Untitled Document
Untitled Document
Untitled Document
ဆောင်းပါး
#ကိုယ်ကျင့်သိက္ခာ.. #အခန်း(၉) ပထမပိုင်း။ #ဆန့်ကျင်ခြင်း။ /၁။ တကယ့်သူရဲကောင်းများ။

ဟော်လန်ပြည်သည် ပင်လယ်ရေမျက်နှာပြင်အောက် နိမ့်သောတိုင်းပြည်ဖြစ်၍၊ ပြည်သူပြည်သားများသည် တာတမံကြီးများဖြင့် ပင်လယ်ရေကိုကာကွယ်ရ၏။ တညတွင်တံငါသည်တဦး၏ သားတယောက်သည် တာတမံအက်ကြောင်းလေးမှ ရေများစိမ့်ထွက်နေကြောင်းတွေ့မြင်ရ၏။ အက်ကြောင်းကလေးမှာ သူကြည့်နေစဉ်ပင်တိုး၍တိုး၍ ကျယ်စပြုလာကြောင်းသိရသဖြင့်၊ ဤအချက်မှာ အန္တရာယ်များကြောင်း စဉ်းစားမိလေသည်။ သူသည်အဘယ်အရာကိုပြုလုပ်ရမည်နည်း။ ဟစ်အော်၍ အကူအညီတောင်းရမည်လော။ မဖြစ်နိုင်။ အကြောင်းမှာထိုအရပ်သည် မြို့နှင့်ကွာလှမ်းလှ၏။ လူများထံ သွားရောက်အကြောင်းကြားရမည်လော။ ထိုသို့လည်းမဖြစ်နိုင်။ အကြောင်းမှာခရီးဝေးသဖြင့် လူများလာရောက်မပြုနိုင်မှီ တာတမံကျိုးပေါက်၍ တနယ်လုံးဒုက္ခတွေ့နိုင်သည်။ ရုတ်တရက်သူသည် သူရဲကောင်းအကြံတခုရကာ သူ၏လက်ကို တာတမံအက်ကြောင်း၌ သွင်းလျှိုဆို့ပိတ်ကာ တညလုံးအေးမြသောဥတုဒါဏ်ကို ခံစားလျက် နံနက်ခင်းအချိန်ရောက်၍ လူများလာသည်တိုင်အောင် နေလေသည်။ လူအများလာမှ သူ၏လက်ကိုဖယ်ရှားလျက် တာတမံအက်ကြောင်းကို ခိုင်မြဲစွာပိတ်ဆို့ကြရလေသည်။ 

ဤလူငယ်လေးသည် သူ၏လက်ဖြင့် ပင်လယ်ရေကျိုးပေါက်မည့် အန္တရာယ်ကို တားဆီးကာ လူအများ၏ အသက်စည်းစိမ်အိုးအိမ်ကို ကယ်ဆယ်ခဲ့သဖြင့် အမှန်စင်စစ် အာဇာနည်သူရဲကောင်းကလေး ဖြစ်လေသည်။ 

သို့သော် အကျင့်သိက္ခာပျက်စီးအောင်သွေးဆောင်နေသော အနှောက်အယှက်အမျိုးမျိုးနှင့် အပြစ်ဒုစရိုက်သို့ပို့ဆောင်နေသော အခွင့်အလမ်းအမျိုးမျိုးကို ရဲရင့်စွာ တားဆီးခုခံသောလူငယ်သည် အထက်ပါလူငယ်ထက်သာ၍ အာဇာနည်သူရဲကောင်းပီသ၏။ 

ယခုအခါ လူငယ်များအားကျနှစ်သက်ကြသော ရုပ်ရှင်သူရဲကောင်းများမှာ မကြာခဏဆူပူမှုများ၊ သတ်ဖြတ်မှုများနှင့် အပြစ်မကင်းသည့် အမှုများကို ပြုလုပ်ကြသည့် သူရဲကောင်းများသာဖြစ်ကြ၏။ ဝင်ငွေအကျိုးအမြတ်ကို ရှေ့ရှုတည်ထွင်ကာ လုပ်ဇာတ်ခင်းထားသော ဤသူရဲကောင်းများ၏စံနမူနာမှာ လူငယ်လေးများအား ကိုယ်ကျင့်တရားဆိုင်ရာ တွေးခေါ်မြော်မြင်မှုကို အမှားသို့သာ ကျရောက်အောင်စွမ်းဆောင်နိုင်ကြလေသည်။ သူရဲကောင်းအစစ်အမှန်များမူကား ကောင်းမှုပါရမီ၏ မွန်မြတ်သောအချက်တခုကို ရည်ရွယ်မှန်းထား၍၊ ထိုရည်ရွယ်ချက်သို့ရောက်ရန် တွေ့သမျှအခက်အခဲ အတားအဆီးများ၊ သွေးဆောင်ဖြားယောင်းမှုများကို မတွန့်မဆုတ် ခုခံတွန်းလှန်ရန် ကြိုးစားအားထုတ် သူများဖြစ်ကြ၏။ ထိခိုက်ပြစ်မှားခံရသောအခါ မိမိကိုယ်ကို ကြံ့ကြံ့ခံချုပ်တည်းထားနိုင်သူသည် ဘောလုံးပွဲအနိုင်ရသူ၊ ပြေးခုန်ကစားပွဲအနိုင်ရသူများထက် ပို၍ချီးမွမ်းခြင်းကိုခံထိုက်၏။ 

ပဌမ လူငယ်မှာ သူ၏အကျင့်သိက္ခာခိုင်မြဲခြင်းကို ပြသခြင်းဖြစ်၍၊ ဒုတိယလူငယ်မှာ သူ၏ခြေသန်မာခြင်းကိုသာ ပြသခြင်းဖြစ်လေသည်။ 

အမှန်ကိုဆိုရလျှင် ထိုသို့သောလူငယ်သည် ကျောက်ဆောင်ကျောက်တုံးများကို တိုက်စားကာ လမ်းထွင်လျက် အပိတ်အဆို့အတားအဆီးဟူသမျှ ဖယ်ရှားပြီးလျှင်၊ ပင်လယ်သို့ရောက်အောင် မရပ်မနားစီးသွားသော ရေအယဉ်နှင့်တူလေသည်။

ဆက်ရန်…

စာရေးသူ(အမည်မသိ)နှင့်အန်ထော်နီဆရာစိန်။

မေလ.. ၁၉၆၄။

ဆောင်းပါးများ