ငရဲငယ် ရှိသည်ကို ယုံကြည်ရာ အချက်တစ်ခုအနေဖြင့် ကက်သလစ်အသင်းတော် ချမှတ်ထားသည်။ အသက်ရှင်နေသူများအတွက် အမှန်တရားကို နားမလည်နိုင်ကြသော်လည်း သေလွန်ပြီးသော သူတို့၏ ထင်ရှားပြခြင်းနှင့် ပြည့်စုံသော အထောက်အထားများဖြင့် မှတ်တမ်းတင်ထားသော အချက်အလက်များ ရှိပါသည်။
စီရာနာမြို့မှ စိန်ကာသရင်းသည် မိမိဖခင်အား ငရဲငယ်၏ ဝေဒနာများကို မခံစားစေဘဲယင်းဝေဒနာများကို မိမိကိုယ်တိုင် ဤလောက၌ ခံစားခွင့်ပြုပါရန် ဘုရားသခင်အား အသနားခံ၍ ဘုရားသခင်လည်း ခွင့်ပြုခဲ့သောကြောင့် သူမသည် တစ်သက်လုံး ပြင်းထန်သော ဝေဒနာများကို ခံစားခဲ့ပြီး ဖခင်ကို ကောင်းကင်ဘုံသို့ ရောက်ရှိနိုင်စေရန် ဆောင်ရွက်ပေးခဲ့သည်။ ဤချစ်လှစွာသော သမီးအား ဖခင်ကြီးသည် မကြာခဏ ထင်ရှားပြ၍ ကျေးဇူးတင်ခဲ့ကြောင်း သိရသည်။
ဤကိစ္စနှင့် ပတ်သက်၍ ကက်သလစ်အသင်းတော်အတွက် အရေးကြီးသော ဆုံးဖြတ်ချက်များကို ချမှတ်ပေးခဲ့သော ထရန့်မြို့၌ ကျင်းပခဲ့သော အစည်းဝေးပွဲ၌ ငရဲငယ်အကြောင်းကို အောက်ပါအတိုင်း ဖော်ပြထားသည်။
ကက်သလစ်အသင်းတော်သည် ရှေးယခင် ဘုန်းဘော်ကြီးများ ကျင့်သုံးခဲ့သော လမ်းစဉ်များနှင့် လမ်းညွှန်မှုများအရ လည်းကောင်း၊ ရှေးဟောင်း အရေးအသား စာတမ်းများအရ လည်းကောင်း၊ သန့်ရှင်းသော ဝိညာဉ်တော်၏ သွန်သင်ချက်အရ လည်းကောင်း၊ ငရဲငယ်တစ်ခု တည်ရှိနေကြောင်းနှင့် ယင်းငရဲငယ်၌ ဝေဒနာခံစားနေကြသော ဝိညာဉ်များသည် အသက်ရှင်နေကြသော လူသားများနှင့် ဘာသာရေး ထက်သန်သူများ၏ ဆုတောင်းပေးခြင်း၊ အလှူအတန်းပြုခြင်း မစ္ဆား ပူဇော်ပေးခြင်းများဖြင့် ငရဲငယ်မှ လွတ်မြောက်ခြင်းအတွက် အထောက်အကူ ရရှိကြပါသည် ဟု ဖော်ပြထားသည်။
ငရဲငယ်ရှိ ဝိညာဉ်များသည် ကယ်တင်ခြင်း ရရှိပြီးသူများ ဖြစ်ကြသည်။ သို့သော် ၎င်းတို့သည် လူ့လောက၌ အသက်ရှင်နေခဲ့စဉ် မိမိတို့၏ အခွင့်အရေးကို ပြည့်စုံစွာ အသုံးမပြုနိုင်၍ မိမိတို့၏ ကျန်ရှိသေးသော အပြစ်ဒဏ်များ ကင်းစင်ခြင်း ရရှိစေခြင်းငှာ ဘုရားသခင် သတ်မှတ်ထားသော အချိန်ကာလအတွင်း ငရဲငယ်၌ ဝေဒနာခံစားနေကြရသည်။ အဆိုပါအချိန်ကာလကို လျော့နည်းအောင် လူ့လောကရှိ ဘာသာဝင်များသည် ဒဏ်ဆပ်ဖြေခြင်း၊ ခြိုးခြံမှု ပြုလုပ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးနိုင်ပါသည်။ အကြောင်းမှာ ငရဲငယ်ပိညာဉ်များသည် မိမိတို့အတွက် မိမိတို့ကိုယ်တိုင် ဆုတောင်းပေးနိုင်သည့် အခွင့်အရေးမရှိကြတော့ပါ။ သို့သော် ကယ်တင်ခြင်း ရရှိပြီးသူများ ဖြစ်ကြသောကြောင့် ကမ္ဘာလောက၌ ကျန်ရှိနေသော အပြစ်ရှိသူ လူသားများအတွက်မူ ၎င်းတို့က ဘုရားသခင်ထံ ဆုတောင်းပေးနိုင်ကြသည်။ ထို့ကြောင့် အသင်းတော်၏ ယုံကြည်ရာအချက်၌ သူတော်သူမြတ်တို့သည် အချင်းချင်း အကျိုးကုသိုလ်တို့ကို ခံစားကြရကြောင်း ဟု ဆိုသောအခါ အသက်ရှင်နေကြသော ဘာသာဝင်များ၊ ငရဲငယ်၌ ဝေဒနာခံစားနေကြသော ဝိညာဉ်များနှင့် သူတော်မြတ်များအဖြစ် တင်မြှောက်ခြင်း ခံရသောသူတို့သည် ဆုတောင်းပတ္တနာများဖြင့် အချင်းချင်း အကျိုးပြကြကြောင်းကို ဖော်ပြခြင်း ဖြစ်သည်။
ထိုကြောင့် ငရဲငယ်ရှိ ဝိညာဉ်များအတွက် ဆုတောင်းပေးရန် ဘာသာဝင်တိုင်း၌ တာဝန်ရှိသည်ကို မမေ့သင့်ပါ။ ၎င်းကိုအား အကောင်းဆုံး အကူအညီ ပေးနိုင်သော နည်းလမ်းတစ်ခုမှာ ၎င်းတို့အား သတိရတိုင်း မစ္ဆားပူဇော်ပေးခြင်း ဖြစ်သည်။ ငရဲငယ်၌လည်း အပြစ်ဒဏ်ကို ခံစားရမည့် နေရာများ၊ အမျိုးအစားအလိုက် ခွဲခြားထားရှိကြောင်း သူတော်သူမြတ်တို့၏ ဖော်ပြချက်ဘဲနဲ့ သိရှိရသည်။ ဘုရားသခင်သည် ယင်းငရဲငယ် ဝိညာဉ်များကို အခါအားလျော်စွာ လူသားများထံသို့ စေလွှတ်၍ ၎င်းတို့၏ နောင်ရေးအတွက် သတိပေးနိုးဆော်ခဲ့ကြောင်းလည်း သိရပါသည်။
အဗီလာမြို့မှ စိန့်ထရေဇားသည် ငရဲငယ်ရှိ ဝိညာဉ်များကို ဆုတောင်းပေးခြင်း၊ ဒဏ်ဆုပ်ပေးခြင်းနှင့် ခြိုးခြံမှုများ ပြုလုပ်ပေးခြင်းဖြင့် ကောင်းကင်နိုင်ငံသို့ ပို့ဆောင်ပေးခဲ့ကြောင်းနှင့် ၎င်းကို ငရဲငယ်မှ လွတ်မြောက်ခဲ့သည့် အချိန်၊ ကောင်းကင်နိုင်ငံအတွင်းသို့ ဝင်ရောက်သည့်အချိန်များကို တိကျစွာ သိရှိထားခဲ့ကြောင်းလည်း သိရသည်။ ထို့ကြောင့် ငရဲငယ်ဝိညာဉ်များသည် ကောင်းကင်နိုင်ငံ၏ အကျိုးကျေးဇူးများကို ခံစားခဲ့ရသောကြောင့် စိန်ကရေဇားအား မကြာခဏ လာရောက် ကျေးဇူးတင်ဆပ်ခဲ့ကြကြောင်းလည်း သိရသည်။
