Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2023-10-10 09:04:47

ကက်သလစ်ဆရာတော်ကြီးများ၏ (၁၆)ကြိမ်မြောက် ဓမ္မညီလာခံ - ပထမပိုင်း
ပုပ်ရဟန်းမင်းကြီးဖရန်စစ် အရှင်သူမြတ်၏အဖွင့်ဩဝါဒ

     ညီအစ်ကိုမောင်နှမအပေါင်းတို့၊
ဒီဓမ္မညီလာခံ မှာ ကျွန်ုပ်တို့နဲ့ အတူတကွပါဝင်လျှောက်လှမ်းနေကြတဲ့သင်တို့အားလုံးကို ကျွန်ုပ်နှုတ်ခွန်းဆက်ပါတယ်။ပုပ်ရဟန်းမင်းကြီး စိန့်ဂျွန်(၆) က‘‘အနောက်တိုင်းမှာသာသနာတော်အတွင်း အတူတကွ ခရီးပြုလျှောက်လှမ်းရမယ်ဆိုတဲ့ စိတ်ထားမျိုးပျောက်ဆုံးလာတယ်’’လို့ မိန့်ကြားခဲ့ဖူးတာကို ကျွန်ုပ်အမှတ်ရမိပါတယ်။ဒီအတွက်ကြောင့်ပဲ သူကဆရာတော်ကြီးများရဲ့ဓမ္မညီလာခံကို စီစဉ်ဆောင်ရွက်ဖို့အလုပ်အမှုဆောင်အဖွဲ့ကို ဖွဲ့စည်းပေးခဲ့ပါတယ်။ ဒီအဖွဲ့ရဲ့စီစဉ်ဆောင်ရွက်မှုနဲ့ဓမ္မညီလာခံများစွာကို ဦးတည်ချက်အမျိုးမျိုးထားရှိပြီးကျင်းပလာခဲ့ကြပါတယ်။ ဒါပေမဲ့ အတူတကွခရီးပြုနေတဲ့အသင်းတော်အဖြစ်ဖော်ဆောင်တဲ့နေရာမှာလိုအပ်ချက်တွေရှိနေပါသေးတယ်။ ကျွန်ုပ် ကိုယ်တိုင် ဒီလိုဓမ္မညီလာခံတစ်ခုမှာအတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ်တုန်းက မဲပေးဆုံးဖြတ်ဖို့ စီစဉ်နေတဲ့အချိန်မှာ ညီလာခံရဲ့အထွေထွေအတွင်းရေးမှူးဖြစ်တဲ့ ကာဒီနယ်က ‘‘ဘာလုပ်နေတာလဲ’’လို့ လာမေးတယ်။ သူက ဘယ်လ်ဂျီယံက သာသနာပြုပုဂ္ဂိုလ်မြတ်တစ်ပါးပါ။ ကျွန်ုပ်လည်း‘‘မနက်ဖြန် မဲပေးဖို့အတွက်လုပ်နေတာပါ’’လို့ ပြန်ဖြေလိုက်တယ်။ ဒီအခါမှာ သူက‘‘မလိုဘူးလေ။ဒီကိစ္စကိုမဲနဲ့မဆုံးဖြတ်ဘူး’’လို့ ပြန်ပြောတယ်။ ကျွန်ုပ်ကလည်း‘‘ဒါကအားလုံးပါဝင်ရမယ့်ညီလာခံပဲလေ’’လို့ စောဒကတက်တော့ ‘‘မလိုဘူး၊ မလိုဘူး၊ ဒါကို မဲနဲ့မဆုံးဖြတ်ဘူး’’လို့ ပြန်ပြောတယ်။ ဘာဖြစ်လို့လဲဆိုတော့ကျွန်ုပ်တို့ကိုယ်တိုင်က ညီလာခံမှာ အားလုံးလွတ်လွတ်လပ်လပ်နဲ့မိမိရဲ့ထင်မြင်ချက်ကို ထုတ်ဖော်ခွင့်ရှိတယ်ဆိုတာ အသေအချာနားမလည်ခဲ့ကြပါဘူး။ဒီလိုနဲ့ နှစ်ပေါင်း(၆၀) နီးပါး ကာလအတွင်းမှာ ဓမ္မညီလာခံရဲ့လမ်းကြောင်းဟာ တဖြည်းဖြည်းနဲ့ပီပြင်လာပြီး အခုဆိုရင် အတူတကွခရီးပြုနေတဲ့ အသင်းတော်အနေနဲ့ဒီဓမ္မညီလာခံကို ကျွန်ုပ်တို့ကျင်းပနေကြပါပြီ။ဒါလွယ်လွယ်ကူကူနဲ့ ဖြစ်လာတာတော့မဟုတ်ပါဘူး။ကောင်းတာတော့ အရမ်းကောင်းပါတယ်။ တစ်ကမ္ဘာလုံးက ဆရာတော်တွေက ဒီလိုဓမ္မညီလာခံမျိုးလုပ်ချင်နေကြတာပါ။ အမေဇုံဒေသကောင်းကျိုးအတွက် ကျင်းပခဲ့တဲ့ ဓမ္မညီလာခံအပြီး လေ့လာချက်တစ်ခုလုပ်ခဲ့တဲ့အခါ ဆရာတော်တွေဒုတိယဦးစားပေးလုပ်ချင်တဲ့နောက်ထပ်ဓမ္မညီလာခံက