Untitled Document
Untitled Document
Untitled Document
ဆောင်းပါး
#သူ့အားနုပျိုစေသောလျှို့၀ှက်ချက်အချို့ကို ထုတ်ပြောလာသောရဟန်းမင်းကြီးဖရန်စစ်။ #On Pope’s birthday, these are some of his secrets for staying young (and some family pictures!)

နှစ်စဉ် ဒီဇင်ဘာ (၁၇) ရက်‌နေ့သည် ရဟန်းမင်းကြီးဖရန်စစ်၏ မင်္ဂလာမွေးနေ့မြတ်ဖြစ်သည်။ သူ၏မွေးနေ့၌ ရဟန်းမင်းကြီးအတွက် ဘာသာတူများက ဆုတောင်းနှုတ်ဆက်ရင်း သူ၏လန်းဆန်းတက်ကြွနေမှု၊ နုပျိုနေမှုနှင့်စပ်လျင်း၍မေးမြန်းခဲ့ကြရာ ရဟန်းမင်းကြီးက ယခုကဲ့သို့ပြန်လည် ဖြေကြားပေးခဲ့သည်။ ရဟန်းမင်းကြီးသည် ငြိမ်းငြိမ်းချမ်းချမ်းနေလေ့ရှိကြောင်း၊ ဤကျင့်စဉ်ကိုနှစ်ပေါင်းများစွာ အဘယ်သို့ထိန်းသိမ်းကျင့်ကြံခဲ့ရကြောင်းကို အောက်ပါအတိုင်းရှင်းပြခဲ့သည်။

ရဟန်းမင်းသည် ရိုးရှင်းစွာနေထိုင်သည်။ အရာရာကိုပျော်တတ်အောင် ဖန်တီးယူလေ့ရှိသည်။ ဘုရားသခင်နှင့်သော်လည်းကောင်း၊ ကိုယ်တိုင်သော်လည်းကောင်း အေးဆေးစွာနေထိုင်သည်။ ဤကျင့်စဉ်သည် ‘နုပျိုခြင်း’ ၏အနှစ်ပင် ဖြစ်သည်။ ဤအချက်များသည် ရဟန်းမင်းကြီးဖရန်စစ်အား သန်မာစေသည်။ ထို့ကြောင့် ရဟန်းမင်းကြီးများ၏ အမှုတော်ထမ်းခဲ့သည့်မှတ်တမ်း၌ သက်တော်အကြီးဆုံး ရဟန်းမင်းကြီးအဖြစ် သမိုင်းစာမျက်နှာသစ်ဖွင့်ထားသည်။

ရဟန်းမင်းကြီးဖရန်စစ်အား (၁၉၃၆၊ ဒီဇင်ဘာ ၁၇) ရက်‌နေ့တွင် မွေးဖွားသန့်စင်သည်။ ဂျက်ဆွီစ်ရဟန်းအသင်းသို့ သက်တော် (၂၁) နှစ်တွင်၀င်ရောက်ခဲ့ပြီး၊ ထာ၀ရ ရဟန်းသိက္ခာကို သက်တော် (၃၃) နှစ်မပြည့်မီခံယူခဲ့သည်။ သက်တော် (၅၅) နှစ်၌ လက်ထောက်ဆရာတော်အဖြစ် သိက္ခာထပ်ခဲ့ပြီး၊ သက်တော် (၆၁) နှစ်၌ Buenos Aires ၏ဂိုဏ်းချုပ်ဆရာတော်ဖြစ်လာခဲ့သည်။ ကာဒီနယ်အဖြစ် ရွေးချယ်ခံရချိန်၌ သူ၏သက်တော်မှာ (၆၄) နှစ်ရှိပြီဖြစ်သည်။ စိန့်ပီတာ၏ အရိုက်အရာကိုဆက်ခံသော (၂၆၆) ပါးမြောက်ရဟန်းမင်းကြီးအဖြစ် ရွေးချယ်ခံရချိန်၌ သူ၏သက်တော်မှာ (၇၆) နှစ်ရှိပြီဖြစ်သည်။ လက်ရှိ၌ သာသနာတော်ကြီး၏ အမြင့်ဆုံးအမှုတော်ဆောင် ရဟန်းမင်းကြီးအဖြစ် အလွန်ရှုပ်ထွေးပွေလီပြီး စိန်ခေါ်မှုမြင့်မားသော အမှုကိစ္စများကို ကိုင်တွယ်ဖြေရှင်းနေရသည်။ ဘာသာရေး၊ နိုင်ငံရေး၊ လူမှုရေးခေါင်းဆောင်၊ အဖွဲ့အစည်းများနှင့်လည်း မအားမလပ်နိုင်အောင် လက်ခံတွေ့ဆုံနေရသည်။ သို့သော် ရဟန်းမင်းကြီးသည် တက်ကြွမြဲ တက်ကြွဆဲဖြစ်နေပါသည်။ ကျွန်ုပ်တို့အတွက်လည်း သင်ယူစရာအဖြစ် ရဟန်းမင်းကြီးဖရန်စစ်က အောက်ပါလျှို့၀ှက် ချက်အချို့ကို ထုတ်ဖော်ပြောပြလာပါသည်။                    

