(၁) ဆွီဒင်နိုင်ငံမှ စိန့်ကာသရင်း အသက်ရှင်နေချိန်ကာလ၌ ဖြစ်ပေါ်ခဲ့သော အဖြစ်အပျက်ကိုဖော်ပြပါမည်။ စိန့်ဘရစ်ဂျက်၌ သားသမီး (၈) ယောက် ရှိခဲ့သည့်အနက် တစ်ဦးက ဆွီဒင်နိုင်ငံဘုရင်ဖြစ်ခဲ့ပြီး၊ တစ်ဦးက သူတော်မြတ် တစ်ပါးဖြစ်သည်။ ဘုရင်ဖြစ်ခဲ့သူမှာ ချားလ်စ်ဖြစ်ပြီး သူတော်မြတ်ဖြစ်ခဲ့သူမှာ ကာသရင်းဖြစ်သည်။ စိန့်ဘရက်ဂျက်သည် အိမ်ထောင်သည်ဖြစ်ခဲ့သော်လည်း ဘာသာရေးကို ထက်သန်စွာ လိုက်စားမဲ့ခြင်းကြောင့် သမီးကက်သရင်းသည်လည်း စိတ်ဝင်စားခဲ့ပြီး ကြိုးစားမှုရှိခဲ့သည်။ ထို့ကြောင့် မိခင် စိန့်ဘရစ်ဂျက် သွားလေရာနေရာများကိုလည်း ကာသရင်းအား အမြဲတမ်း ခေါ်ဆောင်သွားခဲ့သည်။ ရောမမြို့သို့ ဘုရားဖူးသွားသော တစ်ကြိမ်၌ သမီးကာသရင်းလည်း လိုက်ပါသွားသည်။ ရောမမြို့၌ ကာသရင်းတစ်ဦးတည်း စိန်ပီတာဘာစီလီကာ ဘုရားကျောင်းဟောင်းတွင် ဆုတောင်းနေသောအခါ အမျိုးသမီးတစ်ဦးသည် ၎င်းထံလာရောက်၍ သေလွန်ပြီးသော သင့်နိုင်ငံသူတစ်ဦးအတွက် ဆုတောင်းပေး စေလိုပါသည်ဟု ဆိုခဲ့သောအခါ ကာသရင်းသည် မည်သူဖြစ်ကြောင်း မေးမြန်းခဲ့သည်။ ထိုအမျိုးသမီးသည် ဆွီဒင်ဘုရင်ဖြစ်သူ သင့်အစ်ကို၏ ဇနီးဂီဒါဖြစ်သည်။ သူမသည် သင့်အကူအညီကို လိုလားနေသည်ဟု ဆိုသောအခါ ကာသရင်းသည် ဤဝမ်းနည်းသော သတင်းကို ၎င်း၏မိခင်အား ချက်ချင်းပြောပြရန် ထိုအမျိုးသမီးအား ခဏလိုက်လာပါရန် ဖိတ်ခေါ်သောအခါ ထိုအမျိုးသမီးသည် ကျွန်မ အခြားနေရာများသို့ သွားရောက်ရန် အခွင့်မရှိပါ။ ထို့ကြောင့် ကျွန်မ ချက်ချင်း ထွက်ခွာရပါမည်သင်သည် ဤသတင်းကို မယုံကြည်စရာ မရှိပါ။ အကြောင်းမှာ ရက်အနည်းငယ်အတွင်း လူတစ်ဦးသည် ဤဝမ်းနည်းသော သတင်းပို့ရန် ရောက်လာသောအခါ ဘုရင်မဂီဒါ၏ သရဖူကိုပါ တပါတည်း ယူဆောင်လာမည်ဖြစ် သည်။ ထို့ကြောင့် ယခုမှစ၍ ထိုဝိညာဉ်အတွက် ဆုတောင်းပေးပါဟုဆို၍ ထွက်ခွာသွားခဲ့သည်။