စီရာနာမြို့မှ စိန်ဘာနာဒင်းသည် (၁၉၄၄) ခုနှစ်တွင် မိမိပြုလုပ်ခဲ့သော တန်ခိုးလက္ခဏာများကြောင့် ၎င်းအား သူတော်သူမြတ်အဖြစ် တင်မြှောက်ခြင်း မပြုသေးမီ မိမိနေထိုင်ခဲ့သော မြို့ပတ်ဝန်းကျင်ရှိ ဘာသာဝင်များသည် ၎င်းထံ ဆုတောင်း၍ ကျေးဇူးတော်များကို ခံစားခဲ့ကြရသည်။ အလားတူပင် နေပါယ်၏ ဒေသမှ ကာစီရာမြို့ ရှိ မိသားစုတစ်ခုသည်လည်း စိန်ဘာနာဒင်းထံ အမြဲဆုတောင်းခဲ့ကြပြီး ဘာစီယို အမည်ရှိသော (၁၁) နှစ်သားကိုလည်း ဆုတောင်းရန် သင်ကြားပေးခဲ့သည်။ စိန့်ဘာနာဒင်းအား သူတော်သူမြတ်အဖြစ် တင်မြှောက်ပြီး မကြာမီ ဘလာစီယို သေဆုံးခဲ့သည်။ စိန့်ဘာနာဒင်းသည် ဘုရားသခင်၏ ဘုန်းတော်ဂုဏ်တော် ထင်ရှားစေခြင်းငှာ လည်းကောင်း၊ အပြစ်ရှိသူများ ပြောင်းလဲပြုပြင်ကြရန် နိုးဆော်လိုခဲ့သောကြောင့် လည်းကောင်း၊ မိမိထံ အမြဲဆုတောင်းနေခဲ့သော ဘလာစီယိုကား ကျေးဇူးပြုရန် လည်းကောင်း၊ ဘလာစီယိုအား သေခြင်းမှ အသက်ရှင်စေခဲ့သည်။ ဤသို့ပြုခဲ့သည်မှာ သေလွန်ပြီးသော ဘလာစီယိုအား ခေါ်ဆောင်သွား၍ငရဲကြီး၊ ငရဲငယ်နှင့် ကောင်းကင်နိုင်ငံတို့ကို လှည့်လည်ပြသခဲ့သည်။ ဘလာစီယိုသည် ဤကဲ့သို့ ခရီးလှည့်လည်ခဲ့ပြီးနောက် အသက်ရှင်လာခဲ့သည်။ အသက်ရှင်လာခဲ့သောကြောင့် ဆွေမျိုးများနှင့် မိတ်ဆွေများသည် အံ့ဩခဲ့ကြပါသည်။ ဘလာစီယိုက “ကျွန်ုပ်သေပြီးသောအခါ စိန့်ဘာနာဒင်းသည် ကျွန်ုပ်လက်ကို ကိုင်၍ မကြောက်နှင့်။ ကျွန်ုပ်ပြသမည့် မြင်ကွင်းများကို ဂရုစိုက်ကြည့်ပါ။ အကြောင်းမှာ သင်သည် နောက်ပိုင်းတွင် အခြားသူများကို ရှင်းလင်းဖော်ပြနိုင်ရန် သတိပြုစေလိုပါသည်ဟု မှာကြားခဲ့သည်။” ဟု ပြောပြခဲ့သည်။
ထိုသူငယ်အား ငရဲကြီးသို့ ခေါ်ဆောင်သွား၍ တွေ့မြင်ခဲ့ရသော ကြောက်မက်ဖွယ် မြင်ကွင်းများကို ရှင်းပြသောအခါ ပြင်းထန်သော ဝေဒနာများဖြင့် မီးရှို့ခြင်း ခံစားနေရသူများ၏ ဒုက္ခဆင်းရဲခြင်းများကို နှုတ်ဖြင့်ဖော်ပြနိုင်ခြင်း မရှိကြောင်း၊ ယင်းဝေဒနာများကို တစ်သက်ပတ်လုံး နတ်ဆိုး၏ ကျွန်များအဖြစ် ခံစားသွားရမည်ဖြစ်ကြောင်း၊ ထိုဝေဒနာများကို ခံစားနေရမည့် အကြောင်းရင်းများမှာ မားကြီးခြင်း၊ လောဘကြီးခြင်း၊ သန့်ရှင်းဖြူစင်ခြင်းကို ဆန့်ကျင်ဘက်ပြု၍ နေထိုင်ခဲ့ခြင်းနှင့် အခြားအခြားသော အပြစ်ကြီးများ ကျူးလွန်ခဲ့ခြင်းအတွက် နောင်တစွဲ၍ ဘုရားသခင်ထံ ဆုတောင်းခြင်း မရှိဘဲ သေဆုံးခဲ့ကြသောကြောင့် ဖြစ်ကြောင်းဟု ဖော်ပြခဲ့သည်။ ထိုနေရာ၌ ရှိနေစဉ် ထိုနေရာသို့ မိမိသိကျွမ်းခဲ့သော လူတစ်ဦးနှင့် အခြားတစ်ဦး ပေါင်းနှစ်ဦး ထပ်မံရောက်ရှိသည်ကို တွေ့ ခဲ့ပါသည်။ မိမိသိကျွမ်းသူမှာ ဖရာချာ ဖြစ်သည်။ ၎င်းသည် မတရားသဖြင့် စုဆောင်းခဲ့သော ပစ္စည်းဥစ္စာများဖြင့် အသက်မွေးခဲ့သူ ဖြစ်သောကြောင့် ယခုကဲ့သို့ ငရဲဒဏ်ကို ခံစားရန် ရောက်ရှိလာခဲ့သည်။ ဤသတင်းကို ကြားသိရသော ဖရာချာ၏သားသည် အလွန်ကြောက်ရွံ့ ခြင်းရှိ၍ မိမိ၏ အိမ်ရှိ ပစ္စည်း အားလုံးကို ရောင်းချ၍ မရှိဆင်းရဲသူများကို ဝေငှပေးခဲ့ပြီး ရဟန်းဖြစ်ကျောင်းသို့ ဝင်ရောက်ပြီး ဘာသာရေးကို လိုက်စားခဲ့သည်။
ငရဲငယ်ကို ရောက်သောအခါ အပြစ်သည်တို့၏ အမျိုးအစားအလိုက် ဝေဒနာများကို ခွဲခြား၍ ခံစားနေကြသည်ကို တွေ့မြင်ခဲ့သည်။ ထိုနေရာ၌လည်း မိမိနှင့် သိကျွမ်းသူများကို တွေ့မြင်ခဲ့သဖြင့် ၎င်းတို့သည် မိမိတို့ဆွေမျိုးများအား မိမိတို့အတွက် ကောင်းမှု ကုသိုလ်များကို ပြုလုပ်ပေးကြပါရန် မေတ္တာရပ်ခံ ခဲ့ကြသည်။ ထပ်မံသိလိုသူများကို ပြောကြားခဲ့သည်မှာ လူတစ်ဦးအား သင့်ဖခင်သည် ငရဲငယ်၌ အတန်ကြာစွာ နေခဲ့ရပါသည်။ ၎င်းအတွက် သတ်မှတ်ထားသော ငွေဖြင့် အလှူအတန်း ပြုလုပ်ရန် သင့်အား မှာကြားထားခဲ့သော်လည်း သင်ပြုလုပ်ခဲ့ကြောင်း သိရပါသည်။ နောက်တစ်ဦးအား သင့်အစ်ကိုသည် ၎င်းအတွက် သတ်မှတ်ထားသော မစ္ဆားပူဇော်ရန် အရေအတွက်ကို တောင်းခံပေးရန် သင့်အားပြောထားခဲ့သည်။ သင်သည် မှာကြားခဲ့သည့်အတိုင်း ပြုလုပ်ရန် ကတိပြုခဲ့သော်လည်း အချို့ကို ပြုလုပ်ခဲ့ပြီး ကျန်ရှိသော မစ္ဆားပူဇော်ခြင်းများကို သင်မပြုလုပ်ခဲ့ကြောင်းလည်း သိရပါသည်ဟု ပြောခဲ့သည်။
