Untitled Document
Untitled Document
Untitled Document
ဆောင်းပါး
#ကိုယ်ကျင့်သိက္ခာ.. #အခန်း(၈) ပထမပိုင်း။ #စိတ်ပြဌါန်းခြင်းကို လေ့ကျင့်ခြင်း။/ ၁။ စိတ်ပြဌါန်းခြင်း၏ အားသတ္တိ။

ကောင်းသော ကိုယ်ကျင့်သိက္ခာဆောက်တည်ရေး၌ မရှိလျှင် မဖြစ်နိုင်အောင် အလွန်အလိုရှိအပ်သော အထောက်အကူမှာ စိတ်ပြဌါန်းခြင်းကို လေ့ကျင့်ပေးခြင်းဖြစ်သည်။ လူသည်ရုပ်နှင့်နမ် ပေါင်းစပ်နေသောသတ္တဝါဖြစ်၍၊ သူ၏ အတွင်းသန္တာန်၌ နာမ်ဝိဉာဉ်နှင့် ကာယ၏အာရုံခံစားမှု ကိလေသာများသည် တဘက်နှင့်တဘက်အဆက်မပြတ် တိုက်ခိုက်လျက်ရှိ၏။ အာရုံခံစားလိုသော ကိလေသာများသည် နာမ်ဝိဉာဉ်ကိုစိုးမိုးကြိုးကိုင်လို၍၊ ၎င်းကိုလူတို့၏ကျွန်အဖြစ် သွတ်သွင်းလိုကြလေသည်။ ထိုအဖြစ်သို့မကျရောက်စေရန် ဝိဉာဉ်သည်ရုပ်ခန္ဓာနှင့်ဆိုင်ရာ အားလုံးကို လွမ်းမိုးနိုင်ရန်လိုပေသည်။ ထိုကဲ့သို့လွမ်းမိုးနိုင်ရန် ခိုင်မာသော စိတ်ပြဌါန်းခြင်းရှိရမည်။ ဘုရားသခင်ထံမှ လူခံစားရသော ဆုလာဘ်တော်များအနက် လွတ်လပ်သောစိတ်အလိုသည် အဘိုးတန်သောရတနာတခုဖြစ်၏။ သို့ရာတွင် စိတ်ပြဌါန်းခြင်းသည် သူ၏ ကိလေသာအာရုံများကို ခုခံတွန်းလှန်နိုင်စေရန် ခိုင်မာခြင်းအားသတ္တိနှင့်ပြည့်ဝစေရန် လေ့ကျင့်ပေးဘို့လိုအပ်ပေသည်။ ခိုင်မာသောစိတ်ဓာတ်ကို အလိုအလျောက်ရနိုင်သည်မဟုတ်၊ မြင့်မြတ်သောရည်ရွယ်ချက်များ၊ လိုအပ်သော လေ့ကျင့်မှုများဖြင့် ရရှိနိုင်၏။ သို့ဖြစ်၍ ၎င်းသည် လူ၏အဆက်မပြတ်လေ့ကျင့်မှုမှ ထွက်ပေါ်လာသော အကျိုးအသီးနှင့် လူတိုင်းအောင်မြင်စွာ ဆည်းပူးသင့်သော အဘိုးတန် ဘဏ္ဍာဖြစ်လေသည်။ စိတ်ပြဌါန်းခြင်းသည် ဝိညာဉ်တည်းဟူသော မြေ၌ကြဲချအပ်သော မျိုးစေ့နှင့်တူ၏။ လူသည်၎င်းမျိုးစေ့ကို အဘယ်သို့သတိနှင့်စောင့်ထိန်းရမည်၊ အဘယ်သို့မြေဩဇာကို ချကျွေး၍ အဘယ်နည်းစံနစ်ဖြင့် ပြုစုပျိုးထောင်ရမည်ကို ကောင်းစွာသိရှိပြုလုပ်ပါလျှင်၊ ၎င်းမျိုးစေ့သည် လေပြင်းမုန်တိုင်းများကို ကြံ့ကြံ့ခံနိုင်သော အရိပ်အာဝါသကြီးမားလှသည့် အပင်ကြီးတပင်အဖြစ်သို့ရောက်ရှိကြီးပွားလာပေမည်။ သို့ရာတွင် မျိုးစေ့ကိုမစောင့်မရှောက်၊ စိုက်ပျိုးသင့်သောမြေ၌ မစိုက်ပျိုးပဲ၊ စွန့်ပစ်ထားခဲ့လျှင် မကြာမှီပုပ်ရိ၍ ပိုးပရွက်များ၏ အစာသာဖြစ်ပေမည်။ စိတ်ပြဌါန်းခြင်းအလုပ်သည် နှစ်များစွာအတွင်းကိုယ်ကျင့်သိက္ခာ တည်းဟူသော ကြီးပွားနေသည့်ပင်စည်၌ တနှစ်လျှင်တရစ်ကျ အနှစ်တည်စေသည်။ ၎င်း အရစ်များသည် သစ်ပင်ကို ပြန့်ကားရုန်းပြန်စေ၍ လေပြင်းလာသည့်အချိန်တွင် ကြံ့ကြံ့ခံနိုင်သည့် ခိုင်မာမှုကို ပေးလေသည်။ သစ်ပင်သည် လေပြင်း၏တွန်းဖိမှုကြောင့် ယိမ်းထိုးသွားမည် ဖြစ်သော်လည်း ကျိုးပဲ့လဲပြိုခြင်းကားမဖြစ်နိုင်ပေ။ ထောင်ပေါင်းများစွာသောလူငယ်များသည် လောကခရီးစဉ်၌ ပြန့်ကျဲနေသော မရေမတွက်နိုင်သည့် ကျောက်ဆောင်များနှင့်ရိုက်ခတ်မိကာ ဝမ်းနည်းဘွယ်နှစ်မြုပ်ခဲ့ကြလေပြီ။ ထိုကဲ့သို့နစ်မြုပ်ရခြင်းကား ၎င်းတို့သည်စိတ်ပြဌါန်းမှုခိုင်မာအောင် နေ့စဉ်လေ့ကျင့်ပေးရန် ပျင်းရိကြသောကြောင့်သာလျှင်ဖြစ်ရပေမည်။ ဤ သူများသည် ဆန္ဒသာရှိ၍ ပြဌါန်းမှုမရှိသဖြင့် ဒုက္ခဆင်းရဲများနှင့် ရင်ဆိုင်ရသောအခါ တွန်းလှန်ရန်မတတ်နိုင်ကြပေ။ သူတို့သည်အစဉ်အမြဲ တည်ငြိမ်မှုမရ၊ ခိုင်မာသော ဆုံးဖြတ်ချက်လည်းမရှိ၊ လေပြင်း၏ယူဆောင်ရာ မျောပါနေသော လှေနှင့်တူကြ၏။ အားလုံးသော အလုပ်အကိုင်များ၊ အားလုံးသော အခြေအနေများတွင် လူသည်မိမိစိတ်အလိုကို စိုးမိုးနိုင်ရန် အလွန်အရေးကြီး၏။ ဤအရာသည် အဘယ်သို့လမ်းလျှောက်ရမည်ကိုသင်ယူရန် အရေးကြီးသလောက်နီးနီး အရေးကြီးလှ၏။ မိမိကိုယ်ကိုမထိန်းသိမ်းနိုင်သောသူသည် ခြေမမြဲသောသူပင်ဖြစ်၏။ သူသည် မိမိဘယ်ရည်ရွယ် ချက်သို့ သွားနေကြောင်းကိုလည်းမသိ၊ အကြောင်းမှာ သူပြောဆိုလုပ်ကိုင်နေခြင်း ဟူသမျှသည် ပြဌါန်း ရည်ရွယ်ခြင်း မရှိသောကြောင့်ဖြစ်သည်။

