လူငယ်များသည်သဘာဝအားဖြင့် သေးငယ်သောအမှုကလေးများကို မထီမဲ့မြင် ပြုကြသဖြင့်၊ ဘေးအန္တရာယ်နှင့် ရင်ဆိုင်ကြရ၏။ ၎င်းအမှု ကလေးများကို ဂရုမပြုကြသော သူများမှာ မကောင်းသော အလေ့အကျင့်ဆိုးများ စွဲကပ်လျက်၊ ၎င်းအမှုကလေးများကို ကောင်းစွာ ဂရုမူအသုံးချ သူများမှာ ခိုင်မြဲသော ကိုယ်ကျင့်သိက္ခာ ကို ဆည်းပူးဆောက်တည် နိုင်ကြပေသည်။ လူဘဝ အသက်ရှင်မှုကား သေးငယ်သော အဖြစ်အပျက်ကလေးများကို ရှည်လျားသော သံကြိုးတချောင်းနှင့် တွဲဆက်ထားသကဲ့သို့ ရှိဘိ၏။ ၎င်းတို့သည် သေးငယ်၍ အရေးကြီး အသုံးဝင်ခြင်းမရှိဟု ထင်မှတ်ရန်ရှိသော်လည်း၊ အမှန်စင်စစ်မှာ လူတိုင်း၏တသက်တာ ဖြစ်ရပ်သည် ဤသေးငယ်သော အမှုကလေးများ အပေါ်မှာ အမှီပြုဖြစ်ပျက်နေခြင်းဖြစ်၏။ သဘာဝလောကကြီးတွင် ကျွန်ုပ်တို့သည် နေ့စဉ်ဖြစ်ပျက်နေသော အဖြစ်အပျက် ကလေးများမှကြီးမားသော ဖန်တီးမှုများ ပေါ်ပေါက်လာကြောင်းကို တွေ့ကြရ၏။ ဥပမာ၊ နေ့စဉ်စီးကျသော ရေပေါက်ကလေးများကြောင့် တခါတရံ တောင်ကြီးများကွဲအက်ပြိုကျရ၏။ ဤသို့ တောင်ပြိုခြင်းသည် အပေါ်ယံအားဖြင့်ကြည့်လျှင် ရုတ်တရက်ဖြစ်ပေါ်လာသည်ဟု ထင်မှတ်ရသော်လည်း၊ အမှန်စင်စစ်မှာ အချိန်ကာလကြာမြင့်စွာ ရေစက်ရေပေါက်ကလေးများ၏ အစဉ်တစိုက် ဖန်းတီးမှုကြောင့် နောက်ဆုံး၌ ကြီးမားသော မြေစိုင်ကြီး ပဲ့ကျလာခြင်းဖြစ်၏။ ထို့အတူ ကိုယ်ကျင့် သိက္ခာဆိုင်ရာကြီးမားသော အပြစ်အမှားသည် အစမူလက သေးငယ်သော အမှားကလေးသာဖြစ်၏။ အကြင်သူသည် သေးငယ်သော အမှားအယွင်းများမှ လွတ်ကင်းအောင် ကာကွယ်နေထိုင်အံ့၊ ထိုသူသည်ကြီးမားသော အပြစ်အမှားကိုလည်း မကျူးလွန်မိအောင် ရှောင်ကြဉ်နိုင်ရန် များစွာ မျှော်လင့်နိုင်လေသည်။
