိတ်ခေါ်လိုက်သည်။

ခရေ့မေမေကား တချက်လှမ်းကြည့်ကာ သိုးမွေးဆွယ်တာကို ဆက်ထိုးနေသည်။ ခရေကိုရှာကြည့်သည်။ မတွေ့။ မီးဖိုချောင်မှ အိုးခွက်သံများကြားနေရသည်။ အိမ်နောက်ဖေးတွင် ခရေတခုခုချက်ပြုတ်နေသည်ထင်၏။ “မင်းမလာတာကြာသွားပြီ မင်းကိုတောင်မေးနေသေးတယ်ကွယ့်”ဟု ခရေ့မေမေက စကားစလာသည်။ “ဟုတ်တယ်ဒေါ်ဒေါ်... ကျွန်တော်အလုပ်လေးတွေရှိနေလို့ ဒေါ်ဒေါ်တို့အိမ်ဘက်မရောက်တာပါ။” “မင်းစာမေးပွဲအောင်တယ်ဆို”
“ဟုတ်တယ် ဒေါ်ဒေါ်”
“မင်းအခုဘွဲ့ ရတော့မယ်ဆိုတော့ ဘာလုပ်မယ်လို့ စိတ်ကူးထားလဲ...”
“ကျွန်တော်ဓမ္မဆရာလုပ်မယ်.. နောက် ကလေးတွေကို စာသင်ပေးမယ်..”
“ဓမ္မဆရာလုပ်မယ်ဟုတ်လား ငါ့တူ”
“ဟုတ်ပါတယ်ဒေါ်ဒေါ်.. ကျွန်တော်ဓမ္မဆရာလုပ်ဖို့ ဆုံးဖြတ်ထားပါတယ်။ ချင်းပြည်နယ်ကို မပြန်ခင် လာနှုတ်ဆက်တာပါ။”
“ဒါထက်ဝင်ငွေကောင်းတဲ့အလုပ်တွေ အများကြီးရှိပါတယ်ငါ့တူ”
“ဓမ္မဆရာအလုပ်က စီးပွားရေးလုပ်ငန်းမဟုတ်ပါဘူး ဒေါ်ဒေါ်.. ဘာသာရေးလုပ်ငန်းပါ။ ကျွန်တော်ကိုယ်တိုင်က
လုပ်ချင်လို့ပါ။”

“မင်းဆုံးဖြတ်ချက်ကို ပြန်မပြင်နိုင်တော့ဘူးလား။ မင်းသင်ထားတဲ့ ပညာတွေကို ဒေါ်ဒေါ်သိပ်နှမျောတယ်။ တောကြိုတောင်ကြားကို တွယ်တာနေတာလည်း ဒေါ်ဒေါ်အံ့ဩတယ်။ ဘွဲ့ရတဲ့လူတွေ ဓမ္မဆရာလုပ်တာ တခါမှမကြားဘူးပါဘူး.. ။ ဒီထက်ကောင်းတဲ့ အလုပ်တွေရှာလုပ်စမ်းပါ။ အတွေးမခေါင်စမ်းပါနဲ့လေ.. သမီးအတွက်လည်း ထည့်စဉ်းစားပါအုံး ငါ့ဟူရယ်”