စိန့်ကာသရင်းသည် ချက်ချင်းထ၍ မိခင်ရှိရာသို့ သွားရောက်၍ မိမိကြားခဲ့သည်များကို ပြောသောအခါ မိခင် စိန့်ဘရစ်ဂျစ်သည် ပြုံးသော မျက်နှာဖြင့် ဤကိစ္စကို ချစ်ဖွယ်ကောင်းသော ယေဇူးသခင်သည် ငါ့အားကြိုတင်ပြောခဲ့သည်။ သေဆုံးခဲ့သူမှာ သင့်ယောင်းမ ဂီဒါဖြစ်သည်။ သူမသည် ဘုရားသခင်၏ ချစ်ခြင်း မေတ္တာကို ခံစားလျက် ကောင်းသော သေခြင်းကို ခံစားခဲ့သည်။ သို့သော် ၎င်း၏ ငယ်စဉ်ဘုံဝမှ ကျန်၍နေခဲ့သော အချို့အပြစ်တို့အတွက် ငရဲငယ်၌ ဒုက္ခဝေဒနာ ခံစားနေရဦးမည် ဖြစ်သောကြောင့် ငါတို့နှစ်ဦးသည် ၎င်းအတွက် ဆုတောင်းပေးကြစို့ဟု ဆိုခဲ့သည်။ မကြာခင် ဂီဒါ၏ သရဖူလည်း ရောက်ရှိလာသောကြောင့် ထိုသရဖူကို ရောင်းချပြီး ၎င်းအတွက် မစ္ဆားပူဇော်ခြင်းနှင့် အခြားကောင်းမှုများကို ပြုလုပ်ပေးခဲ့ကြသည်။
(၂) ပိုလန်နိုင်ငံ သူတော်မြတ် စတာနစ်လာစ်ချိုကို(စ်)ကာ အသက်ရှင်နေသော အချိန်၌ ၎င်းသည် ငရဲငယ်ရှိဝိညာဉ်များအတွက် လေးနက်စွာ ဆုတောင်း၍ ပုတီးစိပ်နေသောအခါ ငရဲငယ် ဝိညာဉ်တစ်ခုသည် မီးလျှံပတ်လည်၌ ထင်ရှားပြခဲ့ပြီး မိမိခံစားနေရသော ဒုက္ခ ဝေဒနာများမှ လွတ်ကင်းနိုင်ရန် ကူညီပါရန် အသနားခံခဲ့သည်။ စတာနစ်လာစ်သည် ထိုဝိညာဉ်အား သင်ခံစားနေရသော မီးဒဏ်သည် ကမ္ဘာလောက၏ မီးနှင့် မည်မျှ ကွာခြားပါသနည်းဟု မေးမြန်းခဲ့သည်။ ထိုဝိညာဉ်သည် ကမ္ဘာလောက တစ်ခုလုံး၏ မီးအရှိန်သည် ငရဲငယ်၏ မီးအရှိန်နှင့် နှိုင်းယှဉ်ပါက မပြောပလောက်သေး။ လေညင်းပမာသာရှိသည်။ ထို့ကြောင့် လူသားများသည် ငရဲငယ်၏ မီးဒဏ်ကို ခံနိုင်စွမ်းမရှိပါဟု ဆိုကာ စတာနစ်လာစ်သည် မယုံကြည်နိုင်ဘဲ ဤသို့ ဖြစ်ပါက ဘုရားသခင်၏ အလိုတော်ရှိလျှင် သင့်ဝေဒနာကို လျှော့ပေါ့စေခြင်း ငှာလည်းကောင်း၊ ငါ့အား ကျေးဇူးတော်ကို တိုးပွားစေခြင်းငှာ လည်းကောင်း၊ ထိုဝေဒနာအနည်းငယ်ကို ငါခံစားလိုပါသည်ဟု ဆိုသည်။ ထိုဝိညာဉ်သည်လည်း ဘုရားသခင်သည် အလိုတော်ရှိသောကြောင့် သင့်လက်ကို ဖြန့်ပါဟုဆို၍ ချွေးစက်ကဲ့သို့ လည်းကောင်း၊ ရေစက်ကဲ့သို့လည်းကောင်းတစ်စက်ကို ချပေးခဲ့သည်။ စတာနစ်လာစ် သည် ချက်ချင်းလိုပင် ကြီးမားသော ဝေဒနာကြောင့် ငယ်သံပေါက်အောင် အော်ဟစ်ခဲ့ပြီး သတိလစ်ခဲ့သည်။ အနီးအနားရှိ ဘုန်းတော်ကြီးများ ဝိုင်းဝန်းကူညီခဲ့ကြသည်။ သတိရလာသောအခါ အဖြစ်အပျက်များကို