အတူတကွခရီးပြု လျှောက်လှမ်းတဲ့အခုလိုဓမ္မညီလာခံမျိုးပါ။ ပထမဦးစားပေးက ရဟန်းတော်တွေရဲ့အရေးပါ။ တတိယဦးစားပေးကလူမှု ရေးရာကိစ္စလို့ ကျွန်ုပ်ထင်တယ်။ အခုကျွန်ုပ်တို့ကျင်းပနေတဲ့ဓမ္မညီလာခံက ဒုတိယဦးစားပေးလုပ်ချင်တဲ့အရာပါ။ ကမ္ဘာတစ်ဝန်းလုံးက ဆရာတော်တွေကအတူတကွခရီးပြုခြင်းနဲ့ပတ်သက်ပြီး အသေအချာထောက်ရှုသုံးသပ်ဖို့ လိုနေတာ ကိုသိရှိနေခဲ့ကြပါတယ်။ ဘာဖြစ်လို့လဲ။ ဒီလိုဓမ္မညီလာခံမျိုးလုပ်ဖို့အတွက်အချိန်ကျရောက်ပြီဆိုတာ ဆရာတော်တွေအားလုံးသိလာကြတဲ့အတွက်ပဲဖြစ်ပါတယ်။ဒီဦးတည်ချက်နဲ့ ဓမ္မညီလာခံကို ကျင်းပနေကြတာပါ။ ကျွန်ုပ်အနေနဲ့ပြောလိုတာကတော့ ဓမ္မညီလာခံဆိုတာ လွှတ်တော်ခေါ်ယူကျင်းပနေတာမဟုတ်ပါဘူး။ မတူပါဘူး။အဲဒီလိုပဲ၊ဓမ္မညီလာခံဆိုတာ နီးစပ်ရာမိတ်ဆွေတွေစုဝေးပြီး လက်ရှိကြုံတွေ့နေရတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့၊ မိမိတို့ရဲ့အယူအဆကိုပြောဆိုဖို့ လုပ်နေတာမျိုးလည်းမဟုတ်ပါဘူး။ မတူပါဘူး။ ညီအစ်ကိုမောင်နှမအပေါင်းတို့၊ ကျွန်ုပ်တို့အထူးသတိထားရမှာကဒီဓမ္မညီလာခံကို ဦးဆောင်သူဟာ ကျွန်ုပ်တို့ မဟုတ်ဘဲသန့်ရှင်းသောဝိညာဉ်တော်သာဖြစ်တယ်ဆိုတဲ့အချက်ပါပဲ။ ကျွန်ုပ်တို့ကိုအလင်းပေးလမ်းညွှန်တော်မူတဲ့ ဝိညာဉ်တော်ဘုရားဟာ ကျွန်ုပ်တို့အလယ်မှာရှိနေပြီဆိုရင် ဒီဓမ္မညီလာခံဟာ ကောင်းမွန်တဲ့ဓမ္မညီလာခံဖြစ်ပါလိမ့်မယ်။ဒီလိုမဟုတ်ဘဲကိုယ့်ရဲ့ပုဂ္ဂိုလ်ရေးထင်မြင်ချက်နဲ့ ဝါဒရေးရာတွေကိုပဲဦးစားပေး စည်းရုံးပြောဆိုကြမယ်ဆိုရင် ဒါဟာဓမ္မညီလာခံမဟုတ်တော့ဘဲလွှတ်တော်ကျင်းပနေတာနဲ့ပဲတူသွားပါလိမ့်မယ်။ ပုံစံလုံး၀မတူတော့ပါဘူး။ ဓမ္မညီလာခံဆို တာ သန့်ရှင်းသောဝိညာဉ်တော်ဖော်ဆောင်ပေးတဲ့ခရီးတစ်ခုပါ။ဒီဓမ္မညီလာခံစတင်ကျင်းပတဲ့အခါ သင်တို့ကို အထောက်အကူပြုစေဖို့ဆိုပြီးအသင်းတော်ရဲ့ရှေးဦးဖခင်ကြီးတွေရေးသားခဲ့တဲ့စာတွေကို ပေးခဲ့ပါတယ်။အဲဒီစာတွေဟာ သန့်ရှင်းသောဝိညာဉ်တော်အကြောင်း စိန့်ဘာဆေးရေးသားခဲ့တဲ့စာတမ်းကနေကောက်နုတ်ထားတာဖြစ်ပါတယ်။ ဘာဖြစ်လို့ ဒီစာတွေကို ပေးရသလဲဆိုတော့လက်တွေ့ဖြစ်ပျက်နေတဲ့အခြေအနေကို နားလည်ထားဖို့ လိုအပ်တဲ့အတွက်ကြောင့်ပဲဖြစ်ပါ တယ်။ ဒီလိုနားလည်ဖို့ဆိုတာကလည်း လွယ်လွယ်ကူကူနဲ့ဖြစ်မလာပါဘူး။ကမ္ဘာတစ်ဝန်းလုံးက ဆရာတော်ကြီးတွေ အတူစုဝေးကျင်းပတဲ့ဓမ္မညီလာခံစတင်ပေါ်ပေါက်လာခြင်း နှစ်ပေါင်း(၅၀)ပြည့် မြောက်တဲ့နှစ်ပတ်လည်အတွက်ဓမ္မပညာရှင်တချို့ ပြင်ဆင်ပေးခဲ့တဲ့ ကြေညာချက်တစ်စောင်ကို