Untitled Document
Untitled Document
Untitled Document
ဘာသာပြန်
#What is a Holy Family? #သန့်ရှင်းသောအိမ်ထောင်စုဆိုတာဘာလဲ
မစ္ဆားအပြီး ၁၀ မိနစ်တောင်မရှိသေး။ သာသနာ့ခန်းမဆောင်ထဲတွင် ဒိုးနတ်မုန့်အတွက်လုယက် တိုက်ခိုက်နေကြသော ကလေးများ၏ အငြင်းပွားမှုကိုဖြေရှင်းပြီး ထိုင်နေတဲ့သင့်အဖြစ်ကို သင်ပြန်မြင်ကြည့်တဲ့အခါ..။
ငြိမ်းချမ်းရေး ရှိစေရန်အတွက် မစ္ဆားတရားတော်အတွင်း “သင်၌ငြိမ်သက်ခြင်းရှိပါစေ။” ဟု၊ အချင်းချင်းနှုတ်ဆက်ခဲ့ကြသည်။ ကျွန်ုပ်တို့၏အိမ်၌ ငြိမ်သက်ခြင်းရှိပါစေသောဟု ဆုတောင်းကြသည်။ ကျွန်ုပ်တို့သည် သန့်ရှင်းသောမိသားစုများ၊ အိမ်ထောင်စုများ ဖြစ်လိုကြသည်။
သို့ရာတွင် သာသနာ့ခန်းမအတွင်း၊ ဒိုးနတ်မုန့်ကြောင့် ဗြောင်းဆန်နေသောကိစ္စကလေးကိုပင် မကျော်လွှားနိုင်သေးလျှင်၊ ကျွန်ုပ်တို့သည် သန့်ရှင်းသောမိသားစုများအဖြစ်သို့ မည်သို့ရောက်ရှိနိုင်မည်နည်း။
သံဇူဇယ်(သူတော်စင်)၊ မာရီးယား(အပြစ်မဲ့သူ) နှင့် ယေဇူး(လူ့ဇာတိခံယူသောဘုရားသခင်)တို့ ကဲ့သို့သော သန့်ရှင်းသော မိသားစုထဲသို့ဝင်ကြည့်ပြီး “ငါတို့ အတုခိုးလိုက်ရရင်ဖြင့်” ဆိုပြီး ကျွန်ုပ်တို့ရူးသွပ်စွာ တွေးမိကြပြီလား။
ပုပ်ရဟန်းမင်းကြီး စိန့်ဂျွန်ပေါလ်(၂)က “သန့်ရှင်းသောအိမ်ထောင်စုဆိုသည်မှာ အခြားသော မရေမတွက်နိုင်သော သန့်ရှင်းသောမိသားစုများ၏ အစပင်ဖြစ်သည်။” ဟုဆိုထားလေသည်။ ကျွန်ုပ်တို့မိသားစုလည်း အပါအဝင်ဖြစ်လေသည်။
ခရစ္စမတ်(စ်)ပွဲပြီးနောက် အသင်းတော်သည် သန့်ရှင်းသောအိမ်ထေင်စု၏ ပွဲတော်ကိုကျင်းပသည်။ ၎င်းသည် ခရစ္စမတ်(စ်)၏ ငြိမ်သက်ခြင်းကိုထွေးပိုက် ထိန်းသိမ်းထားရန်နှင့် ဝေမျှရန်လွယ်ကူလေသည်။ သို့သော်သခင်ယေဇူးမွေးဖွားပြီး မကြာမီ ဟေရုဒ်မင်း၏ လိုက်လံသတ်ဖြတ်မှုကြောင့် ၎င်းအန္တရာယ်မှရှောင်ရှားရန် အီဂျစ်ပြည်သို့ထွက်ပြေးခဲ့ရသည်ကို မမေ့ပါနှင့်။ သူတို့သည် ယနေ့တိုင်များစွာသော မိသားစုများကဲ့သို့ ဒုက္ခသည်များဖြစ်ခဲ့ကြလေသည်။ သူတို့သည်လည်းမကြာခဏ လောကအသက်တာ၏ ရှုပ်ထွေးမှု၊ ဒုက္ခအခက်အခဲများနှင့် အကျွမ်းတဝင်ရှိကြလေသည်။