ပြောပြခဲ့ပြီးမှာကြားခဲ့သည်မှာ အိုချစ်သော ဘုန်းတော်ကြီးများ ကျွန်ုပ်တို့သည် ဘုရားသခင်၏ ပြင်းထန်သော ပြစ်ဒဏ်တို့ကို ရပါက မည်သည့်အခါမျှ အပြစ်ပြုလုပ်ကြမည် မဟုတ်ပါ။ ၎င်းပြင် ဤအဝ၌ အသက်ရှင်နေစဉ် ဒဏ်ဆပ်ဖြေခြင်း၊ ခြိုးခြံခြင်း၊ ပြုလုပ်ခြင်း၊ ကုသိုလ်ကောင်းမှု ပြုလုပ်ခြင်းများဖြင့် ငရဲငယ်၏ ပြင်းထန်သော ဝေဒနာများကို ရှောင်ရှားရန် ကြိုးစားကြပါဟု ဖြစ်သည်။
ထိုအချိန်မှစ၍ စတာနစ်လာစ်သည် အိပ်ရာမှ မထနိုင်ဘဲ တစ်နှစ်ခန့် ပြင်းထန်သော ဝေဒနာကို ခံစားလျက် နာကျင်ခြင်း ကြီးစွာဖြင့် သေဆုံးခဲ့ပါသည်။ ကမ္ဘာလောက၌ မိမိပြုလုပ်ခဲ့သော ကောင်းမှု ကုသိုလ်များအပြင်၊ ယခုကဲ့သို့ ပြင်းထန်သော ဝေဒနာများကို မိမိအပြစ်များအတွက် လည်းကောင်းအခြားသူများ၏ အပြစ်များအတွက်လည်းကောင်း၊ ငရဲငယ်ရှိ ဝိဉာဏ်များအတွက် လည်းကောင်း အထူးသဖြင့် မိမိအား လာရောက်အသနားခံခဲ့သော ဝိဉာဉ်အတွက်လည်းကောင်း ပူဇော်ခဲ့သောကြောင့် ၎င်းသည် ကောင်းကင်နိုင်ငံသို့ ရောက်ရှိခဲ့သည်သာမဟုတ်ပဲ သူတော်မြတ် တစ်ပါးအဖြစ် တင်မြှောက် ခြင်းကိုလည်း ခံခဲ့ရသည်။
(၃) စိန့်ဗင်ဆင့်ဗာရာရ်၌ ညီမတစ်ဦးရှိခဲ့သည်။ သူမသည် လောကီရေးရာ၌ အလွန်စိတ်ဝင်စားခဲ့ပြီး ပျော်ပါးမှု လိုက်စားခဲ့သည်။ ဗင်ဆင့်သည် သူမအား မကြာခဏ ဆုံးမခဲ့သည်။ သတိပေး နှိုးဆော်ခဲ့သည်များကို လုံးဝဂရုမစိုက်ဘဲ ဆက်လက်၍ ဆိုးရွားနေခဲ့သည်။ ထို့ကြောင့် ဗင်ဆင့်သည် ၎င်းအတွက် လေးနက်စွာ ဆုကောင်းပေးခဲ့သောကြောင့် နောင်တရပြီး ပြောင်းလဲလာခဲ့သည်။ သို့သော် မကြာခင် ရောဂါကပ်၍ သေဆုံးခဲ့သည်။ ရက်အနည်းငယ်ကြာသောအခါ စိန့်ဗာရာရ်သည် မစ္ဆားပူဇော်နေချိန်တွင် ညီမ၏ ဝိဉာဉ်သည် မီးလျှံပတ်လည်၌ ဝေဒနာခံစားလျက် အသနားခံခဲ့သည်မှာ သူမသည် လူ့ဘဝ၌ သတိပေးနှိုး ဆော်ခဲ့လျက်နှင့် အပြစ်ကိုဆက်လက် ကျူးလွန်ခဲ့သောကြောင့် နောက်ဆုံး တရားစီရင်သောနေ့တိုင်အောင် ဤဝေဒနာများမှ လွတ်ကင်းစေခြင်းငှာ ကျွန်မအတွက် မစ္ဆား ၃ဝ ပူဇော်ပေးပါဟု အသနားခံခဲ့သည်။