“အားလုံးကို သေသေချာချာစဉ်းစားပြီးပါပြီဒေါ်ဒေါ်။ ဘွဲ့ရလို့ ဓမ္မဆရာမလုပ်ရဘူး.. တောနဲ့မထိုက်တန်ဘူးဆိုတဲ့ အတွေးအခေါ် အယူအဆအဟောင်းတွေကို ကျွန်တော်တော်လှန်ချင်တယ်... အလုပ်တိုင်းဟာ ဂုဏ်ရှိတယ်လို့ ကျွန်တော် ထင်ပါတယ်...။ အချို့ဘွဲ့ရတွေ ဆိုက်ကားနင်းနေကြတာ.. ဈေးရောင်းနေကြတာတွေ ရှိနေတာပဲ ဒေါ်ဒေါ်ရာ..။”
“ခက်တယ်ငါ့တူ မင်းဆုံးဖြတ်ချက်ကိုမပြင်ရင် သမီးကို မင်းနဲ့လက်ထပ်ပေးပြီး အစားဆင်းရဲ၊ အနေဆင်းရဲတဲ့ တောကြိုတောင်ကြားကို ဘယ်လိုထည့်နိုင်ပါ့မလဲ။ ထပ်စဉ်းစားပါအုံး ငါ့တူရယ်.. ။”
ထိုအခါမှ ၎င်းတို့နှစ်ဦးပြောစကားကို တချိန်လုံးဘာမျှဝင် မပြောပဲနားထောင်နေသော ခရေ့ဖေဖေက သူ့ဇနီးဘက်သို့လှည့်ကာ ..
“ဒီမှာမေရီ.. စကားကို အထက်ကနေမပြောသင့်ဘူး၊ မင်းပြောတဲ့အလှည့်ပြီးသွားပြီ၊ ဘာမှဝင်မပြောနဲ့တော့ ငါပြောတာ နားထောင်အုံး၊ ဘဝဟောင်းကို မမေ့သင့်ဘူးမေရီ။ တကယ်တော့ မင်းရော ငါပါချင်းပြည်နယ်မှာ မွေးဖွားခဲ့တဲ့သူတွေ၊ ချင်းပြည်နယ်ရဲ့ကျေးဇူးတွေကြောင့် မင်းရောငါပါ ဒီလိုဘဝမျိုးကိုရောက်နေကြရတာမဟုတ်လား။ မွေးရပ်မြေရဲ့ကျေးဇူးကို မမေ့သင့်ဘူး.. ။ နောက်ပြီး ကက်သလစ်ဘာသာဝင်တွေအနေနဲ့ ဘာသာရေးအမြင်ကျယ်သင့်တယ်။ ဘယ်အလုပ်မျိုးဖြစ် အစေခံခြင်းစိတ်၊ မေတ္တာစိတ်နဲ့လုပ်ရင် လုပ်တဲ့အလုပ်တိုင်း မြင့်မြတ်လာတယ်မေရီ။” ဟု ပြောကာ စကားဖြတ်ထားလိုက်ပြီး ဇနီးသည်ကိုလှမ်းကြည့်လိုက်၏။
ခရေ့မေမေကား သူ၏စကားများကို လက်ခံချင်ပုံမပေါ်။ လင်၏ဩဇာကို မတော်လှန်ရဲ၍သာ ငြိမ်နေရဟန်တူသည်။ မျက်နှာမကြည်မသာနှင့်ကြည့်နေသည်။
ခဏကြာလျှင် ခရေ့ဖေဖေက စကားဆက်ပြန်သည်။
“တို့ရဲ့ အသက်သခင်ခရစ်တော်ဘုရားဟာ နောက်ဆုံးညစာစားပွဲမှာ ဂျူးလူမျိုးတွေအမြင်နဲ့ အလွန်နိမ့်ကျတဲ့ အလုပ်တစ်ခုကိုလုပ်ခဲ့တယ်။ တပည့်တော်ကြီးတွေရဲ့ ညစ်ပေနေတဲ့ခြေများကို ကြင်နာစွာနဲ့ တယုတယဆေးပေးပြီး အမြတ်တနိုးနမ်းခဲ့တယ်။ ဒီအလုပ်ကို ဂျူးလူမျိုးတွေအနေနဲ့ လုံးဝမလုပ်ဘူး။ ကျွန်တွေသာလုပ်တဲ့ အလုပ်ဖြစ်တယ်။ ဒါပေမဲ့ စင်္ကြာဝဠာတစ်ခုလုံးရဲ့ အရှင်သခင်ဟာ နှိမ့်ချခြင်း၊ ချစ်ခြင်းနဲ့ လုပ်ပြသည့်အတွက် သခင်ခရစ်တော်ရဲ့လုပ်ရပ်ကို သန်းပေါင်းများစွာသော လူသားတွေမမေ့နိုင်ကြတော့သလို သမိုင်းတွင်မယ့်လုပ်ရပ်ကြီးဖြစ်ခဲ့တယ်။ ဒီလိုပဲမေရီ ဘာသာရေးအမြင်ကျဉ်းပြီး လောကီဆန်ဆန် အရာရာကို ကြည့်မြင်သုံးသပ် ဆုံးဖြတ်တတ်ကြတဲ့ ကက်သလစ်ဘာသာဝင်အချို့က အထင်မကြီးတဲ့ဓမ္မဆရာဘဝကို နှိမ့်ချတဲ့စိတ်၊ အစေခံချင်တဲ့စိတ်၊ မေတ္တာစိတ်တွေနဲ့ လုပ်ချင်တဲ့ဘွဲ့ရလူငယ်တစ်ယောက်ကို အားပေးသင့်တယ်။ လူတစ်ယောက်ကို ဂုဏ်ပကာသနတောင်ကြီးပေါ်ကနေ အထင်သေးတဲ့မျက်စိနဲ့ကြည့်ရင် သေးသေးပဲမြင်တော့ မှာပေါ့။ အမြင်ကျယ်စမ်းပါ မေရီရယ်။ ဓမ္မဆရာဘဝက မွန်မြတ်တဲ့ လူဝတ်ကြောင်တမန်တော် လုပ်ငန်းတစ်ခုပါ။ ငါရောမင်းပါ ချင်းပြည်နယ်ဖွားတွေပါ။ ဟိုမှာ တို့ရဲ့ဆွေမျိုးမိဘတွေရှိတယ်။ အလုပ်ကြောင့် ဝေးခဲ့ကြရတာကြာပြီ။ တကယ်လို့ ပင်စင်ရရင် အမျိုးတွေရှိတဲ့ ချင်းပြည်နယ်ကိုပြန်ပြီး မွေးမြူရေးလုပ်မယ်လို့ စိတ်ကူးထားတယ်။ ဒီလိုသာ မင်းအနေနဲ့ မြို့ကို သိပ်အထင်ကြီးပြီး တောကိုသိပ်အထင်သေးနေရင် ခက်အုံးမှာပဲ..။”