၁။ ပထမဦးဆုံး ဘုရားသခင်၏လက်ဆောင်တော်ကိုအသိအမှတ်ပြုပါ။

"ကျွန်ုပ်၏ငြိမ်ချမ်းခြင်းသည် ဘုရားသခင်၏ ကောင်းကြီးတော်ဖြစ်သည်။ ကျွန်ုပ်ကိုစွန့်ထားခဲ့မည်မဟုတ်ဟုမျှော် လင့်ပါသည်" ဟုမိန့်ကြားခဲ့သည်။

၂။ ကြုံတွေ့ရင်ဆိုင်ရသော ပြဿနာတိုင်းကို စိန့်ဂျိုးဇက်ထံ အပ်နှံထားလိုက်ပါ။

ရဟန်းမင်းကြီးဖရန်စစ်သည် စိန့်ဂျိုးဇက်ကို တစ်ထူးတစ်ခြားကြည်ညိုခြင်းရှိသည်ကို လူတိုင်းသိကြသည်။ စိန့်ဂျိုးဇက်သည် သူ၏အလွန်အစွမ်းတန်ခိုးကြီးမားသော အကာအကွယ်၌ သာသနာတော်ကြီးသည် ငြိမ်းချမ်းစွာရှိသည်။ အကယ်၍ အခက်အခဲပြဿနာတစ်ခုရှိပြီဆိုလျှင် စက္ကူစတစ်ကာပေါ်၌ရေးချ၍ စိန့်ဂျိုးဇက်၏ဆင်းတုတော်အောက်၌သွား ထည့်ထားလိုက်ကြောင်းကို (၂၀၁၇) နှစ်က အီတလီဘာသာစကားဖြင့်ထုတ်‌ဝေ ဖြန့်ချီသော Corriere della Sera သတင်းစာနှင့်တွေ့ဆုံမြေးမြန်းချက်၌ ဖြေကြားခဲ့ဖူးသည်။ ရဟန်းမင်းကြီးဆောင်ထားလေ့ရှိသော စိန့်ဂျိုးဇက်၏ဆင်းတုတော်မှာ လျောင်းနေသော စိန့်ဂျိုးဇက်ဖြစ်သည်။ ထိုအခါ စိန့်ဂျိုးဇက်သည် ပျော့ပြောင်းသော စက္ကူခေါင်း၌မှီခွင့်ရသွားသည်။          