သေးငယ်သောအမှားအယွင်းများကို ပေါ့ပေါ့ဆဆဖြင့်ပြုလုပ်နေသော လူငယ်မူကား တနေ့သော အချိန်တွင် ကြီးသောအမှားအယွင်းကို ကျူးလွန်မိမည်မှာ များစွာနီးစပ်သေချာလေသည်။ လူငယ်များသည် ဤသေးငယ်သောအမှုများကို ပေါ့ပေါ့ဆဆ သဘောထားသဖြင့်၊ အခြားသူများက ထိုသို့မပြုရန် သွန်သင်ဆုံးမသည့်အခါ စိတ်ဆိုးတတ်ကြသည်မှာ အလွန်မှားယွင်းပေသည်။ မီးရထားသံလမ်းဆက်များ တခုနှင့်တခုမတည့်ပဲ လက်မ၏ အစိတ်အပိုင်းမျှ တိမ်းစောင်းချော်ထွက်နေခြင်းကို အရေးမထားလောက်ဟု ထင်မှတ်လျှင်၊ မီးရထားကြီးတစီးလုံး တိမ်းမှောက်ကာ များစွာသေကြေပျက်စီးဆုံးရှုံးခြင်းနှင့် တွေ့ရမည်ဖြစ်၏။ မြင်းတွင် တတ်ဆင်ထားသော ဇက်ကြိုးသည်သေးငယ်သောအရာပင်ဖြစ်၏။ သို့သော် ထိုဇက်ကြိုးမပါဘဲ ခက်ထန်သောမြင်းကို အဘယ်သူသည်လိုရာသို့ နိုင်နင်းစွာ စီးနင်းသွားနိုင် အံ့နည်း။ အလွယ်တကူနှင့် ခွင့်လွှတ်ခြင်း ပြုနိုင်သောသေးငယ်သော အမှားအယွင်းများကို စတင်ကျူးလွန်ခြင်းဖြင့် လူငယ်များ ပျက်စီးခြင်းသို့ရောက်ကြရ၏။ သေးငယ်သော အပြစ်ကို ဖုံးကွယ်လိုသဖြင့် ပေါ့လျော့သောမုသားသုံးခြင်း၊ အလုပ်ကို မကျေမပြွန် ပျင်းရိစွာ နေခြင်းစသည့် အမှုကလေးများသည် လူငယ်များအား အကျင့်အလေ့ဆိုးများကို ကပ်ငြိစေ၏။
ထင်ပေါ်ကြော်ကြားသော ဂိုလီဗား ပုံဝတ္ထုတွင် ဘီလူးကြီးကဲ့သို့ ကာယဗလခွန်အားတောင့်တင်းလှသော ဂိုလီဗားသည် လူပုကလေးများနေထိုင်ရာ လီလီပု ကျွန်းတကျွန်းသို့ ရောက်ရှိသွား၏။ ကျွန်းသူကျွန်းသားများသည် အရပ်အမောင်း ခြောက်လက်မခန့်ရှိသဖြင့် ခရီးသည်ကြီး ဂိုလီဗားနှင့် နှိုင်းစာလျှင် ဆင်နှင့်ပုရွက်ဆိတ်ပမာ ကွာခြားလှသော်လည်း၊ ဂိုလီဗားသည် ကျွန်းသူကျွန်းသားများ၏ ဘမ်းဆီးခြင်း၊ မြေပေါ်မှာလှဲလျက် သေးငယ်သော ကြိုးကလေးများစွာဖြင့် တုတ်နှောင်ထားခြင်းကို မတတ်နိုင်ခံရလေသည်။ သို့ဖြစ်၍ လူငယ်များသည် မိမိတို့ ကိုယ်ကို ဂိုလီဗားကဲ့သို့ သန်မာလှပြီဟု ထင်မှတ်သော်လည်း သေးငယ်သော အမှားအယွင်းများကို ခုခံတိုက်ခိုက်ခြင်းမပြုခဲ့ပါလျှင်၊ ၎င်းအမှုကလေးများ၏ ကျေးကျွန်ဘဝသို့ သနားဘွယ်ရာ ကျရောက်မည့်အကြောင်းကို သတိမူသင့်လှပေသည်။ ရှေးအခါက မီလန်မြို့၌ အသက်ဦးဆံပိုင် မြို့ဝန်တပါးရှိ၏။ တနေ့သ၌သူသည် သူ၏ရန်သူ အကြီးဆုံးတယောက်ကို