အောက်ဖော်ပြပါ အချက်များသည် မိသားစုများကိုသန့်ရှင်းစေသည့် အရာနှင့်ပတ်သက်၍ အားလုံး အကျုံးဝင်လိမ့်မည်ဟု မရည်ရွယ်သော်လည်း သင်တို့၏အကြံပေးမှုများကိုပါ ကျွန်ုပ်တို့ကြိုဆိုလျှက်ရှိပါသည်။
ကျွန်ုပ်တို့၏ ရွေးချယ်ထားသော အချက်အလက်များကို ပြောရလျှင် “ယုံကြည်ခြင်း၊ မျှော်လင့်ခြင်းနှင့် ချစ်ခြင်းမေတ္တာထားခြင်း” စသည့် အချက်များလောက် သာလွန်လိမ့်မည်မဟုတ်ပါ။ သို့သော်လည်း ကျွန်ုပ်တို့သည် အောက်ပါအကျင့်ပုံစံများကို ကိုယ်ပိုင်ပုံစံဖြစ်စေနိုင်သော မိသားစုတိုင်းသည် ဘုရား သခင်၏ ကျေးဇူးတော်ခွန်အားနှင့် အင်အားကြီးကြလိမ့်မည်ဟု ကျွန်ုပ်တို့အကြံပြုလိုပါသည်။
ကျွန်ုပ်တို့သည် မာရီးယား၏ သစ္စာတရားရှိမှုမျိုးကို မကြာခဏအတုယူကြသော်လည်း သံဇူဇယ်ကိုလည်း လျစ်လျူရှုမထားပါနှင့်။ သူသည် ဘုရားသခင်ထံမှ သတင်းစကားများကို အကြိမ်ပေါင်းများစွာခံယူခဲ့ပြီး၊
ကိုယ်ဝန်ဆောင် သတို့သမီးအား သူ၏အိမ်သို့ခေါ် ဆောင်သွားခြင်းအားဖြင့်လည်းကောင်း၊ သူ့မိသားစုအား ဟေရုဒ် လက်မှကာကွယ် ပေးခြင်းအားဖြင့်လည်းကောင်း၊ ဘုရား၏အသံတော်ကို နာခံမှုအပြည့်ဖြင့် လိုက်နာခဲ့လေသည်။
မကြာခဏပင် ကြီးမားခက်ခဲသော လုပ်ငန်းများဖြင့် ကျွန်ုပ်တို့အားခေါ်ဆောင်တော်မူသော ဘုရားသခင်၏ အလိုတော်နှင့်ညီစေရန် ကြီးမားသော ယုံကြည်ခြင်းနှင့် သတ္တိရှိဖို့ရန်လိုလေသည်။ သန့်ရှင်းသော ဘဝခရီးလမ်းအတွက် စဉ်ဆက်မပြတ် ပိုင်းခြားသိမြင်တော်မူသော ဘုရားသခင်၏အသံကို နားထောင်၊ နာခံရန် လိုလိုလားလားလိုအပ်လေသည်။
ကလေးမွေးဖွားခြင်းနှင့်ပတ်သက်၍ နှလုံးသားကြီးမားခြင်းအကြောင်းကို ကျွန်ုပ်တို့မကြာခဏ စဉ်းစားလေ့ရှိကြသည်။ အသက်တာတစ်ခု ပွင့်လန်းမှုသည် အစိတ်အပိုင်းတစ်ခုဖြစ်သော်လည်း ၎င်းသည်အလုံးစုံမဟုတ်ပါ။ မာရီးယား၏ သွားရောက်လည်ပတ်ခြင်းကို သုံးသပ်ကြည့်ပါက ကိုယ်ဝန်ဆောင် မာရီးယားသည် ကြမ်းတမ်းသော ကုန်းမြင့်ပေါ်သို့ခြေလျင်ခရီးနှင်ခဲ့ပြီး သူ၏ဝမ်းကွဲဧလိဇဘက်ထံ သွားရောက်လည်ပတ်ကာ သုံးလနေခဲ့သည်။ အပြန်ခရီးတွင် သူမ၏ကိုယ်ဝန်မှာ ရင့်မာလာပေမည်ဖြစ်သည်။ မာရီးယားသည် သူမ၏ကိုယ်ကို တစ်ခြားသူ၊ ပို၍လိုအပ်နေသူ တစ်ယောက်ဆီသို့ ပေးအပ်ပုံချခဲ့သည်။ သံဇူဇယ်ကိုကြည့်လျှင်လည်း သခင်ယေဇူးသည် ဘုရားသခင်၏သားတော်ဖြစ်ကြောင်း သိရသော်လည်း သူ၏မိသားစုအတွက် အံ့ဖွယ်အမှုတစ်ခု ပြုလုပ်ပေးရန်သူ မမျှော်လင့်ခဲ့ပါ။ သူ၏မွေးစားကလေးအတွက် သူ့ကိုယ်သူ ပေးအပ်ခဲလေသည်​။