လျှောင်းနေသော စိန့်ဂျိုးဇက်၏ဆင်းတုတော်၏ ဆိုလိုရင်းမှာ ဧ၀ဂေလိကျမ်းစား၌ သူသည် ဘုရားသခင်၏ ဗျာဒိတ်တော်ကို လျှောင်းနေစဉ်ခံယူရရှိခြင်းဖြစ်သည်ကို အမှတ်ရရန်ဖြစ်သည်။ အိမ်မက်ထဲ၌ ဘုရားသခင်၏အလိုကို သိခွင့်ရခဲ့ သည်။ အမိမယ်တော်နှင့် သူငယ်တော်ကို မင်းယုတ်ဟေရုဒ်ထံမှ တိမ်းရှောင်ရန်ကိုလည်း အိမ်မက်၌ ဗျာဒိတ်ရခဲ့သည်။ (သံမာတေဦး ၁း၂၀၊ ၁၃၊ ၁၉-၂၀) ရဟန်းမင်းကြီးဖရန်စစ်၏ စိန့်ဂျိုးဇက်အား သဒ္ဓါကြည်ညိုခြင်းသည် ရဟန်းမင်းကြီး ဖြစ်လာပြီးနောက်ပိုင်းမှသာမဟုတ်။ လူငယ်ဘ၀ အသက် (၁၇) နှစ်ကပင်ရှိခဲ့သည်။ သူ၏ခေါ်တော်မူခြင်းသည်လည်း စိန့်ဂျိုးဇက် ဘာစီးလီကာဘုရားကျောင်းကြီး၌ပင် အလင်းရရှိခဲ့ခြင်းဖြစ်သည်။ ရဟန်းမင်းကြီးဖရန်စစ်က "လျှောင်းစက် နေသောစိန့်ဂျိုးဇက်ကို သူ၏ကုတင်ဘေးရှိစင်၌ထားရှိခြင်းသည် အိပ်ဆေးထက်ပိုကောင်းသည်" ဟုလည်းမိန့်ကြားဖူးသည်။

၃။ ဘုရားသခင်၌ နားစက်တတ်ပါစေ။

ရဟန်းမင်းကြီးဖရန်စစ်သည် ဘုရားသခင်နှင့်နေ့စဉ်နားစက်နိုင်ရန် အချိန်ပေးလေ့ရှိသည်။ ဤသို့ ဘုရားနှင့်ပေါင်း စပ်အနားယူနေချိန် ကိုယ်ရှင်ကိုယ်ပြန်လည် စမ်းစစ်လေ့ရှိသည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် သူ၏အကြံအစည်တော်ကို ကျွန်ုပ်တို့၏ စိတ္တ၊ ကာယ နားစက်နေချိန်မျိုး၌ အလင်းပေးဖော်ပြလေ့ရှိသည်။ ဤအနားယူခြင်းသည် ကျွန်ုပ်တို့၏ကာယ၊ ၀ိညာဉ်နှစ်ဖြာအတွက်အလွန်လိုအပ်သည်။ ဘုရားသခင်နှင့်ကောင်းစွာပေါင်းစပ်နိုင်ရန်အတွက် တိတ်ဆိတ်မှုကို ဖန်တီးယူရန်မှာ ခက်ခဲပါသည်။ သို့သော် ဘုရားသခင်၏ အသံတော်ကိုကြားပြီး၊ သူ၏မိန့်ကြားချက်ကို နားလည်သဘောပေါက်ရန်မှာလည်း အရေးကြီးသည်။     

