Untitled Document
Untitled Document
Untitled Document
ဆောင်းပါး
#Advent (အာဒ်ဝင်တူးကာလ)၏ အဓိပ္ပါယ်နှင့် မူလရင်းမြစ်နှင့် အချက် (၁၀) ချက်။ #Sr.EiMon(SFX)
၁။ အာဒ်ဝင်တူး အချိန်ကာလသည် မွေးဖွားလာမည့် ခရစ်တော်ရှင်အား မျှော်လင့်ခြင်းဖြင့် ကြိုတင်ပြင်ဆင်ရသော အချိန်ဖြစ်သည်။ "Advent" ဟူသောစကားလုံးသည် လက်တင်စကားလုံး "adventus" မှဆင်းသက်လာကာ "ကြွလာခြင်း" ဟုအဓိပ္ပါယ်ရပြီး ခရစ္စမတ်အတွက် ပြင်ဆင်ခြင်းပြုလုပ်သော ရက်သတ္တပတ် လေးပတ်ဖြစ်သည်။
၂။ အာဒ်ဝင်တူးအချိန်ကာလ စတင်သည့်ရက်သည် အပြောင်းအလဲရှိသော်လည်း တနင်္ဂနွေနေ့ လေးရက် အမြဲပါရှိသည်။ အာဒ်ဝင်တူး စတင်သည့်ရက်သည် တမန်တော် စိန့်အင်ဒရူး၏ပွဲနေ့ (နိုဝင်ဘာ ၃၀) နှင့် အနီးစပ်ဆုံး တနင်္ဂနွေနေ့တွင် စတင်သည်။ အစောဆုံး နိုဝင်ဘာ (၂၇) ရက် (သို့မဟုတ်) နောက်ကျဆုံး ဒီဇင်ဘာ (၃) ရက်တွင် စတင်နိုင်သည်။
၃။ အာဒ်ဝင်တူးကာလသည် ကက်သလစ်အသင်းတော်၏ ဝတ်ပြုခြင်းနှစ်ကို အစပြုသော အမှတ်သင်္ကေတလည်း ဖြစ်သည်။ သမိုင်းအရ သခင်ခရစ်တော်ကို ကျွန်ုပ်တို့မသိခဲ့သေးသော အချိန်ကာလကို ကိုယ်စားပြုကာ ခရစ်သက္ကရာဇ်ကို အစပြုရန် ရွေးချယ်ခဲ့သည်။ သခင်ခရစ်တော်၏ ဖွားမြင်တော်မူခြင်းနှင့်အတူ ကျွန်ုပ်တို့၏ ယုံကြည်ခြင်းကို အစပျိုးကြသည်။ အသင်းတော်၏ ဝတ်ပြုကိုးကွယ်ခြင်းနှစ်ကို စကြဝဠာကိုအုပ်စိုးသော ဘုရင်ခရစ်တော်၏ပွဲနှင့် အဆုံးသတ်သည်။
၄။ အာဒ်ဝင်တူးကာလသည် အဓိပ္ပါယ်နှစ်မျိုးရှိသည်။ ဤလောကသို့ သခင်ခရစ်တော်၏ မွေးဖွါးခြင်းဖြင့် လူသားအဖြစ် ဆင်းကြွလာခြင်းနှင့် ဒုတိယအကြိမ် တဖန်ပြန်ကြွလာခြင်းကို အလေးပေးဖော်ပြထားသည်။ ၎င်းသည် Parousia ဟုခေါ်သော သခင်ယေဇူး၏ ဒုတိယအကြိမ်နှင့် နောက်ဆုံး ကြွလာခြင်းအတွက် ပြင်ဆင်ခြင်း၊ တနည်းအားဖြင့် ဝါတွင်းကာလ၌ နောင်တယူခြင်း၊ အပြစ်ဒဏ်ဆပ်ဖြေခြင်း(တစ်ပိုင်း)နှင့် ဘက်သလေဟင်ပွဲတော်ကြီးအတွက် ရွှင်လန်းဝမ်းမြောက်စွာ ပြင်ဆင်ခြင်း(တစ်ပိုင်း)တို့ ပေါင်းစပ်ထားသည်။ အာဒ်ဝင်တူးကာလတွင် အပြစ်ဒဏ်ခံယူခြင်းကို ကိုယ်စားပြုသော ခရမ်းနုရောင်နှင့် ခရမ်းရင့်ရောင်တို့ကို အသုံးပြုသည်။ ဘာသာရေး၌ ကျင့်သုံးသော ထုံးတမ်းစဉ်လာများ၌ ဤအကြောင်းအရာများကို ဖော်ညွှန်းထားသည်။
၅။ အာဒဝင်တူးအချိန်ကာလ၏ အရေးကြီးဆုံးအချက်မှာ မျှော်လင့်ခြင်း ဖြစ်သည်။ အီစရာအဲလ်လူမျိုးတို့သည် မက်ဆီးယားသခင် ကြွလာရန် မျှော်လင့်စောင့်စားခဲ့ကြပြီး သခင်ခရစ်တော်သည် ဤလောကသို့ ဆင်းကြွလာခဲ့သည်။ ကျွန်ုပ်တို့သည် ဤလောကသို့ နောက်တဖန် ပြန်လည်ကြွလာမည့် သခင်ခရစ်တော်အား မျှော်လင့်စောင့်စား နေကြပါသည်။