ဘဝအသက်တာ၏ ၉၀% ကျော်တွင် ယေဇူးသခင်သည် သံဇူဇယ်နှင့်အတူ လက်မှုပညာလုပ်သား တစ်ဦးအဖြစ် မိသားစုဘဝအတွက် အဆုံးအစွန်နေထိုင်ခဲ့သည်။ မာရီးယားသည် အချိန်များကို ဆုတောင်းခြင်းနှင့် အိမ်မှုကိစ္စများတွင် ကုန်လွန်စေခဲ့သည်။ ပုပ်ရဟန်း မင်းကြီးဖရန်စစ်၏ မကြာသေးမီက သြဝါဒတစ်ခုတွင် ပြောခဲ့သည်မှာ
“သန့်ရှင်းခြင်းသို့ ခေါ်ဆောင်ခြင်းသည် ဆရာတော်များ၊ ဘုန်းတော်ကြီးများ၊ သီလရှင်များ၊ သို့မဟုတ် ဘာသာရေးလုပ်ဆောင်သူများအတွက်သာမဟုတ်ပါ။ ချစ်ခြင်းမေတ္တာဖြင့် နေထိုင်ခြင်းနှင့် ကျွန်ုပ်တို့၏ နေ့စဉ်လုပ်ငန်းဆောင်တာများ၌ ခရစ်ယာန်အသက်တာဖြင့် အသက်ရှင်နေထိုင် သက်သေခံခြင်းကို ဝေမျှခြင်းအားဖြင့်ကျွန်ုပ်တို့သည် သူတော်စင်များ၊ ရဟန္တာများ ဖြစ်လာရန်ခေါ်ဆောင်ခြင်းဖြစ်သည်။”
Seminary ဆိုသော စကားလုံးသည် “Seedbed” ဟုအဓိပ္ပာယ်ရသည်။ ဤစကားလုံးနှင့် ပတ်သက်ပြီး “မိသားစု”သည် မူလစာသင်ကျောင်းဖြစ်ပြီး၊ ယုံကြည်ခြင်းမျိုးစေ့ကို ပထမဦးဆုံးကြဲချကာရှင်သန် ကြီးထွားအောင် ပြုစုပျိုးထောင်သည့် နေရာဖြစ်သည်။ ခရစ်တော်သခင်သည်မည်သို့ စတင်ခဲ့ရသနည်း။ သူ၏အိမ်တွင် သူ၏ “မိသားစု”သည် ခရစ်တော်အား သန့်ရှင်းစေသော ပထမဦးဆုံး “အရာ”ဖြစ်သည်။
ကျွန်ုပ်တို့၏ မိသားစုများသည် တဖြည်းဖြည်းချင်းအခြားသူများအား ခရစ်တော်ထံသို့ပို့ဆောင်ပေး နိုင်သည့်အစွမ်းရှိကြသည်။ ရိုးရှင်းသော ဘဝအသက်ရှင်ခြင်း၊ သက်သေခံခြင်းမှတစ်ဆင့် ကျွန်ုပ်တို့၏ မိသားစုများသည် အသင်းတော်အတွင်းရှိ အခြား မိသားစုများကို ပြန်လည်သင့်မြတ်ရန်၊ ပြောင်းလဲခြင်းအသက်တာနှင့် ရှင်သန်ကြီးထွားလာရန် ကူညီနိုင်လေသည်။ ထိုမိသားစုများသာလျှင်မဟုတ်ဘဲ သည့်ထက်မက ရှေ့ဆက်သွား၍ ထိုနည်းတူပိုပြီးလုပ်ဆောင်ပါက သန့်ရှင်းသောမိသားစုများသည် စုပေါင်း၍ ကျွန်ုပ်တို့၏ ရပ်တည်ရှင်သန်နေကြသော ယဉ်ကျေးမှုများကို ဧဝံဂေလိသတင်းကောင်းအားဖြင့် သန့်ရှင်းစင်ကြယ်လာအောင် လုပ်ဆောင်နိုင်လေသည်။
#Joel and Lisa Schmidt
#ရှားမာန်(ဘာသာပြန်)
ဘာသာျပန္မ်ား