၄။ စောစောအိပ်၍ စောစောနိုးထပါ။

ရဟန်းမင်းကြီးဖရန်စစ်သည် သူ၏တစ်နေ့တာ ပုံမှန်အစီအစဉ်များကို မပျက်ကွက်အောင် အမြဲသတိဆောင်သည်။ ည (၉) နာရီမထိုးမီ အိမ်ယာ၀င်လေ့ရှိပြီး၊ မနက် (၄) နာရီ၌ အိပ်ယာမှနိုးထလေ့ရှိသည်။ နေ့လယ်ဆွမ်းဘုဉ်းပြီး နောက်လည်း ခေတ္တခဏ အနားယူ မှေးစက်လေ့ရှိသည်။ တစ်ခါတစ်ရံ ဆုတောင်းနေစဉ် ငိုက်မြည်းသွားသည်လည်းကြုံဖူးခဲ့ကြောင်းကို (၂၀၁၇) တွေ့ဆုံမေးမြန်းချက်၌ ရိုးသားစွာ ၀န်ခံထားသည်။ သူငယ်တော်ယေဇူး၏ စိန့်ထရေဇားကလည်း ဆုတောင်းချိန်၌ သူလည်းငိုက်မြည်းတတ်ကြောင်း၊ ထိုငိုက်မြည်းခြင်းဖြင့် ဘုရားသခင်အား နှစ်သက်စေရန်ကြိုးစားအား ထုတ်ကြောင်းပြောကြားခဲ့သည်ဟု ဆိုပါသည်။ ဘုရားသခင်ကိုယုံကြည်သူ အစစ်အမှန်ဖြစ်လျှင် ဘုရားသခင်နှင့်ရှိရန်လို အပ်သည်။ ခလေးသူငယ်သည် မိဘတို့၏ရင်ခွင်၌ရှိနေသင့်သကဲ့သို့ဖြစ်သည်။ ဤနည်းအားဖြင့် ဘုရားသခင်၏နာမတော် ကိုချီးမွှမ်းသည့်နည်းလမ်းများစွာအနက် တစ်လမ်းဖြစ်သည်။ မိဘ၏လက်ထဲ၌ရှိသော ခလေးသူငယ်ကဲ့သို့ လုံခြုံမူကို ခံစားရန်ဖြစ်သည်။    

၅။ စိတ်ဖိစီးမှုကို ဆုတောင်းခြင်းဖြင့် ဖြေဖျောက်ယူပါ။

စိတ်ဖိစီးမှုကိုလျော့ချရန် အကောင်းဆုံးနည်းလမ်းမှာ ဆုတောင်းခြင်းဖြစ်သည်။ ရဟန်းမင်းကြီးသည် သူ့နည်းသူ့ဟန်ဖြင့် ဆုတောင်းခြင်းကိုအထူးပြုလုပ်လေ့ရှိသည်။ သူတော်စင်တို့ရွတ်ဆိုပူဇော်ရသော ပရိတ်မေတ္တာရွတ်ဆိုရသည်ကိုလည်း နှစ်ခြိုက်ပြီး၊ အစဉ်ဆောင်ထားလေ့ရှိသည်။ မစ္ဆားတရားကို ကြည်ညိုစွာဖြင့် နေ့စဉ်ပူဇော်လေ့ရှိသည်။ စိတ်ပုတီးကိုလည်း မလစ်ဟင်းစေရ။ ဆုတောင်းသည့်အခါတိုင်း ကျမ်းစာတော်မြတ်နှင့် ဆုတောင်းလေ့ရှိသည်။ ထိုအခါငြိမ်းချမ်းခြင်းသည် အတွင်းစိတ်ထဲ၌ ရှင်သန်ကြီးထွားလာသည်။ စိုးရိမ်စိတ်များကိုလည်း ဆုတောင်းခြင်းဖြင့် တည်ငြိမ်အောင် တည်ဆောက်ရသည်။ ရဟန်းမင်းကြီးသည် စိတ်ပိုင်းဆိုင်ရာကျန်းမာခြင်းရှိရန် တိုးမြှင့်လုပ်ဆောင်နေသူဖြစ်သည်။ စိတ်ပိုင်းဆိုင်ရာ ကျန်းမာဖွံ့ဖြိုးမှုသည် သူ၏ဘ၀၌အလွန်အခရာကျသည်။      

