Untitled Document
Untitled Document
Untitled Document
ဆောင်းပါး
#ကိုယ်ကျင့်သိက္ခာ.. #အခန်း(၇)စတုတ္ထပိုင်း ၅။ ကောင်းသောကိုယ်ကျင့်ကို ဆည်းပူးရန်ဖြစ်နိုင်ခြင်း။

 

များစွာသောလူငယ်များသည် ပဌမအကြိမ် ကြိုးစားအားထုတ်မှု မအောင်မမြင် ဖြစ်ကြသောအခါ၊ စိတ်ပျက်လက်လျှော့ကာ နောက်ထပ်ကြိုးစားလိုစိတ်မရှိ ဖြစ်တတ်ကြသည်။ ဤသူများသည် မြစ်ရေကြော၌ မျောပါနေသော သစ်သီးခွံပမာ အနည်းငယ်မျှသော အခက်အခဲအတားအဆီးကလေးကိုမျှ တွန်းလှန်ခြင်း မပြုနိုင်ကြဘဲ၊ ၎င်းတို့ကိုယ်ကို နိမ့်တုံမြင့်တုံလွင့်ပါး မျောပါစေကြလေသည်။ အဆိုးဘက်ကိုသာ ကြည့်တတ်သူများ၊ ကိုယ့်ကိုယ်ကို မယုံကြည် အားမကိုးလိုသူများ၊ ကောင်းသောပါရမီ များကိုဆောက်တည်ရန် မဖြစ်နိုင်ဟုထင်မှတ်သူအားလုံးတို့အား၊ မည်သူမဆို ကောင်းသောကိုယ်ကျင့်သိက္ခာကို ဆည်းပူးတည်ဆောက်နိုင်ကြောင်း ထင်ရှားပြရန်လိုပေသည်။ လူငယ်တိုင်း၌ပင် ပျော့ညံ့အားနည်းမှု၊ ချို့ယွင်းမှုနှင့်ပင်ကိုယ်သဘာဝ၏ ဆန့်ကျင်တိုက်ခိုက်မှုများရှိသော်လည်း ကောင်းသောကိုယ်ကျင့်တရားကို ပုံသွင်းပေးနိုင်လေသည်။ ၎င်းတို့သည် ပန်းချီပန်းပုဆရာများအလိုရှိသလို ပုံးသွင်းနိုင်သော ဖယောင်းများနှင့် သဏ္ဍာန်တူ၏။ ထို့ကြောင့် အထူးသဖြင့်ငယ်ရွယ်စဉ်က ၎င်းတို့၏ပင်ကိုယ် ကိလေသာများ၊ ၎င်းတို့၏စိတ်ဓာတ်အသိဉာဏ်များကို ကောင်းသောပန်းပုဆရာ၏ ဇွဲလုံ့လ၊ စိတ်ရှည်ခြင်းမျိုးများနှင့် ပဲ့ပြင်သွန် သင်ပေးရမည်။ ဤအရာများသည် ဖယောင်းပမာ လူငယ်၏ လုပ်ကိုင်မှုအလိုက် ပုံသဏ္ဍာန် အသွင်ကို ဖြစ်ပေါ်စေသည်။ လူငယ်တဦးအား ဆရာဝန်ဖြစ်လိမ့်မည်၊ ပညာရှိသုခမိန်တယောက် ဖြစ်လိမ့်မည်ဟု အဆုံးအဖြတ် မပေးနိုင်၊ အကြောင်းမှာ သူ၏ဖြစ်စဉ်သည် သူ၏အမျိုးမျိုးသော အခြေအနေများကို အမှီပြုလျက်ရှိလေသည်။ သို့သော် လူငယ်အား ကောင်းသောကိုယ်ကျင့်သိက္ခာကို ဆည်းပူးတည်ဆောက်ရန် ဝတ္တရားရှိကြောင်း၊ ၎င်းကိုလုပ်ကိုင်ရန်လည်း ဖြစ်နိုင်ကြောင်းပြောပြနိုင်လေသည်။ အနည်းငယ်သောလူများသာ တိုင်းနိုင်ငံများကိုသိမ်းပိုက် အောင်မြင်နိုင်ကြသော်လည်း၊ လူတိုင်းလူတိုင်းမိမိ စိတ်အလိုကို အေင်မြင်နိုင်ကြပေသည်။ ဤဒုတိယအောင်မြင်ခြင်းမျိုးကား တိုင်းနိုင်ငံများကို သိမ်းပိုက်အောင်မြင်ခြင်းထက် သာလွန်အဘိုးတန် မြင့်မြတ်သော အောင်မြင်ခြင်းဖြစ်၏။ ကိုယ်ကျင့်သိက္ခာဆိုသည်မှာ အဘိုးတန်ရတနာဖြစ်သည်။ သို့သော်ထိုရတနာမှာ မိမိကံအားလျော်စွာဖြစ်စေ၊ ဘိုးဘေးများထံမှ အမွှေခံယူ၍ဖြစ်စေ ရနိုင်ကောင်းသောပစ္စည်းမဟုတ်၊ ကြာမြင့်စွာ ကိုယ်တိုင်ကြိုးစားအားထုတ်ခြင်း၊ ပင်ပန်းခဲယဉ်းစွာ လေ့ကျင့်ခြင်း၊ ယောက်ျားကောင်းပီသစွာ အန္တရာယ်ကို တွန်းလှန်ခြင်း၊ ရဲရင့်ခြင်းများဖြင့်သာ ရရှိအပ်သော အကျိုးအသီးဖြစ်ချေသည်။

