တစ်သက်ပတ်လုံး အပြစ်ထဲ၌ နစ်မွန်းနေခဲ့ပြီး သေခါနီးတွင် မိမိအပြစ်များအတွက် နောင်တစွဲ၍ ဘုရားသခင်ထံ အသနားခံပါက ကယ်တင်ခြင်း ရနိုင်သေးသည်။ သခင်ယေဇူးသည် မည်သည့် အပြစ်ရှိသူကိုမျှ တစ်သက်ပတ်လုံး နတ်ဆိုး၏ ငရဲမီးဒဏ်ကို ခံစားစေလိုသည်မဟုတ်။ ယင်းကဲ့သို သေခါနီးတွင် နောင်တစွဲ၍ သေဆုံးသွားသူတို့၏ ဝိဉာဉ်များကို အပြစ်ကင်းစင်သည့်တိုင်အောင် ငရဲငယ်၌ ထားရှိလျက် အပြစ်ဒဏ်ကို ခပ်ဖြေစေသည်။
ငရဲငယ်တွင် အချို့သည် ရက်ပိုင်း၊ အချို့သည် လပိုင်း၊ အချို့သည် နှစ်ကြာရှည်စွာ ဝေဒနာ ခံစားနေကြသည်။ ယင်းဝိဉာဉ်များ ကောင်းကင်နိုင်ငံသို့ အမြန်ဆုံး ရောက်ရှိနိုင်ရန်နှင့် ငရဲငယ်၌ နေရသည့်ကာလ လျော့နည်းသွားစေရန် ကမ္ဘားမြေကြီးပေါ်ရှိ လူသားများသည် ဆုတောင်းပေးခြင်း၊ အပြစ်ဒဏ် ဆပ်ဖြေပေးခြင်း၊ အလှူဒါန ပြုလုပ်ပေးခြင်း၊ မစ္ဆားပူဇော်ပေးခြင်းတို့ကို ပြုလုပ်ပေးကြရမည်။ မစ္ဆားပူဇော်ပေးခြင်းသည် အမွန်မြတ်ဆုံး၊ အထိရောက်ဆုံးသော အကူအညီဖြစ်သည်။ မစ္ဆားပူဇော်ရာ၌ သခင်ယေဇူး၏ အသွေးတော်နှင့် အသားတော်ကို အောက်မေ့သတိရလျက် ငရဲငယ်မှ ဝိဉာဏ်များကို ရည်စူး၍ ပူဇော်ပေးပါက ၎င်းတို့သည် စောလျှင်စွာ လွတ်မြောက်နိုင်ကြသည်။
ဤအကြောင်းနှင့် ပတ်သက်၍ အဖြစ်မှန်တစ်ခုကို ဖော်ပြပါမည်။ အာဗီလာမြို့မှ စိန့်ထရေဇားသည် မိမိ၏ အသင်းအဖွဲ့များကို တိုးချဲ့နေခဲ့ရာ လူတစ်ဦးသည် ၎င်း၏သီလရှင်များအတွက် ခြံမြေတစ်ခုကို လှူဒါန်းခဲ့သည်။ စိန်ထရေဇားသည် အခြားမြို့၌ ခရီးလှည့်၍ တာဝန်ထမ်းဆောင်နေစဉ် ခြံမြေလှူဒါန်းခဲ့သူသည် သေဆုံးသွားခဲ့သည်။ ထိုသူ၏ ဝိဉာဉ်သည် ငရဲငယ်၌ ဒေဒနာခံစားနေရကြောင်း၊ ၎င်းလှူဒါန် ခဲ့သောခြံမြေပေါ်၌ မစ္ဆားပူဇော်ပေးပြီးမှသာလျှင် ငရဲငယ်မှ လွတ်မြောက်နိုင်မည် ဖြစ်ကြောင်းတို့ကို စိန်ထရေဇားသည် ဘုရားသခင်၏ နှိုးဆော်ချက်ဖြင့် သိရှိခဲ့သည်။ ထို့ကြောင့် ခြံမြေပေါ်မှာ ဘုရားစင်တစ်ခု ဆောက်လုပ်ပြီး ဘုန်းတော်ကြီး တစ်ပါးဖြင့် မစ္ဆားပူဇော်ပေးခဲ့သည်။ ထိုအချိန်တွင် အလှူရှင်၏ ဝိညာဉ်သည် မစ္ဆားပူဇော်နေသော ဘုန်းတော်ကြီးအနားမှာ ထင်ရှားပြပြီး စိန်ထရေဇား ဤကဲ့သို့ ကူညီခဲ့သဖြင့် ယခုမိမိလွတ်မြောက်ပြီး ကောင်းကင်နိုင်ငံသို့ ရောက်ရှိနေကြောင်း ပြောပြခဲ့သည်။
ကိုယ်တော်မြတ်ပွဲနေ့၌ ကျွန်မသည် ဘုရားစင်ရှေ့မှာ ဆုတောင်းနေစဉ် လူတစ်ဦးသည် မီးတောက်လောင်နေသည့် အလယ်၌ ရပ်နေသည်။ ၎င်းဝေဒနာခံစားနေရပုံကို မြင်လျှင် ငရဲငယ်မှဖြစ်သည်ကိုသိ၍ ကျွန်မသည် အလွန်ဝမ်းနည်းစွာ ငိုကြွေးခဲ့သည်။ ထိုလူသည် ဘုန်းတော်ကြီးဖြစ်ကြောင်း ကျွန်မ၏ အကူအညီကို ရယူရန်လာခြင်းဖြစ်ကြောင်း၊ သူ့ကို သုံးလ ကူညီပါမည့်အကြောင်း ပြောဆိုခဲ့သည်။ ကျွန်မလည်း သီလရှင်အကြီးအကဲကို အကြောင်းကြား၍ သူ၏ခွင့်ပြုချက်ကို ရယူခဲ့သည်။ ထိုလူ လိုအပ်သော အကူအညီကို ကျွန်မပေးခဲ့သည်။
ဘုရားသခင်၏ လုပ်ငန်းကို ဦးစားမပေးပဲ မိမိကြိုက်နှစ်သက်သည်ကိုသာ ပြုလုပ်ခဲ့သောအပြစ်၊ မိမိ၏ ဂုဏ်သိက္ခာကိုသာ မြှင့်တင်လိုသောအပြစ်၊ နီးစပ်သူကို ကြင်နာသနားခြင်း မရှိခဲ့သောအပြစ်၊ သတ္တဝါများအပေါ် ခင်တွယ်မှုကို ပိုမိုခဲ့သော အပြစ်တို့ကြောင့် မိမိသည် အများဆုံး ဝေဒနာခံစားနေရသည်ဟု ပြောပြခဲ့သည်။ ထိုလူတောင်းဆိုခဲ့သော သုံးလအတွင်း ကျွန်မ မည်မျှ ခံစားခဲ့ရသည်ကိုဖော်ပြရန် မလွယ်ပါ။ ထိုဝိဉာဉ်သည် ကျွန်မနှင့် မခွဲမခွာနေခဲ့ပြီး တစ်ချိန်လုံး မီးလောင်ကျွမ်းခြင်း ခံနေရပုံကို တွေ့မြင်ရ၍ ကျွန်မသည် မျက်ရည်စက်လက်နှင့် နေခဲ့ရသည်။ ကျွန်မ၏ သီလရှင် အကြီးအကဲသည် ကျွန်မ၏ ဆင်းရဲဒုက္ခကို တွေ့ရ၍ ဂရုဏာသက်ပြီး ပိုမိုပြင်းထန်သော ဒဏ်ဆပ်ဖြေမှုကို ကျင့်ဆောင်သွားရန် အကြံပြုခဲ့သည်။ သုံးလပြည့်သောအခါ ထိုဝိဉာဉ်သည် ပျော်ရွှင်သောပုံစံဖြင့် ထင်ရှားပြပြီး မိမိသည် ကောင်းကင်နိုင်ငံသို့ ပို့ဆောင်ခြင်း ခံရပြီဖြစ်ကြောင်းမိမိအား ဤသူ ကူညီခဲ့သောကြောင့် ကျေးဇူးတင်ကြောင်း ကျွန်မအား အကာအကွယ်ပေးမည်ဖြစ်ကြောင်းတို့ကို ကတိပြုခဲ့သည်။
မယ်တော်သခင်မသည် မိမိ၏ ပွဲနေ့များတွင် ငရဲငယ်မှ ဝိဉာဉ်များကို ကောင်းကင်နိုင်ငံတော်သို့ ပို့ဆောင်ပေးကြောင်း သူတော်စင်များက ဖော်ပြခဲ့ကြသည်။ စိန်ဒေါ်မိနစ်အား မယ်တော်ပေးခဲ့သော ကဘိ (၁၅) ချက်တွင် စိပ်ပုတီးကို ယုံကြည်အားကိုးစွာ စိပ်သောသူများကို ငရဲငယ်မှ ကယ်ချွတ်ပေးမည်ဟု ပါရှိသည်။ သို့ဖြစ်၍ ဘာသာသူများသည် စိပ်ပုတီးကို အမြဲတမ်းစိပ်ရန် ကြိုးစားသင့်ကြသည်။ သို့မှသာလျှင် နတ်ဆိုး၏ အနှောင့်အယှက်မရှိဘဲ အပြစ်ကိုရှောင်နိုင်ပြီး ဘုရားသခင်၏ အလိုတော်အတိုင်း နေထိုင်သွားနိုင်ကြသည်။ သေဆုံးသည့်အခါတွင်လည်း ငရဲမီးဒဏ်ကို စိုးရိမ်စရာမရှိဘဲ မယ်တော်၏ အကူအညီဖြင့် ကောင်းကင်နိုင်ငံသို့ ရောက်ရှိနိုင်ပါသည်။
#မစ္စတာ(ဂျိုးဇက်လားရှိုး)၏ဆောင်းပါးများမှကူးယူဖော်ပြသည်။