(၂၀၂၁) ခုနှစ်အတွင်း တွေ့ဆုံမေးမြန်းမှုတစ်ခု၌ ဆရာ၀န်သတင်းထောက်နှင့် စကားပြောရင်း ရဟန်းမင်းကြီးသည် သူ၏အာရုံပိုင်းဆိုင်ရာကျန်းမာရေးကို အထူးဂရုစိုက်သည့်အကြောင်းကိုပြောကြားခဲ့သည်။ သူသည် အာဂျင်တီးနားနိုင်ငံရှိ ဂျက်ဆွီစ်အသင်း၏ တာ၀န်ခံအဖြစ် အမှုထမ်းစဉ်က အကြောင်းကိုပြောပြလာပါသည်။ ထိုအချိန်က အာဏာရှင်၏ အုပ်ချုပ်မှုကိုခံနေရသောနေ့ရက်များကဖြစ်သည်။ ပြည်သူများစွာကို နိုင်ငံအတွင်းမှထွက်ခွာနိုင်အောင် ကူညီ၍လူ့အသက်ကို ကယ်ခဲ့ပေးခဲ့ကြောင်း၊ သူသည် အဘယ်သို့ကိုင်တွယ်ဖြေရှင်းရမည်ကိုမသိသော နိုင်ငံရေးအခြေအနေတစ်ခုနှင့်ရင်ဆိုင် ကြုံတွေ့ခဲ့ရကြောင်း၊ ထိုအခြေအနေ၌ အမျိုးသမီးတစ်ဦးထံသို့ သွားရောက်တွေ့ဆုံခဲ့ကြောင်း၊ အလွန်ကြီးမြတ်သော အမျိုးသမီးဖြစ်ကြောင်း၊ ထိုအမျိုးသမီးက ဂျက်ဆွီစ်ရဟန်းလောင်း ကိုရင်များ၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေများကို နားလည်အောင်အဘယ်သို့စမ်းသပ်ရမည်ကို သင်ကြားပေးခဲ့သည်။ ထို့နောက် (၆) လကြာပြီးနောက် သူနှင့်တစ်လတစ်ကြိမ် တွေ့ဆုံ၍ ရဟန်းလောင်းကိုရင်များ၏ စိတ်ပိုင်း၊ အာရုံပိုင်းဆိုင်ရာ အခြေအနေများနှင့်စပ်လျင်း၍ တွေ့ဆုံဆွေးနွေးဖြစ်ခဲ့သည်။ ရဟန်းမင်းကြီးကိုယ်တိုင်သည်လည်း အာဏာရှင်စနစ်၏ဆိုးရွားရက်စက်ယုတ်မာမှုများကိုမြင်တွေ့ရပြီး ထိတ် လန့်ကြောက်ရွံ့စိတ်များကြောင့် စိတ်ပိုင်းဆိုင်ရာဆရာ၀န်နှင့် ဖိဖိစီးစီးကုသခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် အပြစ်မဲ့ပြည်သူများအား ပြည်ပသို့ထွက်ပေးနိုင်ရန်ကူညီရာ၌ စောင်တစ်ထည်ဖြင့်သာ အုပ်ထားသော လူများကိုကားထဲ၌၀ှက်ထားပြီး၊ စစ်တပ်၏ စစ်ဆေးရေးဂိတ်သုံးခုကို ဖြတ်မောင်းကူညီသယ်ထုတ်ပေးခဲ့ရသည်မှာ အဘယ်မျှစွန့်စားခဲ့ရသည်ကို တွေးကြည့်နိုင်ပါသည်။ အာဏာရှင်များက တွေ့ရှိသွားလျှင်လည်း အခြေအနေသည်အဘယ်မျှဆိုးရွားသွားမည်ကိုလည်း တွေးကြည့်နိုင်ပါသည်။ ထိုအခြေအနေ၌ အလွန်စိတ်လှုပ်ရှားခဲ့ရသကဲ့သို့ စိုးရိမ်စိတ်များလည်း အရှိန်အမြင့်ဆုံးသို့ရောက် ရှိနေခဲ့သည်။ သို့သော် ထိုခြောက်ခြားသောစိတ်၊ ကြောက်စိတ်များ၊ ဂယောင်ခြောက်ခြားသောစိတ်များသည် စိတ်ပိုင်း ဆိုင်ရာဆရာ၀န်နှင့် ပုံမှန်တွေ့ပြီး၊ ထိုအခြေအနေကိုကျော်ဖြတ်နိုင်ခဲ့ကြောင်းဖြင့် သူ၏ကျန်းမာရေးကိုအဘယ်သို့ စောင့်ရှောက်ခဲ့ရကြောင်းကို ရှင်းပြခဲ့သည်။

ဘာသာပြန် - ဖာသာရ်ကလေးမင်းအားတယ်

Photo Crd

ဆောင်းပါးများ