ကောင်းကင်နိုင်ငံသို့ ရောက်သောအခါ ပြောဆိုနေသော စကားသံများကို ရှင်းလင်းစွာ ကြားခဲ့ရသော်လည်း လုံးဝနားမလည်နိုင်ခဲ့ကြောင်း၊ မိမိ အထူးသတိပြုခဲ့သည်မှာ မရေမတွက်နိုင်သော ကောင်းကင်တမန်များ ဘုရားသခင်၏ နိုင်ငံတော်၌ တည်ရှိနေကြသည်။ အထူးသဖြင့် မပြောပြနိုင်သော ချောလှမှုနှင့် ပြည့်စုံသော မယ်တော်သခင်မကို အမြင့်ဆုံးသော နေရာ၌ တွေ့မြင်ခဲ့ရကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ပမ်ပါလူနာမြို့မှ မွန်မြတ်သော ကိုယ်တော်မြတ်အသင်းမှ သီလရှင် ဖရန်စစ်သည် ငရဲငယ်၌ ဝေဒနာခံစားနေကြသော ဝိညာဉ်များနှင့် အဆက်အသွယ် ရှိနေခဲ့ပြီး ၎င်းတို့အတွက် အမြဲတမ်း ဆုတောင်းပေးလျက် ငရဲငယ်မှ လွတ်မြောက်ရန် ဆောင်ရွက်ပေးခဲ့သည်။ ထိုကြောင့် အချို့သော ငရဲငယ်ဝိညာဉ်များသည် ၎င်းထဲသို့ လာရောက်၍ မိမိတို့ခံစားနေရသော ဝေဒနာများ အကြောင်းအရင်း ကို ဖော်ပြလျက် မိမိတို့အား ကူညီပါရန် အသနားခံခဲ့ကြသည်။ ဤသို့ အသနားခံကြသည်များအနက် သီလရှင်တစ်ပါးလည်း ပါဝင်ခဲ့ပြီး မိမိအလွန် နှစ်သက်ခဲ့သော လှပသော စားပွဲ၊ ကုလားထိုင်များ၊ ပန်းချီကားချပ်များ၊ အဖိုးတန်သော လက်တင်ကုလားထိုင်များ၊ လောင်ကျွမ်းနေသောမီးဖြင့် ဝေဒနာ ခံစားနေရသည်ကို ဖော်ပြ၍၊ ယင်းကဲ့သို့ဖြစ်ရသည်မှာ မိမိသည် ဆင်းရဲသောဘ၀ဖြင့် သာသနာပြုရန် ကတိပြုခဲ့သော်လည်း စည်းစိမ်ခံခဲ့သော အပြစ်များ ကျူးလွန်ခဲ့သောကြောင့် ဖြစ်သည်ကို ဖော်ပြခဲ့သည်။ နောက်တစ်ဦးမှာ မိမိလုပ်ငန်းတွင် မဟုတ်မမှန် မတရားသောနည်းဖြင့် ကတိဝန်ခံချက်များကို ရေးသားချုပ်ဆိုသောအခါ အသုံးပြုခဲ့သော မင်အိုး၊ မင်တံ၊ စက္ကူများ၊ လောင်းကစားမှု၌ အသုံးပြုခဲ့သောဖဲချပ်များနှင့် အခြားအပြစ်မကင်းသော အသုံးအဆောင်များ လောင်ကျွမ်းနေသော မီးဒဏ်ကို ပြင်းထန်စွာ ခံစားနေရကြောင်းဖော်ပြ၍ ၎င်းအား ကူညီပါရန် အသနားခံခဲ့သည်။ ဤပစ္စည်းများတွင် မတရားစုဆောင်း ခဲ့သော ငွေများကိုထည့်ထားသော ငွေအိတ်လည်း ပါဝင်ကြောင်းသိရသည်။
နေပါလ်စ်မြို့ရှိ စိန့်ကာသရင်း သီလရှင်ကျောင်းမှ သူတော်သူမြတ်အဖြစ် တင်မြှောက်ခြင်း ခံခဲ့ရသော သီလရှင်ပေါ်လာသည် ဘုရားသခင်၏ အထူးကျေးဇူးတော်ကို ခံစားခဲ့ရသောကြောင့်လည်းကောင်း၊ မိမိကိုယ်တိုင်လည်း ငရဲငယ် ဝိညာဉ်များအတွက် အမြဲတမ်းဆုတောင်း ပေးခဲ့ခြင်းကြောင့်လည်းကောင်း၊ မကြာခဏ ငရဲငယ်သို့ ကိုယ်တိုင်ရောက်ရှိပြီး ၎င်းတို့၏ ဝေဒနာခံစားချက်များကို ဝမ်းနည်းခြင်းကြီးစွာဖြင့် မြင်တွေ့ခဲ့ရသည်။ စနေနေ့တစ်ရက်၌ ငရဲငယ်ကိုရောက်ရှိသောအခါ ခါတိုင်းကဲ့သို့မှောင်နေခြင်းမဟုတ်ဘဲ လျှပ်စစ်မီးများထွန်းထားသကဲ့သို့ လင်းနေသည်ကိုတွေ့၍ မိမိ၏ကိုယ်စောင့်တမန်အား မေးမြန်း၍ မယ်တော်သခင်မသည် များစွာသော ကောင်းကင်တမန်များနှင့်အတူ ငရဲငယ်သို့လာရောက်၍ မိမိအားအထူးကြည်ညို ဂုဏ်ပြုခဲ့သော ဝိညာဉ်များကို ကောင်းကင်ဘုံသို့ ခေါ်ဆောင်သွားခဲ့သည်ကိုသိခဲ့ရသည်။ ရိုးရိုးစနေနေ၌ ဤကဲ့သို့ဖြစ်ပါက မယ်တော်၏ ပွဲနေ့များတွင်သာ၍ များပြားသော ဝိညာဉ်များကိုငရဲငယ်မှ ကောင်းကင်ဘုံသို့ ခေါ်ဆောင်သွားမည်ကို ယုံကြည်ရပါသည်။
စိန့်ပီတာဒါမိရန်သည် နှစ်စဉ် မယ်တော်သခင်မ ကောင်းကင်ဘုံသို့ ပင့်ဆောင်ခြင်းခံရသော ပွဲနေ့၌ မယ်တော်သည် ထောင်ပေါင်းများစွာသော ငရဲငယ်ဝိညာဉ်များကို ကောင်းကင်ဘုံသို့ ခေါ်ဆောင်သွားကြောင်း ဖော်ပြခဲ့သည်။ မယ်တော်သည် ယေဇူးဘုရားသခင်နှင့်အတူ တွဲဖက်ကယ်တင်ရှင်ဖြစ်ကြောင်း အသင်းတော်၌ ယုံကြည်ချက်ရှိသောကြောင့် မယ်တော်သည် လူသားများကို ကမ္ဘာမြေကြီးပေါ်၌ ကာကွယ်စောင့်ရှောက်နေပြီး အပြစ်ကိုရှောင်၍ ဘုရားသခင်၏ ချစ်သနားခြင်းကို ခံထိုက်သူများအဖြစ် ပြောင်းလဲပေးနိုင်သူသာ မဟုတ်ဘဲ ဘုရားသခင်၏ စီရင်ချက်အရ ငရဲငယ်၌ အပြစ်ဒဏ်ကို ခံစားနေရစဉ် မယ်တော်သည် ယင်းအချိန်ကာလကို လျော့နည်းစေရန် ဘုရားသခင်၏ ကျေးဇူးတော်ကို တောင်းပေးလျှက် အဆိုပါ ဝိညာဉ်များကို ကောင်းကင်နိုင်ငံသို့ ပို့ဆောင်ပေးနေသည်ကို သိရှိကြသော ကျွန်ုပ်တို့သည် မယ်တော်ကို မည်မျှချစ်ခင်ရမည် မည်မျှအားကိုးရမည်၊ မည်မျှဂုဏ်ပြုရမည်ကို စဉ်းစားသင့်ပါသည်။ မယ်တော်သည် နေရာအနှံ့ ထင်ရှားပြပြီး ဘုရားသခင်အား ဂုဏ်ပြုနေသော်လည်း မယ်တော်သည် ဘုရား၏ မယ်တော်၊ ကောင်းကင်ဘုံဘုရင်မ အဖြစ်ဖြင့် ကျွန်ုပ်တို့အတွက် ကျေးဇူးပြုနေသည်ကို သတိပြု၍ မယ်တော်ကို အစွမ်းကုန်ချစ်ကြောင်း စိပ်ပုတီးအားဖြင့် လက်တွေ့ပြသကြပါစို့ ။
မစ္စတာ(ဂျိုးဇက်လားရှိုး)၏ဆောင်းပါးများမှကူးယူဖော်ပြသည်။