Untitled Document
Untitled Document
Untitled Document
ဆောင်းပါး
#ကိုယ်ကျင့်သိက္ခာ.. #အခန်း(၈) တတိယပိုင်း။ #စိတ်ပြဌါန်းခြင်းကို လေ့ကျင့်ခြင်း။/ ၃။ ကောင်းမှုကိုရှေ့ရှုသောနည်းလမ်းအချို့။

ပါရမီများကိုဆောက်တည်ရသော လမ်းစဉ်သည် မကြာခဏ ခက်ခဲတတ်၍ ဒုစရိုက်လမ်းမှာ လွယ်ကူလျက် အပေါ်ယံအသွင်အားဖြင့် လှပကာ ဖိတ်ခေါ်နေဘိသကဲ့သို့ ရှိပေ၏။ ဤ လမ်းနှစ်သွယ် အနက် ဒုတိယလမ်းကိုရှောင်၍၊ ပထမလမ်းကိုရွေးခြယ်ရန်မှာ မကောင်းမှုကိုတသက်ပတ်လုံးရှောင်ကြည်၍၊ ကောင်းမှုကိုတသက်ပတ်လုံးပြုရန် အလွန်အရေးကြီးကြောင်း သိနားလည်ခြင်းနှင့် ခိုင်မြဲသော စိတ်ပြဌါန်းခြင်းများ လိုအပ်ပေသည်။ ပဌမလမ်းစဉ်ကို လိုက်ခြင်းဖြင့်သာ လူသည် မြတ်စွာဘုရားသခင် ပြင်ဆင်ထားတော်မူသော ထာဝရဆုလာဘ်တော်ကို ရရှိခံစားရန် သေချာစိတ်ချနိုင်ပေသည်။ သို့မဟုတ် ကျယ်ပြန့်သော ဒုစရိုက်လမ်းကို လိုက်မှားမိသော် ယခုဘဝနှင့် နောက်ဘဝမှာ ဘုရားသခင်၏ကျိန်စာနှင့် အပြစ်ဒဏ်စီရင်ခြင်းကို ခံရလိမ့်မည်။ လူသည် ထိုအချက်ကိုပို၍ အလေးအနက်နှလုံးသွင်းနိုင်လေ၊ ကောင်းမှုပြုရန်အတွက် ပြဌါန်းမှုခိုင်မာလေဖြစ်သည်။ အနည်းဆုံးအားဖြင့် လူသည် မြတ်စွာဘုရားသခင် ၏ ပညတ်ဥပဒေများနှင့် ၎င်းတို့ကို လိုက်နာရန် ဝတ္တရားရှိကြောင်း သတိမူစဉ်းစားသင့်လေသည်။ ၎င်းပြင် သူနှစ်သက်သည်ဖြစ်စေ၊ မနှစ်သက်သည်ဖြစ်စေ၊ သူ၏တာဝန်ကိုအစဉ်ဆောင်ရွက်ရန် ခိုင်မာသောစိတ်ပြဌါန်းချက်ရှိသင့်၏။ သာ၍ကောင်းမွန်စွာကြိုးစားခြင်းမှန်သမျှသည် ကြိုးစားသူ၌သာမဟုတ်၊ အခြားသူတပါးကိုလည်း အကျိုးရစေကြောင်း စဉ်းစားခြင်းဖြင့် စိတ်ပြဌါန်းချက်သည် အားသတ္တိကောင်းကောင်းနှင့် ခိုင်မြဲလာနိုင်လေသည်။ အမျိုးမျိုးကွဲပြားသော ကျွန်ုပ်တို့၏လိုအပ်ချက်များအတိုင်းသည် အခြားရည်ရွယ်ချက်များကို အသုံးပြုနိုင်လေသည်။

 