ဘမ်းဆီးမိ၍၊ အလွန်မြင့်သောရဲတိုက်မျှော်စင်၏ ထိပ်တွင် သူ့အားအကျဉ်းချထားလေသည်။ အကျဉ်းသမားမှာ ထွက်ပြေးလွတ်မြောက်ရန် မတတ်နိုင်ပေ၊ သူသည်မျှော်စင်ထိပ်ရှိ ပြူတင်းပေါက်မှ အောက်သို့ကြည့်ရာ တခါတရံမျှော်စင်အနီးသို့ ဖြတ်သွားသော သူ၏မိတ်ဆွေတယောက်ကို တွေ့မြင်ရလေသည်။ သူ၏မိတ်ဆွေသည် မျှော်စင်ထက်သို့ မော်ကြည့်ပြီးနောက် သူ့မိတ်ဆွေအားလွတ်မြောက်ရာ လွတ်မြောက်ကြောင်းအတွက် မည်သို့မျှအကူအညီ မပေးနိုင်သဖြင့် ဝမ်းနည်းညိုးငယ်စွာ ထွက်ခွါသွားလေသည်။ ရုတ်တရက် အကျဉ်းသားသည် အကြံတခုရကာ သူ၏ဆံပင်များကို နှုတ်ယူလျက် တပင်နှင့်တပင်ဆက်၍ အောက်သို့မှီအောင်ချလေသည်။ သူ၏မိတ်ဆွေသည် ထိုနေရာသို့ရောက်လာသောအခါ ထိုအကြောင်းအရာကို နားလည်သဘောပေါက်၍ ဆံပင်တစ်ပင်နှင့်တပင် ဆက်၍ ချည်ထားသောကြိုးကလေးတွင် သေးငယ်သော ပိုးချည်မျှင်ကလေးများ ထပ်မံချည်ပေးလေသည်။ နောက်တစ်ရက်တွင် ထိုထက်ကြီးသော ပိုးချည်မျှင်ကေလးများ၊ နောက်တရက်တွင် ထိုထက်တုတ်သော ပိုးကြိုးကလေးများ၊ ဤသို့လျှင် တရက်ထက်တရက် ထိုထက်တုတ်ခိုင်သော ကြိုးကလေးများ ချည်၍ပေးခြင်းအားဖြင့်၊ နောက်ဆုံး၌ အကျဉ်းသားသည် လူတကိုယ်ကောင်းစွာ ခိုင်သော ကြိုးတချောင်း ရရှိကာ၊ ထိုကြိုးဖြင့် လျှောဆင်းလျက် ထွက်ပြေးလွတ်မြောက်သွား၍ ရက်စက်သော မြို့ဝန်၏ လက်မှချမ်းသာရလေသည်။
ကောင်းသောကိုယ်ကျင့်သိက္ခာကို ဆောက်တည်ရာ၌လည်း ဤရှင်းလင်းလွယ်ကူသော နည်းလမ်းအတိုင်း လိုက်နာဆောင်ရွက် သင့်ပေသည်။ အကျဉ်းသမားသည် သူ၏ သေးငယ်သော ဆံချည်မျှင်ကလေးများကို အသုံးပြုခြင်းကြောင့် လွတ်မြောက်မှုကို ရသကဲ့သို့ သေးငယ်သော အရာကလေးများကို စံနစ်တကျ အသုံးချပေးခြင်းအားဖြင့် အကြင်သူသည် အံ့ဩဘွယ်သော အကျိုးပြီးမြောက်ခြင်းကို ရရှိနိုင်လေသည်။ ဒီမို့စ်သီးနက်စ် ဆိုသူ တဦးသည် စကားထစ်သူဖြစ်သော်လည်း ပါးစပ်ထဲ၌ သေးငယ်ကျောက်စရစ်ခဲကလေးကို ငုံ၍ စကားပြောလေ့ကျင့်ပေးခြင်းအားဖြင့် ဂရိတ်ပြည်တွင် အကြီးဆုံးအထင်ရှားဆုံး စာဟောဆရာတဦးအဖြစ် ရောက်ရှိသကဲ့သို့ လူတိုင်း လူတိုင်း နေ့စဉ်နှင့်အမျှ သေးငယ်သော လေ့ကျင့်မှု ချုပ်တည်းမှုများ ပြုလုပ်ပေးခြင်းအားဖြင့် စိတ်ပြဌါန်းမှု ချို့ယွင်းချက်များကို ပယ်ဖျောက်နိုင်လေသည်။