အသုံးဝင်သောအမှုကိစ္စများ၌ မိမိကိုယ်ကို နေရာချထားဆောင်ရွက်ရန်အတွက်၊ ကိုယ့်ကိုယ်ကိုစိုးမိုးနိုင်သောငှါ သိပ္ပံနှင့် အနုသုခုမ ပညာများသည် လုံလောက်သည်မဟုတ်။ (Forster) လမ်းမှန်ကိုသိရုံမျှနှင့် အမှုမပြီး၊ ၎င်းလမ်းကို လိုက်နာကျင့်သုံးရန် လိုပေ၏။ စက်ခေါင်းနှင့်ဘွိုင်လာအိုး မတည်လုပ်နိုင်လျှင် စက်ဆရာသည်ရေနွေးငွေ့ကို အဘယ်သို့ရယူရန်နှင့်၊ ၎င်းရေနွေးငွေ့၏ အားသတ္တိကို သိရှိသော်ငြားလည်း အကျိုးမကြီးမားနိုင်။ ကောင်းသောကိုယ်ကျင့်သိက္ခာ ဆည်းပူးတည်ဆောက်ခြင်း၌လည်း ထို့အတူသာဖြစ်၏။ ကောင်သောကိုယ်ကျင့်သိက္ခာကိုဆည်းပူးရန် ကြီးကျယ်သောအမှုကိစ္စများကို သိရုံမျှနှင့် မလုံလောက်၊ ကိုယ်ကျင့်သိက္ခာနှင့် ဆန့်ကျင်သော ကိလေသာများကိုလည်း ကျော်လွှားနိုင်သော အလေ့အကျင့်ကို ရရှိအောင်ပြု၍၊ စီစဉ်နေရာချထားသောအချက်များ ပြည့်စုံရအောင် လက်တွေ့ဆောင်ရွက်ပေးရမည်။ ကာယ၊ ဉာဏ၊ စာရိတ္တတည်းဟူသော မဏ္ဍိုင်တံကဲကြီးများကိုတည်ဆောက်ရေး၌၊ စိတ်ပြဌါန်းမှုကိုလေ့ကျင့်သင်ကြားခြင်း အလုပ်သည် ပဌမဦး လုပ်ငန်းဖြစ်သင့်သည်။ အတွင်းစိတ်၌ သဘောညီမျှခြင်းရှိရအောင် မကောင်းမှုသို့တိမ်းညွတ်သော ကိလေသာများကို နှိမ်နှင်းလျက် ကောင်းသောရည်အချင်းများ တိုးတက်လာစေမည့် မိမိကိုယ်ကို လေ့ကျင့်သင်ကြားပေးခြင်းဖြစ်သော ဤအံ့ဘွယ်ရာ လုပ်ငန်းအတွက် ခိုင်မာတည်တံ့သော စိတ်ပြဌါန်းမှု လိုအပ်လှပေသည်။ ဤအရာကိုနှစ်သက်ပါသည်၊ ဆန္ဒရှိပါသည်ဟု ဆိုရုံမျှနှင့် ကျေနပ်ရောင့်ရဲခြင်းမရှိသင့်။ ထိုအရာကို ပြုမည်ဟုဓိဌါန်ပြဌါန်းချက် ထားရှိပြောဆိုနိုင်ရမည်။ အမှန်ပြုမည်ဟု ဓိဌါန်ပြဌါန်းချက်သည် မဖြစ်နိုင်ဟု ထင်ရသော အမှုကိစ္စများကို မကြာမကြာ ပြီးစီးအောင်မြင်စေတတ်သည်။ ဥပမာလူငယ်သည် ငါအတန်းထဲတွင် အတော် ဆုံးဖြစ်ရမည်။ သို့မဟုတ်၊ ငါသည် လူ၏ချို့ယွင်းချက်ကိလေသာများကို နှိမ်နှင်းအောင်မြင်ရမည်ဟူသော ပြဌါန်းချက်ရှိရမည်။ ၎င်းနောက်သူသည် နက်ဖြန်သို့ အချိန်မရွေ့ပဲ ချက်ချင်းစတင်ဆောင်ရွက်လျှင် အောင်မြင်မည်သာဖြစ်သည်။ ကြီးကျယ်ထင်ရှားသော လူများသည် စိတ်ပြဌါန်းမှုအဘယ်သို့ ထားရှိရမည်ကို သိနားလည်သူများဖြစ်ကြသည်။ ခရစ္စတိုဖာကိုလံဘတ်စ်သည် အနောက်ဘက်နိုင်ငံများကို ရှာဖွေဘို့သင်္ဘော လွှင့်ရန် အတွက်လိုအပ်သောအကူအညီများကို ၁၈-နှစ်ပတ်လုံး ဘုရင်တပါးထံမှ တပါးထံသို့ လှည့်လည်တောင်းခံခဲ့၏။ ထိုအချိန်က သူသည် အကြိမ်များစွာငြင်းပယ်ခြင်းကို ခံခဲ့ရသော်လည်းစိတ်မပျက်၊ ချီးကျူးဘွယ်ကောင်းသည့်မလျှော့သော လုံ့လဇွဲဖြင့် ဆက်လက်တောင်းခံရာ၊ နောက်ဆုံး၌ သူ၏ရည်ရွယ်ချက် ထမြောက်အောင်မြင်၍ ကမ္ဘာသစ် အမေရိကတိုက်ကို ရှာဖွေတွေ့ရှိခဲ့လေသည်။

ဆက်ရန်

စာရေးသူ(အမည်မသိ)နှင့်အန်ထော်နီဆရာစိန်။

 

မေလ.. ၁၉၆၄။ 

ဆောင်းပါးများ