ဥပမာ၊ ( က )။ သူသည် မိမိကိုယ်ကို ရိုသေခြင်း၏ ရည်ရွယ်ချက်ကို အသုံးပြုနိုင်၏။ လူသည်ဤလောကရှိ သတ္တဝါအပေါင်းတို့တွင် အမြတ်ဆုံးဖြစ်၏။ ၎င်းသည်တိရစ္ဆာန် အားလုံးတို့ထက်မြင့်မြတ်သည့်အကြောင်းမှာ မသေနိုင်သောနာမ်ဝိဉာဉ်နှင့် ဆင်ခြင်တုံရားကို ပိုင်ဆိုင်သောကြောင့် ဖြစ်သည်။ ၎င်းပြင်လူသည် မိဘဘိုးဘွားများထံမှ ဝတ္ထုပစ္စည်းများကိုသာ မဟုတ်၊ နာမည်ကောင်းများနှင့် ပါရမီများကိုပါ အမွေခံယူကြ၏။ ဤအချက်များနှင့် လူ၏ကြီးမြတ်သော ရည်ရွယ်ချက်ကို ရှင်းလင်းစွာ သိနားလည်သူသည် အဘယ်သို့လျင်သူ့ကိုယ်ကို တိရစ္ဆာန်၏ အဆင့်အတန်းသို့ လျော့ကျစေလိမ့်မည်နည်း။ ဤသို့ပြုခဲ့သော်သူသည် သူ၏ ဂုဏ်ကြက်သရေကို ဖျက်ဆီးသော အမဲစွန်းတခုကို ထင်အောင်ပြုသည်နှင့် တူလိမ့်မည်။ လူငယ်သည် သူ၏ခန္ဓာကိုယ် သေလွန်၍ မြေမှုန့်အဖြစ်ရောက်ရှိစေကာမူ သူ၏နာမည်ကျန်လျက် ရှိမည့်အကြောင်းသိမြင်ပါသည်။ ထို့ကြောင့်ဤဂုဏ်ကျက်သရေကို အလေးအမြတ်ပြုသော စိတ်ရှိနေသည့် လူငယ်သည်သူ၏ကတိထားခြင်းများကို မည်မျှခက်ခဲသော အချိန်အခါမျိုးနှင့် ကြုံရစေကာမူ၊ သစ္စာရှိရှိဖြင့်အပြည့် အစုံလိုက်နာရန်ကြိုးစားမည်ဖြစ်သည်။ ဥစ္စာငွေကြေး ရာထူးဂုဏ်သိမ်တို့ဖြင့် သူ၏မိတ်ဆွေများအပေါ် သစ္စာဖောက်ရန် လာဘ်ထိုးသော်လည်း၊ ထိုကဲ့သို့ပြုရန် အလွန်ဆက်ဆုပ်လတံ့။ ဤသစ္စာကတိကို ထိန်းသိမ်းရသဖြင့် နောင်အခါ၌ ကြီးမားသောဒုက္ခများကို ရင်ဆိုင်ရမည့်အကြောင်း သိလျက်ပင်လည်း သူ၏စကားတလုံးကိုချိုးဖေါက်မည်မဟုတ်ပေ။

 

( ခ )။ စိတ်ပြဌါန်းချက်ကို အထောက်အပံ့ပြုသည့် လွတ်လပ်မှုမြတ်နိုးခြင်းကိုလည်း ပြုစုပျိုးထောင်ကာ အသုံးပြုသင့်၏။ လွတ်လပ်ခြင်း၏အစစ်အမှန်သည် မိမိကိုယ်ကို ဘုရားသခင်အား ကျိုးနွံစေခြင်းသာလျှင်ဖြစ်၏။ ကိလေသာများနှင့် လောကီသာယာမှုများ၏ နောက်သို့လိုက်သောသူမူကား စိတ်ဒုက္ခများသော ၎င်းအမှုများ၏ ကျေးကျွန် ဘဝသို့ကျရောက်လေသည်။ ကောင်းမှုပါရမီများသည် လူ၏ဇာတိစွမ်းအားကို ကြီးပွါးစေ၍၊ မကောင်းမှုများကို တွန်းလှန်ရာ၌ တိုးတက်သန်မာစေသော တန်ခိုးအစွမ်းရှိသည့်အင်အားဖြစ်၏။ လွန်လပ်မှု၏ တန်ဘိုးအမှန်သည် မကောင်းမှုများကိုလည်း လွတ်လပ်စွာ ရွေးခြယ် ပိုင်သောအခွင့်၌သာ အကြုံးဝင်သည်မဟုတ်၊ ကိုယ့်ကိုယ်ကို အုပ်ချုပ်ထိန်းသိမ်း၍၊ ကိုယ်ကိုတိုင်၏ ကြီးပွါးတိုးတက်ခြင်းကို ရှေ့ရှုသော အကျင့်တရားဆိုင်ရာ အခွင့်ရေးရာ၌လည်း အကြုံးဝင်၏။