စိန့်ဖာရာရ်သည်လည်း ထိုနေ့မှစ၍ တစ်ဆက်တည်း ရက်ပေါင်း (၃၀) မစ္ဆားပူဇော်ပေးခဲ့သည်။ မစ္ဆား ပူဇော်ခဲ့သော နောက်ဆုံးနေ့၌ ထိုဝိဉာဉ်သည် ပျော်ရွှင်သော အမူအရာဖြင့် ကောင်းကင်တမန်များနှင့်အတူ လာရောက်၍ ကျေးဇူးတော် တင်ဆပ်ခဲ့ကြောင်း သိရသည်။ သေလွန်ပြီးသော ဝိဉာဉ်များအတွက် မစ္ဆားပူဇော်ပေးခြင်းသည် မည်မျှအကျိုးသက်ရောက်မှုရှိသည်ကို အထောက်အထားပြခြင်း ဖြစ်သည်။ သို့သော် ငရဲငယ် ဝိဉာဉ်များအားလုံးအတွက် ဘုရားသခင်၏ စီရင်ချက် တစ်မျိုးတည်း ဖြစ်သည်ဟုလည်းဆိုနိုင်မည် မဟုတ်ပါ။
(၄) (၁၂)ရာစု ကုန်ခါနီးတွင် ဘယ်လ်ဂျီယံနိုင်ငံ၌ စိန့်ခရစ်စတင်း အသက်ရှင်နေချိန် ကာလရှိ ထူးဆန်းချက်ကို ဖော်ပြပါမည်။ ဤသူတော်မြတ်သည် အသက် (၃၂)တွင် သေဆုံးခဲ့သည်။ သူမသည် အပြစ်ကင်းစွာ နေထိုင်ခဲ့ပြီး အထူးသဖြင့် ငရဲငယ်ဝိညာဉ်များအတွက် အမြဲတမ်း ဆုတောင်းပေးခဲ့သည်။ ထို့ကြောင့် ဘုရားသခင်၏ သနားခြင်း ဂရုဏာဖြင့် ကောင်းကင်နိုင်ငံ၏ ဆုကျေးဇူးတော်ကို ခံစားခဲ့သော်လည်း ထူးဆန်းသော အဖြစ်အပျက်များကြောင့် ၎င်း၏ ဘဝကို ထပ်မံပြောင်းလဲစေခဲ့ကြောင်း အောက်ပါ ဖြစ်ရပ်အမှန်ကို တင်ပြပါသည်၊
ခရစ်စတင်း သေဆုံးပြီးနောက် ဘုရားကျောင်း၌ ၎င်း၏ အလောင်းကို ဖွင့်ထားသော အခေါင်းတွင် ထားရှိသောအခါ ခရစ်စတင်းသည် ချက်ချင်းထ၍ ကျန်းမာလာခဲ့သည်။ အသုဘရှုလာကြသူများ အားလုံးကြောက်ရွံ့ စွာနှင့် အံသြစွာ ကြည့်နေခဲ့ကြသည်။ ခရစ်စတင်းသည် အသက်ရှင်လာခဲ့ပြီးနောက် မိမိနှုတ်ဖြင့် ပြောခဲ့သည်မှာ "ကျွန်မ၏ ကိုယ်ခန္ဓာမှ ဝိညာဉ်သည် ခွဲခွာလာသောအခါ ကောင်းကင်တမန်များသည် ကျွန်မအား မှောင်မိုက်သောနေရာသို့ ခေါ်ဆောင်သွား၍ များပြားသော ဝိညာဉ်များကို တွေ့ခဲ့ရသည်။ ထိုနေရာ၌ ၎င်းတို့ ခံထမ်းနေရသော လွန်ကဲသော ဝေဒနာများကိုလည်း တွေ့မြင်ခဲ့၍ ၎င်းတို့၏ ဝမ်းနည်းဖွယ်ရာ အခြေအနေကိုတွေ့ပြီး ကျွန်မအား ခေါ်ဆောင်သွားသူအား ထိုနေရာသည် မည်သည့်နေရာ ဖြစ်ကြောင်း မေးမြန်းခဲ့ရာ ငရဲငယ်ဖြစ်ကြောင်း သိရပါသည်၊ လူ့ဘ၀၌ မိမိတို့အပြစ်များအတွက် ပြည့်စုံသော ဒဏ်ဆပ်ဖြေခြင်းကို မပြုလုပ်ခဲ့သောကြောင့် ယခုကဲ့သို့ ခံစားကြရကြောင်းပြောခဲ့သည်။