“သမီးတို့ လူငယ်အချင်းချင်း အချစ်ရေးမှာ သမီးစိတ်တိုင်းကျဆုံးဖြတ်ပါစေကွယ်။ သမီးက အရွယ်ရောက်နေပြီ။ နောက်ပြီး အမှန်အမှားကို တွေးခေါ်ဆုံးဖြတ်နိုင်တဲ့ ခေတ်ပညာတတ်တစ်ယောက်ပါ။ သူမကိုယ်တိုင်ဆုံးဖြတ်ပါစေ” ဟုဆိုပြီး .. “သမီး လာခဲ့ပါအုံးကွယ်” ဟု လှမ်းခေါ်လိုက်သည်။

ခရေ၏ အမေသည် ခြေသံပြင်းပြင်းနှင့် အိမ်ခန်းအတွင်းသို့ဝင်သွားသည်။ တအောင့်ကြာလျှင် အခန်းထဲမှ ခရေထွက်လာသည်။ ၎င်းတို့ ပြောသောစကားအားလုံးကို ကြားသိထားနှင့်ပြီထင်သည်။ နုနယ်သောပါးမို့မို့လေးပေါ်တွင် မျက်ရည်စလေးများနှင့်။
“သမီးတို့ လက်ထပ်ပြီး သူ့နောက်လိုက်သွားမလား။ သမီးဆန္ဒအတိုင်း ဖေဖေတို့ စီစဉ်ပေးမယ်။ ဖေဖတို့ရှိရာ ရန်ကုန်ကိုလဲ တစ်နှစ်တစ်ခါလောက်ပြန်လာနိုင်တာပဲ။ ဖေဖေလဲပင်စင်ရရင် ချင်းပြည်နယ်ကိုပြန်လာမှာပဲသမီး။ သမီးစိတ်တိုင်းကျဆုံးဖြတ်ပါ" ဟု ပြောလျက် သမီး၏အဖြေကို စောင့်မျှော်နေသည်။