၆။ မက်ဆီးယားအရှင် ကြွလာခြင်းနှင့် ပတ်သက်၍ ဓမ္မဟောင်းမှ ကြိုတင်ဟောကြားထားသည့် ကတိတော်များကို အမှတ်ရစေသည်။ (ယေရှဲ)ဂျက်ဆေး၏ အမျိုးအငုတ်၌ အတက်ပေါက်လိမ့်မည်။ သူ၏ အမြစ်တို့တွင် အညွန့်သည် အသီးသီးလိမ့်မည် ဟူသော ‌ဟောထားချက်အတိုင်း မက်ဆီးယားအရှင်သည် ဂျက်ဆေး၏ မျိုးရိုးမှဆင်းသက်လာသော အမှတ်သကေႅတ ကိုတွေ့ရှိရသည် (Lk 3:23-38)(Isaiah 11:1-2)။ ထို့‌ကြောင့် မက်ဆီးယားရှင် တစ်ဖန်ကြွလာမည့်နေ့ကို ကျွန်ုပ်တို့ စောင့်မျှော်နေကြကြောင်း သတိရကြရန် ဓမ္မဟောင်းမှ ပရောဖက် အီဇာအီယ ဟောထားသော ကျမ်းချက်ကို အာဒ်၀င်တူးကာလ၌ မကြာခဏ ပြန်ဖတ်ရှုရသည်။
၇။ အာဒ်ဝင်တူးကာလသည် အမှောင်ကို ဆန့်ကျင်ပြီး အလင်းရောင်ကို အာရုံပြုခြင်းဖြစ်သည်။ ခရစ်တော်သည် ကျွန်ုပ်တို့၏ အမှောင်ကမ္ဘာထဲသို့ ဝင်ရောက်လာပြီး ကျွန်ုပ်တို့ကို ရွေးနှုတ်ရန် အပြစ်၏အမှောင်ကို ဖယ်ရှားခဲ့သည်။ လောက၏ အလင်းအဖြစ် တဖန်ကြွလာတော်မူမည်။
၈။ အာဒ်၀င်တူးကာလတွင် အပိုင်းနှစ်ပိုင်းပါရှိသည်။ ပထမအပိုင်းသည် အာဒ်၀င်တူးပထမ တနင်္ဂနွေနေ့ မှ ဒီဇင်ဘာ (၁၆) ရက်အထိ ဖြစ်ပြီး၊ သခင်ခရစ်တော် ဒုတိယအကြိမ်ကြွလာခြင်းအတွက် ပြင်ဆင်မှုဖြစ်သည်။ ဒုတိယ အပိုင်းမှာ ဒီဇင်ဘာ (၁၇ မှ ၂၄) ရက်နေ့အထိ သခင်ခရစ်တော်၏ လူ့လောကသို့ ပထမဆုံးကြွလာခြင်း အထိမ်းအမှတ်ဖြစ်သည့် ခရစ်စမတ်ပွဲတော်အတွက် ကျွန်ုပ်တို့ တိုက်ရိုက်ပြင်ဆင်ခြင်း ဖြစ်ပါသည်။
၉။ အာဒ်၀င်တူး၏ မူလရင်းဇစ်မြစ်ကို ပြင်သစ်နိုင်ငံရှိ အသင်းတော်များအား ပြန်လည်လေ့လာ ခြင်းဖြင့် သိရှိနိုင်ပါသည်။ (၄)ရာစုအတွင်း ပြင်သစ်နိုင်ငံရှိ အသင်းတော်များသည် မင်းသုံးပါးပွဲမတိုင်ခင် အချိန်အထိ ကာလကို ဆေးကြောခြင်းခံယူရန်အတွက် ပြင်ဆင်ခြင်းအချိန်ကာလအဖြစ် သတ်မှတ်ခဲ့ကြသည်။ (နိုဝင်ဘာ ၁၁) ရက်၊ တိုးလ် မြို့မှ ရဟန္တာစိန့်မာတင်း၏ပွဲနေ့မှ စတင်၍ ခရစ်စ္စမတ်နေ့အထိ ရက်ပေါင်း လေးဆယ် ကို "St. Martin's Lent" ဟုလည်းခေါ် ဆိုထားပါသည်။
၁၀။ ယနေ့ကျွန်ုပ်တိုသိရှိကြသည့် "Advent" အာဒ်၀င်တူးကာလသည် ရောမမြို့မှ စတင်ထွန်းကားလာခဲ့သည်။ ပုပ်ရဟန်းမင်းကြီး “ဂရေ‌‌ဂေါ်ရီ (၁) သည် (၆) ရာစု‌ နှောင်းပိုင်းနှင့် (၇)ရာစု အစောပိုင်းတို့တွင် ဆုတောင်းမေတ္တာများ၊ ဆာလံသီချင်းကျူးဧခြင်းများနှင့် အတိုင်အလိုက်သီချင်းများစွာကို ရေးစပ် သီကုံးခဲ့သည်။ ယခု ကျွန်ုပ်တို့ သိထားကြသော အာဒ်၀င်တူးနှင့် သက်ဆိုင်သည့်အရာများနှင့် ထင်မြင်ယူဆချက်များတို့ကို ရိုမန်ကက်သလစ်အသင်းတော်၏ အာဒ်၀င်တူးကာလအကြောင်းအရာများကို လေ့လာြခင်းဖြင့်ပို၍သိရှိနိုင်ပါသည်။
#Sr. EiMon(SFX)(ဘာသာပြန်)
#— Reprinted from the Catholic Apostolate Center, online at www.catholicapostolatecenter.org, and from EWTN
#Photos CRD..
ဆောင်းပါးများ