ထိုမှတဆင့် ငရဲကြီးသို့ ခေါ်ဆောင်သွားခဲ့သည်။ ထိုနေရာ၌လည်း ကျွန်မနှင့် သိကျွမ်းသူများကို တွေ့မြင်ခဲ့သည်။ ထိုဝိညာဉ်များသည် လူ့ဘဝ၌ ဘုရားတရားကို လုံးဝသတိမရဘဲ တစ်သက်ပတ်လုံး လောကရေးရာ ပျော်ပါးမှု၌ နစ်မွန်းခဲ့ပြီး သေသည့်တိုင်အောင် နောင်တမစွဲဘဲ သေဆုံးခဲ့သူများဖြစ်ကြသည်။ ထို့ကြောင့် ၎င်းတို့အတွက် ကယ်တင်ခြင်း မရှိတော့ပါ။
ထိုမှတဆင့် ကောင်းကင်နိုင်ငံသို့ ပို့ဆောင်ပေးခဲ့သောအခါ ဘုရားသခင်သည် ကျွန်မအား ချစ်ခင်သနားခြင်း မျက်စိဖြင့် ကြည့်ရှုတော်မူ၍ ပြောခဲ့သည်မှာ ငါ့သမီး---သင်သည် မလွဲမရှောင် ကောင်းကင်ရွှေနိုင်ငံတော်သို့ အပြစ်ကင်းမဲ့စွာ နေထိုင်သူ ဖြစ်ပါသည်။ သို့သော် သင့်အား ယခုရွေးချယ်ရန် လမ်းနှစ်ခုကို ပေးပါမည်။ တစ်ခုမှာ သင့်၌ မည်သည့် အပြစ်မျှ မရှိသောကြောင့် ယခုအချိန်မှစ၍ ငါနှင့်အတူ ဆက်လက် နေထိုင်သွားရန် ဖြစ်ပါသည်။
နောက်တစ်ခုမှာ သင်အလိုရှိပါက သင်တွေ့ မြင်ခဲ့သော ငရဲငယ် ဝေဒနာရှင်များ ခံထမ်းနေသော ဒုက္ခဝေဒနာများမှ လွတ်ကင်းနိုင်ရန်အတွက် လူ့လောကသို့ ပြန်သွား၍ ၎င်းတို့အတွက် ဒဏ်ဆပ်ဖြေပေးရန် ဖြစ်သည်ဟုဆိုသောအခါ ခရစ်စတင်းသည် ချက်ချင်း လူလောက၌ ဆက်လက် နေထိုင်သွားမည့်ဟု ကတိပြုသောအခါ ချက်ချင်း အသက်ရှင်လာခဲ့သည်"ဟု ပြောခဲ့သည်။ ဆက်လက် ပြောခဲ့သည်မှာ "ယခုမှစ၍ ကျွန်မအား ယခင်နေခဲ့သော ပုံစံအတိုင်း မြင်ရတော့မည် မဟုတ်ဘဲ ထူးထူးခြားခြား နေထိုင်သွားပြီး တစ်ချိန်လုံး ဒုက္ခဝေဒနာများကိုသာ ခံထမ်းရန် ကြိုးစားသွားမည်"ဟု ဆိုခဲ့သည်။ ထို အချိန်မှစ၍ ခရစ်စတင်းသည် ကမ္ဘာလောကကို စွန့်ပစ်သည့် သဘောဖြင့် မိမိခံစားခဲ့သော စည်းစိမ်များကို လုံးဝမခံစားတော့ဘဲ အိမ်မရှိ ယာမရှိ ဘဝကို ဖန်တီးခဲ့သည်။ တစ်ခါတစ်ရံ မိမိကိုယ်ကို-မီးအရှိန်များစွာ တောက်လောင်နေသော မီးအိုးထဲသို့ ပစ်ဝင်၍ မီးလောင်ခံရသော ဝေဒနာကို မခံနိုင်တော့ဘဲ ဟစ်အော်ငိုယိုခဲ့သည်။ ဤအခြေအနေ၌ ကြာရှည်စွာနေခဲ့ပြီး ပြန်လည်ထွက်လာသောအခါ မိမိကိုယ်ပေါ်၌ မီးလောင်ရာ ဒဏ်ရာများ လုံးဝမတွေ့ခဲ့ရပါ။