ဥပဒေသကထာ
၁။ ကိုယ့်ကိုယ်ကိုအောင်နိုင်သူသည် သတ္တဝါအပေါင်းကို ချုပ်နှောင်ထားသော အနှောင်အဖွဲ့မှလွတ်မြောက်လျှက်ရှိ၏။ ( Schiller )
၂။ စိတ်ပြဌါန်းမှုသည် လူကိုကြီးမြတ်အောင်၎င်း၊ သေးသိမ်အောင်၎င်း ပြုလုပ်ပေးနိုင်စွမ်းရှိ၏။ ( Schiller )
၃။ လူသည်ခွန်အားဗလနှင့် လုံ့လဝိရိယကို အမှီပြုလျှက် တန်ဘိုးရှိသည်မဟုတ်၊ စိတ်ပြဌါန်းမှုကို မှီလျက် တန်ဘိုးရှိခြင်းဖြစ်၏။ ( Eotos )
၄။ ကြီးကျယ်မြင့်မြတ်သူများ၌ စိတ်ပြဌါန်းချက်ရှိ၍၊ ပျော့ညံ့သူများကား တောင့်တမှုဆန္ဒသာရှိ၏။ ( Chinese Proverb ) ၅။ လူသည်အရာများကို သုံးမျိုးသုံးနည်းအားဖြင့် ဆန္ဒတောင့်တခြင်းရှိ၏။ ခက်ခဲသောအချိန်၌ လိုချင်၏။ ခက်ခဲလျက်နှင့်လိုချင်၏။ ခက်ခဲသောကြောင့် လိုချင်တပ်မက်၏။ စိတ်ပြဌါန်းမှုခိုင်မြဲသူသည် တတိယအမျိုးကို ရွေးခြယ်နှစ်သက်၏။ ( De Ravagnan )
၆။ လူ၏ကာယသည်စိတ်ဝိညာဉ်ကို ကျိုးနွံနာခံ၍၊ စိတ်ဝိညာဉ်သည် ဘုရားသခင်ကို ကျိုးနွံနာခံလျှင်၊ လူသည်ဟုတ်မှန်သော ငြိမ်သက်ခြင်းနှင့် ဟုတ်မှန်သောလွတ်လပ်ခြင်းကို ခံစားရ၏။ ( Leo the Great )
၇။ ရှုံးနိမ့်မှုမှန်သမျှသည် နောက်နောင်၌လည်း အလွယ်တကူပင် ရှုံးနိမ့်စေ၍၊ အောင်မြင်မှုမှန်သမျှသည် အနာဂတ်၌လည်း အောင်မြင်မှုအတွက်သာ၍ လွယ်ကူစေ၏။ ( A . Eymieu )
၈။ အနာခံမှ အသာစံရမည်၊ အနာမခံလျှင်အသာမစံရ။
၉။ သေးငယ်သောခြိုးခြံမှုများသည် စိတ်ပြဌါန်းမှုကို လေ့ကျင့်သင်ကြားပေးနေခြင်းဖြစ်၏။ ( Forster )
၁၀။ သေးငယ်သောပုဆိန်ချက်ကလေးများသည် ကြီးမားသောဝက်သစ်ချပင်ကြီးကို လှဲလိုက်သည်။ ( Proverb )
၁၁။ များစွာသောကောက်ရိုးမျှင်များသည် ဆင်ကိုချည်နှောင်နိုင်သည်။ ( Indian Proverb )