 

ထိန်းသိမ်းသူမပါသေတိရစ္ဆာန်များနှင့် စက်ယန္တယားများသည် အရာဝတ္ထုများကို ချိုးဖဲ့ဖျက်စီးသော အသိဉာဏ်မဲ့သည့် အားသတ္တိတခုသာဖြစ်၏။ ကောင်းသော အကျင့်သိက္ခာရှိသည့်သူသာလျင် ပုန်ကန်ထကြွနေသော ကိလေသာများကို ကျိုးနွံစေရန်နှင့် အလိုရမ္မက်နှင့် တွယ်တာမြတ်နိုးမှုများကို ထိန်းချုပ်ပေးရန်တတ်နိုင်၍၊ အောင်မြင်ခြင်းသို့ရောက်နိုင်၏။ လွတ်လပ်ခြင်း၏ သဘောတရားအမှန်ကို လက်ကိုင်ထားသော လူငယ်သည် မုသားသုံးခြင်း၊ ကာမဂုဏ် တပ်စွမ်းခြင်း၊ သေရည်သောက်စား မူးယစ်ခြင်း စသော အကျင့်ဆိုးများကို အလွယ်တကူကြဉ်ရှောင်လိမ့်မည်။ သူသည် လူ့မျက်နှာ ကို ထောက်ထားငဲ့ကွက်ခြင်း မရှိသဖြင့် အပေါင်းအသင်းများက ကဲ့ရဲ့ရှုတ်ချသော်လည်း ဘာသာမှုတာဝန်များနှင့် ဘုရားသခင်အားပြုအပ်သော တာဝန်ဝတ္တရားများကို ရဲရင့်ကျေပြွန်စွာ ဆောင်ရွက်လိမ့်မည်။

 

၄။ စိတ်ပြဌါန်းချက်ကို အဆက်မပြတ်လေ့ကျင့်ပေးခြင်း။

 

