Untitled Document
Untitled Document
Untitled Document
ဆောင်းပါး
တိတ်ဆိတ်၏ စွမ်းအင်

 တရံရောအခါက ကေသရာဇာခြင်္သေ့မင်းသည်မြေခွေးမတကောင်နှင့်ချစ်ကြိုက် ပေါင်းဖော်မိ၏။သားပေါက်တကောင် ဖွားမြင်ရာထိုသားသည်ခြင်္သေ့တို့၏သွင်ပြင်လက္ခဏာအတိုင်း ရှိသော်လည်းဟိန်းဟောက်ရာတွင်မြေခွေးသံရော၍ထွက်နေ၏။ခြင်္သေ့မင်းသည် ထိုသားကိုအသံမပြုဘဲ ဆိတ်ဆိတ်နေစေ၏။သင်၏အသွင်အပြင်သည်ကေသရာဇာတို့၏ သွင်ပြင်လက္ခဏာအတိုင်း ဖြစ်သည့်အတွက် ဆိတ်ဆိတ်နေပါလျင်ယူဇနာတထောင်ရှိသောတောအုပ်ကိုငါပေးမည်။အကယ်၍သင်သည် ဆိတ်ဆိတ်မနေဘဲ အသံပြုမည် ဟိန်းဟောက်မည်ဆိုလျှင် တောတိရစ္ဆာန်များ အပေါင်းသည်သင့်ကိုမရိုမသေ ရှိလိမ့်မည်ဟုဆုံးမစကားဆို၏။ခြင်္သေ့ငယ်ကား ဖခင်စကားကိုနားမထောင်။တောကောင်အပေါင်းရှေ့ရောက်လျှင်အသံပြုကာဟိန်းဟောက်လေတော့သည်။မြေခွေးသံရောနေသော ခြင်္သေ့ငယ်အသံကို ကြားရသော် တောတိရစ္ဆာန်တို့သည် အရိုအသေမပြုကြတော့ဘဲ ပြက်ရယ်ပြုကြလေသည်။ ခြင်္သေ့ငယ်သည် ဆိတ်ဆိတ်မနေသောကြောင့်ယူဇနာတထောင်ကျယ်သောတောကိုဆုံးရှုံးရလေ၏။ဤသည်တွင် ဆိတ်ဆိတ်နေ ထောင်တန်ဟု မြန်မာစကားပုံဖြစ်တည်သည်။ လူ့ဘဝတွင် တိတ်ဆိတ် နေတတ်ခြင်းသည်လည်း ဘဝပြသနာ၏အဖြေတစ်ရပ်ဖြစ်သကဲ့သို့လူအများလေးစားတန်ဖိုးထား ထိုက်သူလည်းဖြစ်သည်။တိတ်ဆိတ်ခြင်းများစွာတွင် မိန်းခလေးတစ်ဦး၏တိတ်ဆိတ်ခြင်းသည် အဆိုးရွားဆုံးဟူ၍လည်း ဆိုတတ်ကြသည်။တကယ်တော့ ထိုမိန်းခလေးသည် တည်ငြိမ်ရင့်ကျက်စွာတွေးခေါ်ဆင်ခြင်သုံးသပ်တတ်သောပညာရှိအဆင့်တခုသို့ ကူပြောင်းခြင်းလည်းဖြစ်သည်။ မိမိ၏နှုတ်နှင့်လျှာကို စောင့်ထိန်းသောသူသည် မိမိကိုယ်ကို ဒုက္ခမှကင်းဝေးစေ၏။  မိမိ၏ နှုတ်ကိုချုပ်တည်းသော သူသည်ပညာရှိဖြစ်၏ (သုတ္တံကျမ်း ၁၀:၁၉, ၂၁:၂၃) ဆိတ်ဆိတ်နေခြင်းသည်ဝန်ခံခြင်းဖြစ်သည်ဟု ဆိုသော်လည်း ဧကန်စင်စစ် တိတ်ဆိတ်ခြင်းသည် ပဋိပက္ခတစ်ခုကိုပညာသားပါပါ အဆင့်ရှိရှိ အနိုင်ယူခြင်းတစ်ရပ်ဖြစ်သည်။ တိတ်ဆိတ်ခြင်းသည် အတွင်းစိတ် အားအင်တခုဖြစ်သကဲ့သို့ အနုပညာတို့ စီးဆင်းရာလမ်းကြောင်းတရပ်လည်းဖြစ်သည်။အမှန်စင်စစ် တိတ်ဆိတ်မှုအလယ်တွင်သာ ဝိညာဉ်တော်၏အသံကိုကြားသိနိုင်ပေမည်။ဧံ၀‌‌ဂေလိကျမ်းစာတွင် သခင်ယေဇူး၏တိတ်ဆိတ်စွာဆုတောင်းနေတော်မူခြင်းအကြောင်းကိုကျောရိုးပမာဖော်ပြထားသည်။သခင်ယေဇူး၏ကရုဏာတမန်တော်လုပ်ငန်းမပြုမီ၊တရားဒေသနာတော်ဟောကြားခြင်းမပြုလုပ်မီ၊အရေးကြီးဆုံးဖြတ်ချက်မချခင်၊ အကြပ်အတည်းမကြုံခင်၊ကြုံရသောအခါ၊ ကားတိုင်ခရီးမစခင်တို့တွင် လူအုပ်စုမှထွက်ခွာပြီး တစ်ပါးတည်း တိတ်ဆိတ်စွာ ဆုတောင်းလျက်ရှိသည်၊၊ဧကန်စင်စစ်ခမည်းတော်နှင့်ပေါင်းစပ်ခြင်း၊ခွန်အားရယူခြင်း၊ရွှေဉာဏ်တော် အလင်းဆောင်ယူခြင်းဖြစ်သည်။ ဂေါတမမြတ်စွာဘုရား၏ အသက်တာတွင်လည်း တိတ်ဆိတ်စွာ တရားကျင့်ကြံအားထုတ်ခြင်းဖြင့် အလင်းရသွားသည်။သို့ဖြစ်ရာ ခရစ်တော်ကို စံပြုလျက်မိမိတို့ဘ၀တစ်ခုလုံး ဆပ်ကပ်အပ်နှံသော သူတော်စင်များတို့ အသက်တာတွင် တိတ်ဆိတ်စွာတရားအားထုတ်ကျင့်ကြံခြင်းသည်သူတော်စင်တို့၏ အသက်သွေးကြောပင်ဖြစ်သည်။စိတ်ပညာရှင်၏အဆိုအရ လူတစ်ဦးတွင် တစ်နေ့တွင်အနည်းဆုံး (၁၅) မိနစ်ခန့် တိတ်ဆိတ်စွာအသက်ရှူသွင်း၊ရှူထုတ်ခြင်းပြုလုပ်သင့်သည်ဟုဆိုသည်။ယနေ့ကျွန်ုပ်တို့ ကမာကြီးသည် နားနှင့်မဆန့်၊ အသိတရားမှနှလုံးသားထိ ဆူညံနေကြရာ ထိုဆူညံမူအလယ်၌ အတွင်းစိတ် အားအင်ကြီးမှသာ မိမိတို့ဖြစ်တည်မူအတွက် ခံနိုင်ရည်စွမ်းရှိမည်။မိမိတို့အသိဉာဏ်ကို တိုက်ခိုက်ပြီး စိတ်ခံစားချက်များကိုလည်း တစ်စစီကွဲလွင့်သွားစေသောသတင်းဆိုးများကြောင့် မိမိတို့ကိုယ်၊စိတ်၊ဝိညာဉ် ရှင်သန်ခြင်းတွက်တိတ်ဆိတ်ခြင်းကို ရှာဖွေဖန်တီး နေထိုင်ကျင့်ကြံကာမိမိမစွမ်းသော်လည်း အရာရာကိုစွမ်းဆောင်နိုင်သော တန်ခိုးရှင်ထံမှာ စွမ်းအားရယူရင်း အမှန်တရားလမ်းမပေါ်မှာခြေအစုံဖြင့် ခရီးဆုံးတိုင်လျှောက်လှမ်းကြပါစို့လား။

Sr. Christine Mudah (RGS)

ဆောင်းပါးများ