ခရေကား မိခင်ကြီးကိုကြည့်လိုက် ချစ်သူကိုကြည့်လိုက်နှင့် ရှိုက်ရင်းရှိုက်ရင်းသာငိုနေသည်။ တဘက်တွင် အသည်းနှင့်အောင်ချစ်ရသောချစ်သူ၊ အခြားတဘက်တွင် ကျေးဇူးရှင် မွေးမေမေ..။ မည်သို့ဆုံးဖြတ်ရမည်နည်း။ ခရေ မဝေခွဲနိုင် ..။ အားရအောင်ရှိုက်ငိုရုံမှတပါး ခရေဘာကိုမျှ တိတိကျကျပြတ်ပြတ်သားသား ဆုံးဖြတ်၍မရ။ ဆလိုင်းဂျွန်ကား ချစ်သောခရေ၏ အဖြစ်အခြေအနေကိုနားလည်လိုက်သည်။ ချင်းပြည်နယ်တွင်မွေးဖွားခဲ့သော်လည်း ရန်ကုန်တွင်အနေကြာခဲ့သည့်ခရေသည် ရန်ကုန်တွင်သာ နေချင်ပေလိမ့်မည်။ ထို့အပြင် ကျေးဇူးရှင်မိခင်အား ဆန့်ကျင်ပြီး ဆင်းရဲနုံချာသောဘဝလမ်းကို မိမိနှင့် အတူလျှောက်လှမ်းရန် ဝန်လေး နေလိမ့်မည်ကို စာနာခွင့်လွှတ်မိသည်။ မိမိကလည်း အချစ်ရဆုံးသူ၏ဆန္ဒကို မဖျက်ဆီးချင်ပါ။ အတင်းမခေါ်ရက်ပါ။ သူမ၏ဆန္ဒအတိုင်းသာရှိပါစေတော့ဟု သဘောထားလျက် ဤအိမ်မှအမြန်ဆုံးထွက်ခွာသွားခြင်းသည်သာ အကောင်းဆုံးဟု သဘောပေါက်မိသည်နှင့် ..

“ဦးဦးနှင့်ဒေါ်ဒေါ် ကျွန်တော်ပြန်အုံးမယ်.. ခရေ .. ကိုကိုပြန်တော့မယ်” ဟုနှုတ်ဆက်လျက်အိမ်ပေါ်မှ အမြန်ဆုံးဆင်းလာခဲ့လေသည်။ ခရေကားရှိုက်ကြီးတငင် ငိုနေဆဲ.. ။ ခရေ သူ့ကိုအမှန် တကယ်ချစ်ပါလိမ့်မည်။ သို့သော် မတတ်နိုင်။ အသွင်မတူ အိမ်သူမဖြစ်.. ။ ချစ်လျက်နှင့်ဝေးကြရမည့်အဖြစ်ကို ရင်နာမိသည်။ ဪ.. အများအတွက် မွန်မြတ်သောရည်ရွယ်ချက်မို့ စွန့်စားခဲ့ရတာပါ ခရေရယ်.. ခွင့်လွှတ်ပါ။ ဟု တိုးတိုးလေး တောင်းပန်နေမိသည်။
ခရေ၏ငိုရှိုက်သံတို့သည် ၍ဝေး၍ကျန်ရစ်ခဲ့လေပြီ….။