အခက်အခဲများနှင့်ကြုံလာသောအခါ စိုးရွံ့ခြင်းမရှိပဲ၊ လွယ်လင့်တကူဆောင်ရွက်နိုင်စေရန် မိမိစိတ်အလိုကို အရှင်သခင်ကဲ့သို့ လွမ်းမိုးနိုင်အံ့သောငှါ၊ အဘယ်သို့ပြုရမည်နည်း။ ဖေါ့စတား အမည်ရှိ အဘိဓမ္မာ ဆရာတဦးကပြောသည်မှာ၊ လူသည်ကောင်းမှုတည်းဟူသော အမြင့်သို့၎င်း၊ မကောင်းမှုတည်းဟူသောအနိမ့်သို့၎င်း၊ တခဏလေးအတွင်း ကျရောက်သွားသည်မဟုတ် တဖြည်းဖြည်းသာလျှင် ရောက်ရှိသွားခြင်းဖြစ်သည်။ သို့ဖြစ်၍ စိတ်ပြဌါန်းချက်ကို ပုံသွင်းခြင်း အလုပ်မှာ တရက်တာလုပ်ငန်းမျိုးမဟုတ်။ သန္တာကောင်ကလေးများသည် သန္တာကျွန်းကို ပြုလုပ်ရသကဲ့သို့ ကြာရှည်လေးမြင့်ဆောင်ရွက်ရသော အမှုဖြစ်သည်။ သူပြောသည့်အတိုင်း အလွန်သေးငယ်လှသော သန္တာကောင် ကလေးများသည် အလွန်နက်လှသော သမုဒ္ဒရာရေအောက်တွင် သေးငယ်လှသော အိမ်ကလေးကို စတင်တည်ဆောက်လေသည်။ ၎င်းသည်တဖြည်းဖြည်း မြင့်တက်လာရာ၊ နှစ်ပေါင်းများစွာ ကြာလာသောအခါ ရမျက်နှာပြင်သို့ရောက်ရှိလာ၍၊ ၎င်းအပေါ်တွင်သမုဒ္ဒရာရေစီး၌ မျောပါလာသော အုန်းသီးများ၊ ဒိုက်များ တင်ကျန်ခါ အုန်းပင်နှင့်အခြားအပင်ငယ်များ ပေါက်ရောက်ဖုံးလွမ်းလျက် လူတို့နေထိုင်သော ကျွန်းကလေးအဖြစ် ရောက်လာရလေသည်။ ဤသန္တာကောင်ကလေးများ၏ စိတ်ဇွဲနှင့် အစဉ်တစိုက်ပြုသော အလုပ်သည်နောက်ဆုံး၌ အောင်မြင်ပြီးစီးခြင်းသို့ ရောက်လေသည်။ လူငယ်များသည် တခါတရံ အပြေးအခုံစသည့် ကစားခုန်စားမှုများ၌ ထင်ရှားသော ကမ္ဘာ့အားကစားသမားများအား ကြည်ညိုအားကျတတ်ကြသည်။ တခါတရံသိပ္ပံပညာ၌ အသစ်အဆန်းတီထွင်နိုင်မှုကြောင့် ထင်ရှားသောပညာရှင်ကြီးများကို လေးစားနှစ်သက်မိကြသည်။ ဤသူများသည်ကြိုးစားအားထုတ်မှုမရှိဘဲ ဤမျှထင်ပေါ်သော ကမ္ဘာကျော်ပုဂ္ဂိုလ်များ ဖြစ်လာသည်ဟု ထင်သလော။ ၎င်းတို့သည် ထိုအဆင့်သို့ရောက်ရန် ကြီးမားသော အားသွန်ခွန်စိုက်မှုနှင့်၊ နှစ်များစွာ အစဉ်တစိုက် လေ့ကျင့်စူးစမ်းခဲ့ကြရလေသည်။ ထူးချွန်မှု မှန်သမျှနှင့် အားထုတ်မှုအမျိုးမျိုး၏ အောင်မြင်ထမြောက်ခြင်းသည် နှစ်ပေါင်းများစွာ မငြီးမငွေ့ကြိုးစားခြင်း၊ အစဉ်တစိုက် တပင်တပန်း အားစိုက်ခြင်းများမှ ထွက်ပေါ်လာခြင်းဖြစ်ပေသည်။ လူ့အတွက်အရေးကြီးဆုံး အပိုင်းမှာ ကိုယ့်ကိုယ်ကို အရှင်သခင်တဦးပမာ စိုးမိုးနိုင်ခြင်းမဟုတ်။ စိတ်ပြဌါန်းမှုကို ထိရောက်အောင် ထိန်းပေးနိုင်သော စိတ်ဓာတ်ဆိုင်ရာ အင်အားလည်းမဟုတ်။ အကြောင်းမှာ ကိုယ့်ကိုယ်ကို လေ့ကျင့်ပေးခြင်း၏လျှို့ ဝှက်ချက်ကို မသိမမြင်ရသောကြောင့်ပင်ဖြစ်၏။ ကလေးငယ်သည် လမ်းသွားသင်စတွင် အမိလုပ်သူ၏ အကူအညီဖြင့် အနည်းငယ်လှမ်းနိုင်၏။ တဖြည်းဖြည်း လေ့ကျင့်နေစဉ် မကြာခဏလဲကျလျှက် နောက်ဆုံး၌ တစုံတယောက်မျှ မကူမညီပဲ အလိုအလျောက် လျှောက်နိုင်လေသည်။ ထို့အတူစိတ်ပြဌါန်းမှုကို လေ့ကျင့်ပေးရာ၌လည်း၊ အခက်အခဲများစွာရှိ၏။ သို့သော် အစဉ်တစိုက်လေ့ကျင့်မှုအားဖြင့် နေ့စဉ်ကြုံတွေ့နေရသော အသေးအဖွဲခက်ခဲမှုများကို အောင်မြင်နေသောသူသည် မကြာမှီကြီးကျယ်သောအောင်မြင်မှုကို ရလိမ့်မည်။ သို့ဖြစ်၍ နေ့စဉ်အနည်းငယ်သော စိတ်ပြဌါန်း မှုအလေ့အကျင့်သည် များစွာတန်ဘိုးရှိလှပေသည်။ ၎င်းအမှုကလေးသည် ပင်ကိုယ်အားဖြင့် မဟုတ်သော်လည်း ထိုအလေ့အကျင့်၏ စိတ်ပြဌါန်းမှုနှင့် ကိလေသာများကို စိုးမိုးနိုင်သော ရည်ရွယ်ချက်အားဖြင့် တန်ဘိုးရှိခြင်းဖြစ်၏။ ဤအချက်ကိုထောက်၍ ဖော်စတာ ပညာရှိကြီးက လူငယ်သည် ဤသေးငယ်သော နေ့စဉ်လေ့ကျင့်မှု ကလေးအမျိုးမျိုးလေ့ကျင့်သွားရန် အရေးကြီးကြောင်းနှင့် ၎င်းတို့ကို လက်တွေ့ကျင့်သုံးအပ်ကြောင်း ရေးသားတိုက်တွန်းခဲ့လေသည်။ ဥပမာ၊ ရေအလွန်ငတ်နေသော အချိန်တွင် ကိုယ့်ကိုယ်ကို စိုးမိုးနိုင်အံ့သောငှါ၊ ချက်ချင်း မသောက်သေးပဲ ခေတ္တမျှစောင့်ဆိုင်းနေပါ။ စီးကရက်အလွန်သောက်ချင်သောအချိန်၌လည်း ချက်ချင်း မသောက်ပဲနေလိုက်ပါ။ သစ်သီးချိုချဉ် စားလိုသောအခါမှာလည်း၊ မစားဘဲချုပ်တည်းလိုက်ပါ။ ဤသို့လေ့ကျင့်ပေးလျှင် သင်သည် ကိုယ့်ကိုယ်ကို ပို၍ပိုင်နိုင်လာပါလိမ့်မည်။ ဂျူလီယက်ဆီဇာ စစ်ဗိုလ်ချုပ်ကြီးသည် အမျက်ဒေါသထန်နေသည့်အခါ၊ စကားတစုံတရာမပြောသေးဘဲ တစ်-နှစ်-သုံး-လေး နှစ်ဆယ်အထိ ရေတွက်ပြီးသည့်တိုင်အောင် တိတ်ဆိတ်စွာ နေလေ့ရှိသည်။ ပိုက်သာဂိုးရပ် ဆိုသူ စိတ်ပညာရှင်တစ်ဦးသည် တစုံတယောက်အားသူ၏တပည့်အဖြစ် လက်ခံသိမ်းပိုက်ခြင်းမပြုသေးမှီ မည်သည်ကိုမျှ မပြောဘဲ လအနည်းကြာအောင် နေလေ့ရှိသည်။

 

ဆက်ရန်

 

စာရေးသူ(အမည်မသိ)နှင့်အန်ထော်နီဆရာစိန်။

 

 

မေလ.. ၁၉၆၄။

ဆောင်းပါးများ