ကျွန်ုပ်လက်မှတ်ထိုးခဲ့ပါ တယ်။ ဒါဟာ ကောင်းမွန်တဲ့ခြေလှမ်းသစ်တစ်ခုပါ။ အခုဆိုရင်ဒီလမ်းကို အသုံးပြုပြီး ကျွန်ုပ်တို့အဖြေရှာကြရပါလိမ့်မယ်။ ဒီဓမ္မညီလာခံကိုဦးဆောင်သူဟာ ကျွန်ုပ်တို့မဟုတ်ဘဲသန့်ရှင်းသောဝိညာဉ်တော်သာဖြစ်ပါတယ်။သန့်ရှင်းသောဝိညာဉ်တော်ဘုရားကို နေရာပေးမယ်ဆိုရင် ဓမ္မညီလာခံကျင်းပတာ အောင်မြင်ပါလိမ့်မယ်။ စိန့်ဘာဆေးရေးသားခဲ့တဲ့စာတွေကို အင်္ဂလိပ်၊ ပြင်သစ်၊ပေါ်တူဂီ၊ စပိန် စတဲ့ဘာသာစကားတွေနဲ့ဝေထားတာဖြစ်တဲ့အတွက် သင်တို့လက်ထဲ ရောက်နေပါပြီ။ဒါနဲ့ပတ်သက်လို့ ကျွန်ုပ်ပြောမှာမဟုတ်တဲ့အတွက် သင်တို့ကိုယ်တိုင်ဖတ်ရှုပြီး ထောက်ရှုဆင်ခြင်ကြဖို့ ကျွန်ုပ်တောင်း ဆိုပါတယ်။သာသနာတော်ရဲ့လမ်းစဉ်မှာ သန့်ရှင်းသောဝိညာဉ်တော်ဘုရားကအဓိကလှုပ်ရှားသူဖြစ်ပါတယ်။ ဝိညာဉ်တော်ဘုရားရဲ့ ကျေးဇူးတော်ရရှိမှသာလျှင် လူသားတွေကယ်တင်ခြင်းရရှိနိုင်ပါလိမ့်မယ်။ ကိုယ်တော်ရှင်ဟာ ဦးဆောင်လှုပ်ရှားတဲ့အရှင် ဖြစ်ပါတယ်။ ဒီအချက်ကို ကျွန်ုပ်တို့နားမလည်ဘူးဆိုရင် ကျွန်ုပ်တို့ဟာတမန်တော်ဝတ္ထုထဲက "ဝိညာဉ်တော်မြတ်ကို ခံယူ ခဲ့ကြသလော"၊"ဝိညာဉ်တော်မြတ်ရှိတော်မူကြောင်းကိုလည်းကျွန်ုပ်တို့မကြားဖူးပါ"လို့ ပြောဆိုကြတဲ့သူတို့လိုပဲဖြစ်ပါလိမ့်မယ်။ ကျွန်ုပ်တို့အနေနဲ့ ဝိညာဉ်တော်ဘုရားဟာ သာသနာတော်ကို ဦးဆောင်ပြီးသက်ဝင်လှုပ်ရှားစေသူဖြစ်တယ်  ဆိုတာကိုကောင်းကောင်းနားလည်ဖို့ လိုပါတယ်။သန့်ရှင်းသောဝိညာဉ်ဘုရားဟာ အမျိုးမျိုးကွဲပြားနေကြပေမဲ့ခိုင်မာတဲ့လမ်းစဉ်တစ်ခုကို အသင်းတော်ထဲက ဘာသာဝင် များကြားမှာ ချမှတ်ပေးခဲ့ပါတယ်။ အဲဒါကတော့ ပင်တေကော့စ်ပွဲနေ့မှာ ဖြစ်ခဲ့တဲ့ ရှုပ်ထွေးတဲ့ဖြစ်ရပ်မျိုးပါပဲ။ပင်တေကော့စ်ပွဲနေ့မှာ ပထမတော့ အစီအစဉ်တကျနဲ့ အေးအေးဆေးဆေးပါပဲ။ နောက်တော့ထူးခြားစွာနဲ့ ဆူဆူညံညံ အသံတွေ ထွက်လာပြီး လူတိုင်းကကိုယ့်ဘာသာစကားနဲ့ကိုယ်ပြောဆိုကြတယ်။ အားလုံးကလည်း နားလည်နေကြတယ်။ ပထမတော့ ဘာဖြစ်မှန်းအသေအချာမသိကြဘူး။ ဒါပေမဲ့သန့်ရှင်းသောဝိညာဉ်တော်ရဲ့တန်ခိုးတော်နဲ့လုပ်ဆောင်ချက်ကို တွေ့ လာကြရတယ်။အဲဒါကတော့ ပေါင်းစည်းခြင်းမဟုတ်ဘဲ သဟဇာတရှိခြင်းပဲဖြစ်ပါတယ်။ ကိုယ်တော်ရှင်က အားလုံးကို တစ်ပုံစံထဲဖြစ်အောင် လုပ်ဆောင်ခဲ့တာမဟုတ်ဘဲ တစ်ဦးနဲ့တစ်ဦး မတူကွဲပြားမှုတွေရှိနေပေမဲ့ အချင်းချင်းအကြားမှာ သဟဇာတရှိအောင်လုပ်ဆောင်ပေးခဲ့တာဖြစ်ပါတယ်။ ကျွန်ုပ်တို့ကြားမှာ သဟဇာတရှိမနေဘူးဆိုရင်ဝိညာဉ်တော်ဘုရား ရှိမနေလို့ပဲဖြစ်ပါတယ်။ ဒါဟာကိုယ်တော်ရှင်ဟာအလုပ်လုပ်တဲ့ပုံစံဖြစ်ပါတယ်။သန့်ရှင်းသောဝိညာဉ်တော်ဘုရားဟာ လူသားတို့ရဲ့ကယ်တင်ခြင်းသမိုင်းကိုသဟဇာတရှိရှိ ဖော်ဆောင်ပေးတဲ့အရှင်လည်း ဖြစ်ပါတယ်။ ဒီနေရာမှာကျွန်ုပ်တို့သတိထားရမှာက သဟဇာတရှိတယ်ဆိုတာ အားလုံးကို တစ်ခုတည်းဖြစ်သွားအောင်ပေါင်းစည်းပစ်လိုက်တာမျိုးမဟုတ်ဘဲ မတူညီတဲ့အရာတွေ အတူတကွ တည်ရှိနေတာမျိုးကို ဆိုလိုခြင်းဖြစ်ပါတယ်။ ဒီဓမ္မညီလာခံအပြီးမှာ ကွဲပြားမှုလုံး၀မရှိဘဲအားလုံးတစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်ခဲ့ပါတယ်ဆိုတဲ့ ကြေညာစာတမ်း ထွက်လာရင်ဝိညာဉ်တော်ဘုရားပါရှိတဲ့ဓမ္မညီလာခံမဟုတ်တော့ပါဘူး။ ဝိညာဉ်တော်ဘုရားဟာ မတူညီတဲ့အရာတွေကို တစ်ခုတည်းဖြစ်အောင် ပေါင်းစည်းလိုက်တာမဟုတ်ဘဲ လိုက်လျောညီထွေမှုရှိရှိနဲ့အတူတကွရှိနေအောင် လုပ်ဆောင်ပေးသူဖြစ်ပါတယ်။ အသင်းတော်ဟာဝိညာဉ်တော်ဘုရားရဲ့လက်ရာတော်နဲ့ များစွာသောအသံတွေ အတူတကွ သဟဇာတရှိရှိ နေထိုင်နေတဲ့အဖွဲ့အစည်းကြီးတစ်ခုဖြစ်ပါတယ်။ ကျွန်ုပ်တို့ဟာ အသင်းတော်ကို ဒီလိုမျိုးပဲ ရှုမြင်ရပါမယ်။ သာသနာနယ်တစ်ခုစီတိုင်း၊ ဘာသာဝင်တစ်ဦးစီတိုင်းမှာကွဲပြားမှုတွေရှိနေပါတယ်။ ကွဲပြားတယ်ဆိုပေမဲ့လည်း အသင်းတော်ထဲမှာ အများတကာနဲ့သဟဇာတရှိရှိ လျှောက်လှမ်းနေရပါမယ်။ ဒီလိုသဟဇာတရှိရှိ လျှောက်လှမ်းနိုင်အောင်လုပ်ဆောင်သူဟာ သန့်ရှင်းသော ဝိညာဉ်ဘုရားပဲဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်ဖို့ဆိုတာ ကျွန်ုပ်တို့လူသားတွေမတတ်နိုင်ပါဘူး။ကျွန်ုပ်တို့ဟာ လွှတ်တော် မဟုတ်သလို ကမ္ဘာ့ကုလသမ္မဂလည်း မဟုတ်ပါဘူး။သူတို့နဲ့ ကွဲပြားခြားနားတဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။သာသနာနယ်တွေ လိုက်လျောညီထွေမှုရှိရှိလျှောက်လှမ်းနိုင်တဲ့အဓိကအကြောင်းတရားက ဝိညာဉ်တော်ဘုရားပဲဖြစ်ပါ တယ်။ စိန့်ဘာဆေးက သူ့ရဲ့လုပ်ဖော်ကိုင်ဖက်ဆရာတော်တွေကို အခုလိုပြောခဲ့ပါတယ်။ "ဒါကြောင့်မို့လို့ကျွန်ုပ်တို့ရဲ့ ကောင်းကျိုးနဲ့၊ လိုက်လျောညီထွေစွာ ပေါင်းစပ်မှုအတွက်စဉ်းစားရသလိုမျိုးပဲ မတူကွဲပြားမှုတွေကြောင့် ကြုံတွေ့ရတဲ့ ဒုက္ခအခက်အခဲတွေကိုလည်း မျှဝေခံထမ်းကြဖို့ ကျွန်ုပ်တိုက်တွန်းလိုပါတယ်။ ကွဲပြားမှုတွေကြောင့် ကျွန်ုပ်တို့ လမ်းခွဲရတာမျိုး မဖြစ်ဘဲ တစ်ဦးကိုတစ်ဦးပွေ့ဖက်ရင်း အသင်းတော်ထဲမှာ သဟဇာတရှိရှိ အတူလျှောက်လှမ်းနိုင်ဖို့ လိုအပ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်ုပ်တို့ဟာဝိညာဉ်တော်ဘုရားရဲ့ကျေးဇူးတော်အတိုင်း