တနေ့သ၌ သင်္ဘောကပ္ပတိန် တဦးက အခန်းစောင့်လူကလေးအား သင်သည် အမြင့်သို့တက်နိုင်ပါသလောဟုမေးရာ၊ လူကလေးက၊ တက်နိုင်ပါသည်။ ကျွန်တော်တို့ရွာတွင် ကျွန်တော်မတက်နိုင်သော သစ်ပင်ဟူ၍ မရှိပါဟုဖြေဆိုလေသော်၊ သင်္ဘောမာလိန်မှူးသည် သူ့အားရွက်တိုင်ထိပ်သို့ တက်ရန်ပြောဆိုလေသည်။ လူကလေးသည်ချက်ချင်းရွက်တိုင်တလျှောက် ရှဥ့်ကလေးသဘွယ် ကျင်လည်စွာ တက်လေသည်။ ရွက်တိုင်ထိပ်ဖျားသို့ရောက်၍ အောက်သို့ငုံ့ကြည်ရာ သင်္ဘောမှာ ကြောက်မက်ဘွယ် ယိမ်းထိုးနေသဖြင့် လူကလေးသည်ထိတ်လန့်မူးဝေလာလေသည်။ သင်္ဘောသူကြီးသည် လူကလေးထိတ်လန့်နေကြောင်းသိမြင်လျှင်၊ လူကလေးအားအောက်သို့ငုံ့မကြည့်နှင့်၊ အထက်သို့မော့ကြည့်ဟုအော်ဟစ်ပြောဆိုလေသည်။ လူကလေးသည် အမိန့်အတိုင်း အထက်သို့မော့ကြည်ရာ မူးဝေခြင်းလည်းပျောက်၍ အကြောက်တရားလည်းပြေသွားလေသည်။ ထိုနည်းတူ လူငယ်တဦးသည်ခက်ခဲသောလုပ်ငန်း၌ အတားအဆီးများနှင့်တွေ့ကြုံလာလျှင် အောက်သို့ငုံ့မကြည့်ဘဲ၊ အထက်မိမိရည်မှန်းချက်ကို မော့ကြည့်ရမည်။ ဤနည်းဖြင့် သူသည် သူ၏လုပ်ငန်းကို ဆက်လက်ဆောင်ရွက်နိုင်၍၊ ရည်ရွယ်ချက်ပန်းတိုင်သို့ ရောက်လိမ့်မည်။ အဝေး၌ထားရှိသောစက်ကွင်းကို မြှားဖြင့် ထိမှန်အောင်ပစ်လိုသောသူသည် မြင့်မြင့်ချိန်ရသကဲ့သို့ ကောင်းမွန်သောစိတ်ပြဌါန်းမှု ခိုင်မာလိုသောလူငယ်သည် အလယ်အလတ်ခရီး၌သာ ရပ်တန့်ဆိုင်းငံ့မနေပဲ၊ မြင့်မြတ်သော အထက်တန်းရည်ရွယ်ချက်သို့ မိမိကိုယ်ကို ပို့ဆောင်ပေးရမည်။ သူသည် ၎င်း၏ရည်မှန်းချက်အားလုံး အပြည့်အစုံမရနိုင်စေကာမူ၊ မြင့်မြင့်ကြံရွယ်မှန်းထားခြင်းသည် သူ့အားအမြင့်ဆုံးပန်းတိုင်နှင့် နီးနိုင်သမျှနီးအောင် ပို့ဆောင်ပေးလိမ့်မည်။ ရည်မှန်းချက်သည် အလင်းရောင်နှင့် အရာမျှသော စက်မှုလုပ်ငန်းများအတွက် ဓာတ်အားပေးရာ ဓာတ်စက်ရုံကြီးနှင့်တူ၏။ ၎င်းသည် လူအားချမှတ်ထားသော လုပ်ငန်းစဉ် လုပ်ကိုင်ရန်အတွက် လှုပ်ရှားမှုအားသတ္တိကိုပေးလေသည်။ အကြောင်းမှာ လူ၌ သူ၏စိတ်ပြဌါန်းချက်ကို လှုပ်ရှားပေးနိုင်အောင် အားသတ္တိရှိသော ရည်မှန်းချက် မရှိခဲ့လျှင် မည်သည်ကိုမျှ ထမြောက်ပြီးစီးအောင် လုပ်ကိုင်နိုင်မည်မဟုတ်ချေ။ ရည်မှန်းချက်ရှိသူသည် ထိုရည်မှန်းချက်သို့ရောက်ရန် အမြဲတမ်းကြိုးစား၏။ သူ၏ရည်ရွယ်ချက်နှင့် စိတ်ဝင်စားခြင်းသည် သူ၏တသက်တာလုံး အာသာဆန္ဒတခုဖြစ်လေသည်။ ထိုသို့သော ရည်မှန်းချက်မျိုးမှကင်းသော အသက်ရှင်မှုသည် ခြောက်သွေ့ထိုင်းမှိုင်း၍၊ ရည်မှန်းချက်မဲ့သော အလုပ်တခုနှင့်သာ တူပေသည်။ စိတ်ပြဌါန်းမှုကို လှုပ်ရှားစေသော နည်းအမျိုးမျိုးရှိ၏။
(၁) များစွာသောလူများသည် ငွေကြေးဆုလာဘ်များ၏ ဆွဲဆောင်ခြင်းကိုခံရ၏။ ၎င်းနည်းကားအကျိုးအမြတ်ကို ရလိုသော နည်းဖြစ်၏။
(၂) အထူးသဖြင့်လူငယ်များသည် ကစားခုန်စားမှုများ၏ ဆွဲဆောင်ခြင်းကို ခံရ၏။ သူသည်အလုပ်လုပ်ကိုင်ရာ၌ ကစားခုန်စားမှုတမျိုးကဲ့သို့ ရှေ့ရှုပြုခဲ့လျှင် အလုပ်ကိုပိုလွန်သောဝိရိယဖြင့် လုပ်ကိုင်လိမ့်မည်။
(၃) အချို့သူများအထူးသဖြင့် အနုပညာပန်းချီ၊ ပန်းပုဆရာများ၊ သဘင်သည်များ၌ထင်ပေါ်လိုသော ဆန္ဒ၏ ဆွဲဆောင်မှုကိုခံရ၏။
(၄) မျိုးချစ် ပုဂ္ဂိုလ်များသည်အထူးသဖြင့် စစ်မက်အချိန်ကာလတွင် မိမိတိုင်းပြည်ကို ချစ်ခင်သောစိတ်၏ ဆွဲဆောင်မှုကို ခံရ၏။
(၅) ကျွမ်းကျင်သော အလုပ်သမားပညာသည်များမှာမူ အလုပ်အကိုင်ကိုစွဲလမ်း နှစ်သက်မှုသည် သူတို့၏စိတ်ပြဌါန်းချက်ကို လှုပ်ရှားစေသည်။
(၆) အများဆုံးသောသူများကား အိမ်ယာထူထောင်လိုခြင်းသည် သူတို့၏ စိတ်ပြဌါန်းခြင်းကို ဆွဲဆောင်လှုပ်ရှားစေသည်။
(၇) ကောင်းသော ကိုယ်ကျင့်သိက္ခာကို ဆည်းပူးတည်ဆောက်လိုသူများ၏ စိတ်ပြဌါန်းချက်ကို ဆွဲဆောင်လှုပ်ရှားစေသော အရာမှာ တာဝန်ကိုထမ်းရွက်လိုခြင်းနှင့် မှန်ရာကိုလုပ်ကိုင်လိုခြင်းဖြစ်၏။
