တောအုပ်ထဲက သိုးသူငယ်
ဟိန်းဟောက်သံတွေ ဆူညံလွန်းတဲ့
ဒီလောက၊ က တောနက်ကြီးမှာ..
အတ္တတွေနဲ့ ခြိမ်းခြောက်မှုအကြား
ငါဟာ.. သိုးသူငယ် တစ်ကောင် အလား။
အပေါ် အောက်ကို ကြည့်လိုက်ရင်
ဖားများစွာနဲ့ ရောင်ပြန်ဟပ်နေ
ဘေး ဘယ်- ညာကို ကြည့်လိုက်ပြန်တော့
အချင်းချင်း သတ်ဖို့ ချောင်းနေကြတာ အထင်သား။
အစွယ်မရှိ၊ ခြေသည်းမပါတဲ့ သိုးကလေးမှာတော့
မြေခွေးတွေအကြား အတ္တအစွယ်တွေ ငေါ့ငေါ့နဲ့
သိုးလေးမှာဖြင့် လမ်းပျောက်သရောင် ထင်ရပေမဲ့
ငါ့နဲ့အတူကောင်းသောသိုးထိန်း ရှိတယ်ဆိုတဲ့အသိပါ။
ထိတ်လန့်စရာရှိသော်ငြားအားကိုးစရာသိုးထိန်းတပါး
ရှိတယ်ဆိုတဲ့အသိက ကိုယ်တော်ပေးတဲ့ခွန်အားပါ
ထိုခွန်အားတွေနှလုံးသားအိမ်မှာစွမ်းအင် ဖြစ်ထွန်းကာ
သိုးငယ်ကဲ့သို့ရှင်သန်ရန်စိတ်ဓာတ်သံမဏိစွမ်းအင်ပါ။
ဒီစွမ်းအင်က လူတွေဆီမှ လာသောစွမ်းအင်နဲ့ မတူ
သခင့်ထံမှလာတဲ့စွမ်းအားတွေကိုဘယ်သူမှလုယူမရ
ဤကဲ့သို့သောစွမ်းအားတွေကိုဘယ်သူ့ထံမှမရနိုင်၍
သခင့်စွမ်းအားတွေနဲ့ သခင့်အတွက်သက်သေခံစို့။
လူတွေထံမှလာသောအပေါ်အယံ အစွမ်းတွေ
အချိန်တခု၊နေရာတခု လူတစု အတွက်သာ
ဒီချိန် ဒီနေရာ ဒီလူတွေ ပျောက်ကွယ် သွားရင်
ဒီစွမ်းအားတွေလည်းအလိုလိုပျောက်ကွယ်သွားမှာပါ။
သူတို့တွေက ဇတ်တူအသားနဲ့ သိုးသူငယ့်အသား
စားဖို့ အသည်းအသန် အမဲလိုက်နေကြ သော်လည်း
သိုးထိန်းရှင် ခရစ်တော်က သူ့ရဲ့အသံကိုနားစွင့်ပြီး
သူ့ရဲ့သစ္စာတရားကိုပဲ ရှာဖွေဖို့ ငါ့အားလမ်းပြပေး။
သူတို့တွေက အတ္တလှိုင်းနဲ့ သွေးဆူ နေကြသော်လည်း
ငါကသခင်ပြပေးတဲ့ စမ်းချောင်းလေးဆီဦးတည်နေမိ
သူတို့တွေက အတ္တမီးတွေ သောက်သုံး နေသော်ငြား
ငါကသခင်ပေးတဲ့ မေတ္တာရေအေးကိုသာ ရယူလိုသူ။
ဒီအတ္တတောအုပ်ကြီးက ဘယ်လောက်ပဲ နက်နက်၊
အတ္တတွေနဲ့ ဘယ်လောက်ပဲ ရက်စက် ရက်စက်...
သိုးထိန်းရှင်ရဲ့အသွေးနဲ့ ဆေးကြောထားတဲ့ငါဟာ
ငါ့စိတ်၊ဝိညာဉ်၊ခန္ဓာကိုတော့ အညစ်အကြေးမခံဘူး။
ဒီခရီးအဆုံးမှာ ငါဟာ အတ္တသား အတွက်
ရူးမိုက်တဲ့ သားရဲတစ်ကောင် မဖြစ်ချင်ဘူး
ဒီခရီးအဆုံးမှာငါဟာကောင်းကင်နိုင်ငံ ပန်းတိုင်ကိုသာ
အရောက်လှမ်းနိုင်မဲ့ သိုးသူငယ်ကဲ့သို့ဖြစ်ချင်သူပါ။
*လောကသားတွေရဲ့ လောဘရမ္မက်၊ အတ္တတွေထဲမှ ရုန်းထွက်လာနိုင်ကြပြီး၊
ကောင်းသောသိုးထိန်းရှင် ခရစ်တော်၌သာ သစ္စာတည်ကြည်သူများ ဖြစ်လာကြပါစေလို့
ရည်ရွယ်ကာ မေတ္တာမွန်ဖြင့်*
✍️ Angel White, MSSM