မေယုစ်မြစ်သည် ဆောင်းရာသီ၌ ရေခဲသောအခါ ထိုမြစ်ထဲသို့ ခုန်ချပြီး နာရီပေါင်းများစွာ မကဘဲ၊ ရက်ပေါင်းများစွာ တစ်ခါတစ်ရံ တစ်ပတ်လုံးခန့် ဝဋ်ခံနေခဲ့ကြောင်းသိရသည်။ တစ်ခါတစ်ရံ ခွေးဆိုးများကို ရန်စ၍ ပြေးသောအခါ ခွေးများသည် ၎င်းနောက်သို့ ပြေးပြီး ၎င်းအားကိုက်၍ အသားများ ပုံကျသည့်တိုင်အောင် ခံစားခဲ့သည်။ သို့သော် ထိုဒဏ်ရာများလည်း မကြာခင် ပျောက်သွားသည်။ တစ်ခါတစ်ရံ ခွေးများ လိုက်လာသောအခါ စူးရှသော ချုံတောထဲပြေးဝင်ခြင်းဖြင့် ထိုဆူးများသည် မိမိအသားထဲ ဝင်၍ ပြင်းထန်သော နာကျင်ခြင်းကို ခံစားခဲ့ရသည်။
ထိုသို့ သေခြင်းမှ ပြန်လာခဲ့ပြီးနောက် နှစ်ပေါင်း (၄၂) နှစ်တိုင်အောင် ဆက်လက် အသက်ရှင်နေခဲ့သော်လည်း ၎င်း၏ ဘဝ၌ လောကီရေးရာ ပျော်ရွှင်မှု လုံးဝမရှိခဲ့ဘဲ ငရဲငယ် ဝိညာဉ်များ ချမ်းသာရလျက် ကောင်းကင်နိုင်ငံသို့ ရောက်ကြစေရန်သာ ၎င်း၌ ဆန္ဒ ပြင်းပြခဲ့သည်။ ဤမွန်မြတ်သော အကျိုးဆောင်မှုကို မြင်တွေ့သော ဘုရားသခင်ကား မည်မျှကျေနပ်အားရပေမည်ကို စဉ်းစားနိုင်ပါသည်။ အကြောင်းမှာ အချို့ဝိညာဉ်များသည် ငရဲငယ်၌ ဆုတောင်းပေးသူမရှိ၊ ကောင်းမှုကုသိုလ် ပြုလုပ်ပေးသူမရှိ၊ ဒဏ်ဆပ် ပေးသူမရှိဘဲ ကြာရှည်စွာ ဝေဒနာခံစားနေကြသူများအတွက် ခရစ်စတင်း၏ အနစ်နာခံခဲ့သည်များကြောင့် ကောင်းကင်နိုင်ငံသို့ ရောက်ရှိကြမည် အမှန်ပင်ဖြစ်သည်။ ကျွန်ုပ်တို့သည်လည်း ခက်ခဲသော ဒဏ်ဆပ် ဖြေခြင်းများ မပြုလုပ်နိုင်သော်လည်း ငရဲငယ်ဝိညာဉ်များအတွက် သတိရဆုတောင်းပေးခြင်း၊ မစ္ဆား ပူဇော်ပေးခြင်းများဖြင့် ကူညီပါက ထိုဝိညာဉ်များသည်လည်း ကျွန်ုပ်တို့အတွက် ဆုတောင်းပေးကြမည်ဖြစ်သည်။
ခရစ်စတင်းသည် အသက် (၇၄) နှစ်တွင် သေဆုံးခဲ့ပြီး မြောက်မြားစွာသော တန်ခိုးလက္ခဏာများကို ပြုလုပ်ခဲ့သောကြောင့် သူတော်မြတ်တစ်ပါး ဖြစ်လာခဲ့ပြီး ၎င်း၏ မပျက်စီးသော ရုပ်အလောင်းသည်လည်း ယနေ့တိုင်အောင် စိန့်ထရောင်း ဘုရားကျောင်း၌ ရှိနေကြောင်းသိရသည်။
#မစ္စတာ(ဂျိုးဇက်လားရှိုး)၏ဆောင်းပါးများမှကူးယူဖော်ပြသည်။