(၈) လူမျိုးအတွက် အကောင်းဆုံးနှင့်အရေးကြီးဆုံးသော ဆွဲဆောင်မှုကား မြတ်စွာဘုရားသခင် နှစ်သက်အောင် လုပ်လိုသော အာသီသဆန္ဒပင်ဖြစ်သည်။ လူအားရည်မှန်းချက်သို့ပို့ဆောင်ပေးသော အရာမှာ သူ့အတွက် ထိုရည်မှန်း၏ အဘိုးတန်မှုက ဆွဲဆောင်သောညို့ဓာတ်ပင်ဖြစ်၏။ စိတ်ပြဌါန်းချက်ကို လှုပ်ရှားပေးသော အရာကား ရည်မှန်းချက်၏ တန်ဘိုးပင်ဖြစ်၏။ ထို့ကြောင့် ဝတ္ထုတစုံတခု ပေါ်၌ လူ၏နှစ်သက်စွဲလမ်းမှု၊ တန်ဘိုးထားမှု အနည်းအများ၊ အားအကြီးအသေးကိုလိုက်၍ ထိုသူခံစားရသောညို့ဓာတ်၏ အားအနည်းအများ ဖြစ်ပေါ်လာလေသည်။ အရာတစုံတခုသည် ကောင်းသောအရာဖြစ်ကြောင်းပို၍သိမြင်လေ၊ ထိုအရာပေါ်၌ စွဲလမ်းမှုပြင်းထန်လေဖြစ်၏။ သို့ဖြစ်၍ ရည်မှန်းချက်ကို တန်ဘိုးထားခြင်းသည် စိတ်ပြဌါန်းချက်ကို လှုပ်ရှားစေမည်ဖြစ်သည်။ ဤတန်ဘိုးထားခြင်းကို သက်ဝင်လှုပ်ရှားစေရန် လူသည် အရာတစုံတခုကို မနှစ်သက်သောဘက်နှင့်၊ အနစ်နာခံမည့်ဘက် ကသာမကြည့်ပဲ၊ ၎င်းကို ဆောင်ရွက်အောင်မြင်သောအခါ ရရှိမည့်အကျိုးကျေးဇူးကိုလည်း တန်ဘိုးထားတွက်ချက်ကြည့်ရှုတတ်ရမည်။ ဥပမာ တက္ကသိုလ်ဝင် စာမေးပွဲကိုဝင်ရောက်ဖြေဆိုလိုသော ကျောင်းသားတဦးသည် စာကျက်ရမည့်ဒုက္ခများနှင့် ရုပ်ရှင်နှင့်အပျော်အပါး၌ ချုပ်တည်းနေရမည့်ဒုက္ခများကို မကြည့်ရှုရာ၊ ထိုကဲ့သို့ကြည့်ရှုခဲ့ပါလျှင် စာပေကို ဆက်လက်ဆည်းပူး လိုမည်မဟုတ်ပေ။ သူသည် ထိုအချက်များကိုစဉ်းစားမည့် အစား၊ စာမေးပွဲအောင်မြင်သည့်အခါ ရရှိမည့်အကျိုးများကို မြှော်မှန်းကြည့်ရှုသင့်ပေသည်။ ဤနည်းဖြင့်သူသည် သူ၏ အလုပ်တာဝန်ကို ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်သည်။
ထိုသို့ဖြစ်လျှင်စိတ်ပြဌါန်းချက်ကို ဆွဲဆောင်လှုပ်ရှားသော အရာအစစ်အမှန်ကားအဘယ်နည်း။ ၎င်းမှာ အများအားဖြင့် စိတ်ပြဌါန်းမှုကို မှန်ကန်သောအချိန်တွင် မှန်ကန်သောရည်မှန်းချက် အကြောင်းရင်းများကို ဘော်ပြပေးခြင်းဖြစ်လေသည်။ သို့ရာတွင် ဤလုပ်ငန်းအောင်မြင်ရန်မှာ ရည်မှန်းချက်အကြောင်းရင်းသည် ရှည်ကြာ၍ အမြဲတမ်း အစဉ်ထာဝရတန်ဘိုးရှိမည်။
ဆက်ရန်…
စာရေးသူ(အမည်မသိ)နှင့်အန်ထော်နီဆရာစိန်။
မေလ.. ၁၉၆၄။