အဖွဲ့အစည်းတစ်ခုအဖြစ် အတူ တကွလျှောက် လှမ်းနေကြတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။သန့်ရှင်းသောဝိညာဉ်တော်ဘုရားဟာ ကျွန်ုပ်တို့ကိုလက်က ကိုင်စွဲပြီးတော့ နှစ်သိမ့်ပေးတတ်တဲ့အရှင်ဖြစ်ပါတယ်။ ဝိညာဉ်တော်ဘုရားတည်ရှိတော်မူခြင်းဟာ မိခင်တစ်ယောက်ရှိနေသလိုမျိုးပဲလို့ ကျွန်ုပ်ဆိုချင်ပါတယ်။ ကိုယ်တော်ရှင်ဟာ မိခင်တစ်ယောက်ပြုမူသလိုပဲ ကျွန်ုပ်တို့ကို လမ်းပြခေါ်ဆောင်တယ်၊နှစ်သိမ့်ပေးတယ်။ ကိုယ်တော်ရှင်ဟာ နှစ်သိမ့်ပေး တော်မူသောအရှင်ဖြစ်ပါတယ်။ ဒါဟာဝိညာဉ်တော်မြတ်ရဲ့နာမတော်တွေထဲက တစ်ခုပါပဲ။ သန့်ရှင်းသောဝိညာဉ်တော် ဘုရားရဲ့ နှစ်သိမ့်ပေးခြင်းလုပ်ရပ်ဟာ ဓားပြတွေလက်ထဲ ကျရောက်ခဲ့သူကို ပြုစုပေးတဲ့တည်းခိုခန်းပိုင်ရှင်နဲ့အလား သဏ္ဍာန်တူပါတယ်။ (လု ၁၀:၃၄-၃၅)ကောင်းသောဆမာရိတန်ပုံဥပမာထဲက တည်းခိုခန်းပိုင်ရှင်ကို စိန့်ဘာဆေးက သန့်ရှင်းသောဝိညာဉ်တော်အဖြစ် ရှုမြင်တယ်။ ဝိညာဉ်တော်ဘုရားဟာ တစ်ယောက်သောသူရဲ့ စိတ်ကောင်းစေတနာနဲ့အခြားသူတစ်ယောက်ရဲ့ကျရှုံးမှုကို အတွဲအဖက်မိအောင်စီစဉ်ဆောင်ရွက်ပေးတော်မူတဲ့အရှင်ဖြစ်ပါတယ်။အသင်းတော်ကို ကာကွယ်စောင့်ရှောက်ပေးတဲ့အရှင်ဟာလည်း ဝိညာဉ်တော်ဘုရားပဲဖြစ်ပါတယ်။ သန့်ရှင်းသောဝိညာဉ် တော်ဘုရားဟာအမျိုးမျိုးအဖုံဖုံသောနည်းလမ်းတွေနဲ့ "နှစ်သိမ့်မှု"ပေးလျက်ရှိပါတယ်။ကျွန်ုပ်တို့ဟာ ဝိညာဉ်တော်ဘုရား ရဲ့မတူကွဲပြားတဲ့ အမျိုးမျိုးသောအသံတော်တွေကိုနားထောင်တတ်ဖို့ လေ့လာသင်ယူရပါလိမ့်မယ်။အသင်းတော်ကို မွေးဖွားပေးခဲ့တဲ့အရှင်ကလည်း ဝိညာဉ်တော်ဘုရားပဲဖြစ်ပါတယ်။ ဒီနေရာမှာ နှုတ်ကပါဌ်တော်နဲ့ ဝိညာဉ်တော်အကြားအလွန်အရေးပါတဲ့ဆက်နွယ်မှုရှိနေပါတယ်။ နှုတ်ကပါဌ်တော်နဲ့ ဝိညာဉ်တော်အ‌ကြောင်းဆိုပြီးတော့ကျွန်ုပ် တို့ဆင်ခြင်ထောက်ရှုနိုင်ပါတယ်။သန့်ရှင်းသောဝိညာဉ်တော်ကြေကွဲဝမ်းနည်းရတဲ့အကြောင်းကို သမ္မာကျမ်းစာ၊ ဝတ်ပြုကိုး ကွယ်ခြင်းဝိနည်းတော်နဲ့ ရှေးထုံးသက်သေတွေကနေတစ်ဆင့် ကျွန်ုပ်တို့သိရှိရပါတယ်။ဝိညာဉ်တော်ဘုရားကို ကြေကွဲဝမ်း နည်းစေတဲ့အရာတွေထဲမှာ အဆိုးဆုံးကတော့အကျိုးမဲ့တဲ့စကားပြောဆိုခြင်းပဲဖြစ်ပါတယ်။ အကျိုးမဲ့တဲ့စကား၊ လောကီ ဆန်တဲ့စကား၊ လူတို့ရဲ့စရိုက်အတိုင်း မကောင်းတဲ့အလေ့အကျင့်ဖြစ်တဲ့ အတင်းအဖျင်းစကားစတာတွေပဲဖြစ်ပါတယ်။ နောက်ကွယ်မှာ ပုတ်ခတ်ပြောဆိုခြင်းဟာ သန့်ရှင်းသောဝိညာဉ်တော်ကိုဆန့်ကျင်တဲ့အပြုအမူဖြစ်ပါတယ်။ ဒီအလေ့အထ ဟာ ကျွန်ုပ်တို့ကြားမှာ အရိုးစွဲသလိုတောင် ဖြစ်နေပါပြီ။ အကျိုးမဲ့တဲ့စကားပြောဆိုခြင်းဟာ သန့်ရှင်းသောဝိညာဉ်တော်ကိုစိတ်ကြေကွဲစေပါတယ်။ဒါနဲ့ပတ်သက်လို့ကျမ်းစာထဲမှာ"ကယ်တင်ခြင်းခံရမည့်နေ့အတွက်သင်တို့ကို တံဆိပ်ခပ်နှိပ်ပေးတော်မူသောဘုရားသခင်၏ ဝိညာဉ်တော်မြတ်ကို စိတ်ကြေကွဲစေရန် မပြုလုပ်ကြနှင့်"(ဧဖက်ဆု ၄:၃၀) လို့ သတိပေးထားပါတယ်။   ဘုရားသခင်ရဲ့ဝိညာဉ်တော်မြတ်ကို စိတ်ကြေကွဲရအောင် လုပ်ဆောင်ခြင်းဟာ အတော့်ကို ဆိုးရွားတဲ့ပြစ်မှုတစ်ခုလည်းဖြစ်ပါတယ်။ ဒီလိုအတင်းအဖျင်းပြောဖို့၊ တစ်ပါးသူကိုပုတ်ခတ်ပြောဖို့ တကယ်ပဲလိုအပ် ပါသလား။ အသင်းတော်ထဲမှာလည်း ဒီအလေ့အထက အတော်လေးပျံ့နှံ့နေပါတယ်။ ကျွန်ုပ်တို့ဟာ ဒီရောဂါကို ကုစားဖို့ ဝိညာဉ်တော်မြတ်ကိုခွင့်မပြုဘူးဆိုရင် အတူတကွ ခရီးပြုနေတဲ့ အသင်းတော်ကို ဖော်ဆောင်ဖို့အတော်ခက်ခဲပါလိမ့်မယ်။ အနည်းဆုံးတော့ အခုဓမ္မညီလာခံကျင်းပနေစဉ်မှာဒီဆရာတော်ပြောတာ၊ ဒီသီလရှင်ပြောတာ၊ ဒီလူပြောတာကို လက်မခံရင် သူ့ရှေ့မှာပဲ တည့်တည့်ပြောလိုက်ပါ။ ဒီအတွက်ပဲ ဓမ္မညီလာခံကို ကျင်းပနေကြတာဖြစ်ပါတယ်။ ဒီနေရာဟာသူတစ်ပါးနောက်ကွယ်မှာ ပုတ်ခတ်ပြောဆိုဖို့မဟုတ်ဘဲ အမှန်အတိုင်း ပြောဆိုဖို့နေရာဖြစ်ပါတယ်။သန့်ရှင်းသောဝိညာဉ်တော်ဘုရားဟာ ကျွန်ုပ်တို့ကိုယုံကြည်ခြင်းမှာ ခိုင်မာဖို့ လုပ်ဆောင်ပေးတော်မူတဲ့အရှင်လည်း ဖြစ်ပါ တယ်။ ကိုယ်တော်ရှင်ဟာ ဒီအမှုကို အမြဲမပြတ်လုပ်ဆောင်တော်မူတဲ့အရှင်လည်းဖြစ်ပါတယ်။စိန့်ဘာဆေးရေးခဲ့တဲ့စာတွေကို ဖတ်ကြည့်ပါ။အဲဒီစာတွေကို သင်တို့ရဲ့ဘာသာစကားအလိုက် ဝေပေးထားပြီးဖြစ်ပါတယ်။ ဒီစာတမ်းတွေဟာသင်တို့ရဲ့စိတ်နှလုံးထဲမှာ ဝိညာဉ်တော်ဘုရားကို နေရာပေးဖို့ လုပ်ဆောင်တဲ့နေရာမှာ အထောက်အကူ ပြုပါလိမ့်မယ်။ ကျွန်ုပ်ထပ်ပြောပါမယ်။ ဒီဓမ္မညီလာခံဟာလွှတ်တော်အစည်းအဝေးမဟုတ်ပါဘူး။ ကိုယ့်ရဲ့သာသနာအတွင်း လုပ်ဆောင်မယ့်အရာကိုဆွေးနွေးနေကြတာလည်း မဟုတ်ပါဘူး။ ဒီဓမ္မညီလာခံဟာ အတူတကွ ခရီးပြုတဲ့အစီအစဉ်ဖြစ်ပါတယ်။ ကာဒီနယ် ဂရက်ပြောခဲ့သလို ကျွန်ုပ်တို့ဟာ ဘုရားသခင်ရဲ့သားသမီးတွေနဲ့ ဆွေးနွေးပြီး အကြံဉာဏ်တွေအများကြီး ရယူခဲ့ပြီးပါပြီ။ ဒါပေမဲ့ ဒါတွေကို စီစဉ်ပြီးကျွန်ုပ်တို့ကို လမ်းညွှန်မယ့်သူက ဝိညာဉ်တော်ဘုရားပဲဖြစ်ပါတယ်။ ကိုယ်တော်ရှင်မပါရှိရင် ရလဒ်ကောင်း မထွက်နိုင်ပါဘူး။ဒါကြောင့် ဝိညာဉ်တော်ဘုရား စိတ်ကြေကွဲအောင် မလုပ်ကြဖို့ ကျွန်ုပ်အထူးမှာကြားလိုပါတယ်။ ကျွန်ုပ်တို့ရဲ့ဓမ္မပညာနဲ့ပတ် သက်လာရင်လည်းဝိညာဉ်တော်ဘုရားကို မမေ့လျော့ဖို့ လိုပါတယ်။ ဒီဓမ္မညီလာခံမှာလည်းဝိညာဉ်တော်နဲ့မသက်ဆိုင်တဲ့ လောကီအရာတွေကနေ ဝိညာဉ်တော်ရဲ့အသံကို နားထောင်တတ်ဖို့ကြိုးစားပါ။ ကျွန်ုပ်အထင်အရတော့ အသင်းတော်ထဲ မှာ အစဉ်အဆက်ရှိနေတဲ့ အဆိုးဝါးဆုံးရောဂါက လောကီရေးကိုသာ စိတ်ဝင်စားခြင်းဖြစ်ပါတယ်။ ဒါဟာဝိညာဉ်တော်ဘုရားကို ဆန့်ကျင်တဲ့လုပ်ရပ်လည်း ဖြစ်ပါတယ်။ ဝိညာဉ်တော်ဘုရားထက် လောကီအရာတွေကိုဦးစားပေးတာတွေမလုပ်ကြဖို့သတိပြုပါ။ အတွေ့အကြုံကနေ ရလာတဲ့အသိဉာဏ်ကိုတောင် ဦးစားမပေးပါနဲ့။အဲဒီအသိဉာဏ်ဟာ အများကြီး အထောက်အကူပြုတာမှန်ပေမဲ့ ဝိညာဉ်တော်ဘုရားက အဲဒီထက် အများကြီးပိုပါတယ်။ ကျွန်ုပ်တို့ဟာ အသင်းတော်ထဲမှာ ဝိညာဉ်တော်ဘုရားနဲ့အတူနေတတ်ဖို့ လေ့လာသင်ယူရပါမယ်။ စိန့်ဘာဆေးရေးထားတဲ့စာတွေကို ဆင်ခြင်ထောက်ရှုဖို့သင်တို့ကို ကျွန်ုပ်တိုက်တွန်းပါတယ်။ အဲဒီစာတွေက သင်တို့ကိုအများကြီးအထောက်အကူပြုပါလိမ့်မယ်။ဒီဓမ္မညီလာခံမှာ ဝိညာဉ်တော်ဘုရားကို နေရာပေးပြီး နားထောင်တတ်တဲ့အလေ့အကျင့်ကောင်း မွေးမြူကြဖို့ကိုလည်း ကျွန်ုပ်တိုက်တွန်းလိုပါတယ်။နားထောင်ခြင်းဟာ ဦးစားပေးရမယ့်အရာဖြစ်ပါတယ်။ ကောင်းမွန်တဲ့အလုပ်ကို လုပ်နေ ကြတဲ့မီဒီယာတွေ၊ ဂျာနယ်လစ်တွေဆီကို ဒီသတင်းစကားပေးဖို့ လိုပါတယ်။ ဝိညာဉ်တော်၌ တည်သောအသက်တာကို လူအများသိအောင် ထုတ်ဖော်ပြောဆိုဖို့ လိုပါတယ်။အဲဒီလိုလုပ်ဖို့အတွက် ခြိုးခြံခြင်းကို ကျင့်ကြံရပါမယ်။ ဒါကို ပီပီ ပြင်ပြင်လုပ်နိုင်ဖို့အတွက် ပရိသတ်အရှေ့ထွက်ပြီး စကားပြောတာမျိုးကို ခဏရပ်ထားရပါတယ်။လူအများသိအောင် ထုတ်ဝေမယ့်အရာမှန်သမျှ ဒီလိုမျိုးပဲ လုပ်ရပါလိမ့်မယ်။ ဆရာတော်တွေက ဂျာနယ်လစ်တွေနဲ့ စကားပြောဖို့ကို ကြောက်နေကြတယ်လို့ တချို့က ပြောကြတယ်။မဟုတ်ပါဘူး။ ဂျာနယ်လစ်တွေလုပ်နေတဲ့အလုပ်က အရမ်းကိုအရေးကြီးပါတယ်။ ဝိညာဉ်တော်ဘုရား၌အတူတကွ ခရီးပြုနေတဲ့အကြောင်းကို သူတို့တွေပြောဆိုရေးသားလာကြဖို့ သူတို့ကို ကျွန်ုပ်တို့ကူညီရပါလိမ့်မယ်။ ပြောဆိုခြင်းထက်နားထောင်ခြင်းကိုဦးစားပေးတတ်ရပါမယ်။ ဒီအချက်ကို လူအများသိရှိလာ အောင် မီဒီယာသမားများကလည်းကူညီလုပ်ဆောင်ပေးကြဖို့ ကျွန်ုပ်တောင်းဆိုလိုပါတယ်။မိသားစုအရေးဆိုင်ရာဓမ္မညီလာခံမှာ လင်မယားကွာရှင်းထားတဲ့သူတွေကို ကိုယ်တော်မြတ်ပေးတော့မယ်လို့ အများက ထင်ကြတယ်။ဒါလောကီအတွေးပေါ့။ အဲဒီထင်မြင်တွေးဆချက်တွေကြားမှာ ဓမ္မညီလာခံကိုကျွန်ုပ်တို့စတင်ခဲ့ကြတယ်။ အမေဇုန်ဒေသဆိုင်ရာဓမ္မညီလာခံမှာကျတော့လည်း အိမ်ထောင်ပြုပြီးသားအမျိုးသားတွေကို ရဟန်းသိက္ခာပေးတော့မယ် လို့ အများက တွေးကြပြန်တယ်။ ဖိအားတွေလည်း ပေးကြတယ်။အဲဒီဖိအားတွေကြားမှာပဲ ဓမ္မညီလာခံကို ကျွန်ုပ်တို့ ကျင်းပခဲ့ကြတယ်။ အခုတစ်ခါဒီဓမ္မညီလာခံနဲ့ပတ်သက်ပြီးတော့လည်း "သူတို့ဘာလုပ်ကြမှာလဲ"၊ "အမျိုးသမီးတွေကို ရဟန်းသိက္ခာပေးဖို့ ဆုံးဖြတ်တော့မှာလား"ဆိုပြီး ပြောဆိုနေကြပြန်တယ်။ကျွန်ုပ်မသိဘူး။ ဒါ သူတို့ပြောနေကြတဲ့အရာ တွေ။ ပြီးတော့ ဆရာတော်တွေကလက်ရှိဖြစ်ပျက်နေတဲ့အကြောင်းတွေကို ပြောဆိုဖို့ ကြောက်နေကြတယ်လို့ ခဏခဏပြောတတ်ကြတယ်။ ဒါကြောင့်မို့လို့ မီဒီယာသမားတွေကို ကျွန်ုပ်တောင်းဆိုချင်ပါတယ်။ တချို့သောသူတွေက သူတို့ပြောချင်တာ ပြောကြမှာဖြစ်ပေမဲ့သင်တို့လုပ်ရမယ့်အလုပ်ကိုကောင်းမွန်အောင် လုပ်ပါ။ ဘက်မလိုက်ဘဲမျှမျှတတ ရေးသားဖော်ပြပါ။ ဒါမှသာအသင်းတော်ထဲမှာ နားထောင်တတ်ဖို့ ဦးစားပေးလုပ်ဆောင်နေတာကို ဘာသာဝင်တွေရော၊ စိတ် ကောင်းနှလုံးကောင်းရှိသူတွေရော နားလည်လာမှာဖြစ်ပါတယ်။ ဒီအချက်ကအရမ်းအရေးကြီးပါတယ်။ ဒါကို လူအများ သိအောင်ဖော်ပြပေးကြအသင်းတော်အနေနဲ့ ခေတ္တအချိန်ယူပြီး စုဝေးနေတဲ့အချိန်မှာ ကျွန်ုပ်တို့ကိုကူညီတဲ့အတွက် သင်တို့အားလုံးကို ကျေးဇူး တင်ပါတယ်။ ယေဇူးသခင်အသေခံပြီး နောက်တစ်နေ့မှာ တမန်တော်ကြီးတွေဟာ တိတ်ဆိတ်ငြိမ်သက်သွားသလို ကျွန်ုပ် တို့လည်းတိတ်ဆိတ်ငြိမ်သက်နေကြပါတယ်။ တမန်တော်ကြီးက ကြောက်စိတ်နဲ့ ငြိမ်သက်ခဲ့ကြပေမဲ့ကျွန်ုပ်တို့ကတော့ တစ်ဦးကိုတစ်ဦး နားထောင်ဖို့ ငြိမ်သက်သွားကြတာဖြစ်ပါတယ်။ ဒီအချက်ဟာအရေးအကြီးဆုံးအချက်ဖြစ်ပါတယ်။ သင်တို့ရဲ့ကြိုးပမ်းလုပ်ဆောင်ခဲ့တာတွေအတွက်နဲ့ယခုလုပ်ဆောင်နေတာတွေအတွက် ကျေးဇူးအထူးတင်ကြောင်း ကျွန်ုပ်ပြောကြားလိုပါတယ်။ဖြစ်နိုင်မယ်ဆိုရင် စိန့်ဘာဆေးရေးထားတဲ့စာတွေကို ဖတ်ကြဖို့ ကျွန်ုပ်ထပ်ပြီးတိုက်တွန်းလိုပါတယ်။ အဲဒီစာတွေက သင်တို့ကိုအထောက်အကူပြုပါလိမ့်မယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။
Translated by Francis Aung Min Naung
Posted by Sr. Benedetta Myat Hnin New(ISR)

Credit Photo

NEWS AND EVENTS
2024-01-07 20:36:18

#86th General Convention of Catholic Religious Conference of Myanmar (5-7.1.2024, CRCM)#မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်သူတော်စင်အသင်းဂိုဏ်းများအကြီးအကဲတို့၏(၈၆)ကြိမ်မြောက် ညီလာခံအစည်းအဝေးနှင့်CRCMတည်ရှိခြင်း နှစ်၅၀ပြည့် ဂျူဗလီကျေးဇူးတင်မစ္ဆာတရား။၅-၇၊ ဇန္နဝါရီလ၊ ၂၀၂၄ ခုနှစ်။