၁၂။ အသေးငယ်ဆုံးသောအရာကား အသေးငယ်ဆုံးသာလျှင်ဖြစ်၏။ သို့သော် အသေးငယ်ဆုံးသောအရာကို စံနစ်တကျ အသုံးချသူသည် အကြီးမြတ်ဆုံးသို့ရောက်၏။ ( Augustine )
၁၃။ လူသည်အသေးငယ်ဆုံးအမှားအယွင်းမှ တစတစအားဖြင့် အကြီးဆုံးဒုစရိုက်သို့ ကျရောက်သကဲ့သို့၊ အသေးငယ်ဆုံးပါရမီကလေးမှ အကြီးဆုံးပါရမီသို့ တစတစလှမ်းတက်နိုင်၏။ ( Isidore )
၁၄။ သေးငယ်သောအမှုကလေးများကို မထီလေးစားပြုသူသည် တရွေ့ရွေ့ပျက်စီးခြင်းသို့ရောက်အံ့။ ( Eccli )
မေးခွန်းများ။
၁။ ခိုင်မာသော စိတ်ပြဌါန်းမှုရှိသူလူငယ်အား အဘယ်အရာနှင့်နှိုင်းယှဉ်၍ စိတ်ပြဌါန်းမှုမရှိသူအား ဘာနှင့်နှိုင်းယှဉ်သလဲ။ ခရစ္စတိုဖာကိုလံဘတ်သည် အမေရိကတိုက်ကို ရှာဖွေတွေံရှိခဲ့၏။ သူသည်အဘယ်သို့ လျှင် ထိုအောင်မြင်မှုကိုရသနည်း။ လူငယ်သည်လည်း ဘယ်သောအခါ အောင်မြင်မှုကို ရနိုင်သနည်း။
၂။ မြင့်မြင့်ကြံရွယ်ခြင်းသည် အသုံးဝင်အကျိုးရှိနိုင်ပါသလော၊ အဘယ်ကြောင့်နည်း။ စိတ်ပြဌါန်းမှုကို လှုံ့ဆော်သောအကြောင်းရင်းများကို ဘော်ပြပါ။ မည်သည့်အကြောင်းရင်းသည် သင့်အတွက်အကောင်းဆုံးဖြစ်သည်ဟုထင်သနည်း။
၃။ စိတ်ပြဌါန်းမှုကို ကောင်းမှုပါရမီသို့ ရှေ့ရှုစေသော နည်းလမ်းများတွင် အဘယ်အရာသည် အဓိကနည်းလမ်းတခုဖြစ်သနည်း။ ကိုယ့်သိက္ခာကိုယ်ရိုသေခြင်းနှင့် လွတ်လပ်မှုကိုမြတ်နိုးခြင်းသည် လူအားရိုးဖြောင့်မှန်ကန်စေကြောင်းရှင်းပြပါ။
၄။ အစဉ်တစိုက်အားထုတ်ခြင်းနှင့် ကြိုးစားခြင်းသည်ကြီးကျယ်သော အောင်မြင်ပြီးစီးမှုအကျိုးထွက်ရှိကြောင်း၊ ဥပမာအချို့ဘော်ပြပါ။ စိတ်ပြဌါန်းမှုအလေ့အကျင့်ကို အဘယ်သို့နေ့စဉ်ကျင့်သုံးသနည်း။
၅။ သေးငယ်သောအဖြစ်အပျက်ကလေးများသည် လူတိုင်း၏တသက်တာဖြစ်ရပ်၌ အဘယ်သို့အရေးကြီးကြောင်းရှင်းပြပါ။ မျှော်စင်ထက်၌ အချုပ်ခံရာမှ လွတ်မြောက်သွားသော အကျဉ်းသမား၏ ပုံဝတ္ထုသည် သင်အားအဘယ်အရာကို သင်ပြသနည်း။
အခန်း(၈) ပြီးပါပြီ။
ဆက်ရန်…
စာရေးသူ(အမည်မသိ)နှင့်အန်ထော်နီဆရာစိန်။
မေလ.. ၁၉၆၄။