#အခန်း(၅)
“သမီး.. ခရေ လာပါအုံး”
“လာပါပြီ ဖေဖေ... ခိုင်းစရာရှိလို့လား ..ဖေဖေ..”
“ဘာမှခိုင်းမလို့မဟုတ်ပါဘူး.. သမီးကိုပြောစရာတစ်ခုရှိလို့ပါ။”
“ပြောလေဖေဖေ .. သမီးနားထောင်နေပါတယ် ..။”
“သမီးဘွဲ့ရတာ ဘယ်လောက်ကြာသွားပြီလဲ”
“တစ်နှစ်ခွဲကျော်သွားပါပြီ . ဘာဖြစ်လို့လဲဟင်”
“ဒီအချိန်အတွင်းမှာ သမီးဘာအလုပ်မှမလုပ်ခဲ့ဘူးနော် ..”
“ဟုတ်တယ်ဖေဖေ.. လုပ်ချင်တဲ့အလုပ်ကမရဘူး.. ရတဲ့အလုပ်လဲ သမီးမလုပ်ချင်ဘူး”
“ဖေဖေတော့ သမီးကို အလုပ်တစ်ခုခုလုပ်စေချင်တယ်။ ဒါကလဲ သမီးကို အခုအတိုင်းမကျွေးထားချင်လို့၊ မကျွေးထားနိုင်လို့ မဟုတ်ဘူး.. သမီးတတ်ထားတဲ့ပညာနဲ့ တိုင်းပြည်ကို အကျိုးပြုစေချင်လို့။ ဘွဲ့ရတယ်ဆိုပြီး အလုပ်ရွေးနေရင် ဘွဲ့ရတဲ့လူတွေအများကြီးထဲမှာ သာမန်ဝိဇ္ဇာဘွဲ့ လေးရထားတဲ့ သမီးအနေနဲ့ ရန်ကုန်မှာ စိတ်ကြိုက်အလုပ်မရနိုင်ဘူး... ။ အလုပ်ဟူသမျှ ဂုဏ်ရှိစွဆိုတဲ့ ဆောင်ပုဒ်လေးကို သတိရစေချင်တယ်။ သမီးမေမေဆုံးသွားတဲ့နောက်ပိုင်းမှာ သမီးဟာ ဖေဖေရဲ့ အကြီးမားဆုံးသော သံယောဇဉ်ပါ . . အတွယ်အတာပါ ..။
“သမီးကို မှန်ဗီရိုထံက ယမင်းရုပ်လေးလို အလှကြည့်နေချင်ပါတယ်။ ဒါပေမယ့် သမီးရယ် အလှကြည့်သက်သက်ဖြစ်တဲ့ ယမင်းရုပ်လေးနဲ့စာရင် မိုးထဲရေထဲ နေပူထဲက တာဝန်ထမ်းဆောင်နေတဲ့ စာခြောက်ရုပ်လေး ပိုဖြစ်စေချင်တယ်.. ။ သမီးသေသေချာချာစဉ်းစားပါ။ ယမင်းရုပ်လေး ဖြစ်ချင်လား.. စာခြောက်ရုပ်လေးဖြစ်ချင်လားဆိုတာ...။”
“ဟုတ်ကဲ့ ဖေဖေ။ သမီးစဉ်းစားပါအုံးမယ်”
ခရေ၏အတွေးများထဲဝယ် စာခြောက်ရုပ်နှင့်ယမင်းရုပ် ... ယမင်းရုပ်နှင့် စာခြောက်ရုပ်..

#အခန်း(၆)

ကိုကို ခရေအားခွဲသွားသည်မှာ တစ်နှစ်ခွဲကျော်ခဲ့ပြီ.. ။ သို့သော် ချစ်သောကိုကိုအား တစ်နေ့မှမေ့မရ..။ တသ နေမိသည်။ သတိရတိုင်း ကိုကိုရှိမည်ထင်သည့် ချင်းတောင်တန်းကြီးကို လွမ်းဆွေးစိတ်များနှင့် မျှော်မှန်းကြည့်တတ်မြဲ..။ ကိုကိုနှင့် လူချင်းသာဝေးနေရသော်လည်း စာချင်းကား အဆက်အသွယ်ရှိ၏။ ကိုကိုသည် သူမထံသို့ တစ်လတစ်ခါ နှစ်လတစ်ခါ စာမှန်မှန်ရေးမြဲ.. ခရေကလည်း စာမှန်မှန်ပြန်ခဲ့သည်။

ကိုကို၏စာများထဲတွင် သူမကို သိပ်လွမ်းကြောင်း၊ အများအတွက် အသက်ရှင်ရသောဘဝကို ဂုဏ်ယူသင့်ကြောင်း၊ တောင်ပြာတန်းမှကလေးများ၏ပညာရေးကိုမြှင့်တင်ပေးရန်၊ မွေးရပ်မြေသို့ပြန်လာခဲ့ရန် စီကာပတ်ကုံးရေးလေ့ရှိ သည်။ ထိုအကြောင်းအရာတို့သည် အပ်ကြောင်းထပ်၍ ခရေအလွတ်ပင်ရ၏။
ခရေကား စဉ်းစားဆဲ..
“တောင်ပြာတန်းက ကလေးများ”
“ပညာရေး ဥယျာဉ်မှူးဆရာမလေးဘ၀ ..”
“အချစ်ဆုံးကိုကို၏ရည်ရွယ်ချက်”
ထိုအရာအားလုံးကို ခရေချစ်တတ်လာသောနေ့ရောက်လျှင် ..

#အခန်း(၇)

မနေ့တုန်းကတနင်္ဂနွေနေ့ဖြစ်၍ ခရေဖေဖေနှင့်အတူ မောင်ထော်လေးဘု

ဝတၳဳ