 

ဘိုနာရောတီး (Michelangelo di Lodovico Buonarroti Simon, 1475-1564) အမည်ရှိထင်ရှားကျော်စောသော အီတာလျံ ရုပ်ထုဆရာ ပန်းပုပညာရှင်တဦးသည် ဖလောရင့်စ် မြို့ လမ်းမတခု၌ လမ်းလျောက်လျက်ရှိစဉ်၊ လမ်းဘေး၌ကျောက်ဖြူတုံးတခုကိုတွေ့ရှိ၏။ ၎င်းကျောက်ဖြူတုံးမှာ ကာရာရာ (Carrara) ခေါ် အမျိုးအစားကောင်း ဖြစ်သော်လည်း၊ ကျောက်ဆစ်သမား၏ မကျွမ်းကျင်မှုကြောင့်၊ ရုပ်ထုတခုအဖြစ်သို့မရောက်ရှိပဲ ပျက်စီးကာစွန့်ပစ်ထားသော ကျောက်ဖြူတုံးဖြစ်ကြောင်းတွေ့ရ၏။ မိုက်ကယ်အန်ဂျေလို ဘိုနာရော့တီးသည် ၎င်းကိုသေချာစွာ ကြည့်ရှုစစ်ဆေးပြီးနောက်၊ အလုပ်သမားများအားသူ၏ အလုပ်ရုံသို့ယူဆောင်ခဲ့ရန် အမိန့်ပေးလေသည်။ သူသည်ထိုစွန့်ပစ်ထားသော ကျောက်ဖြူတုံးမှ သူ၏လက်ရာများတွင် စံပြလက်ရာတခုဖြစ်သော ဒါဝိ၏ပုံကို ကောင်းစွာထုလုပ်ခဲ့လေသည်။

 

နောက်အချိန်အတန်ကြာသောအခါ ရေကြောင်း ဗိုလ်တဦးသည် သူ၏အလုပ်ရုံကိုလာရောက်၍၊ ရုပ်ထုများကို နှစ်သက်ချီးမွမ်းစိတ်ဖြင့် ကြည့်ပြီးလျှင် ခင်ဗျားသည် ခင်ဗျား၏ နာမည်ထင်ရှားကျော်ဇောကာ ဥဒါန်းတွင်စေရန် စူးဆောက်တို့ဖြင့် ကျောက်တုံးများကို အဘယ်သို့ထုလုပ်ပါသနည်းဟု မေးမြန်းလေသည်။ ထိုအခါ ပန်းပုပညာရှင်ကြီးက အရာခပ်သိမ်းမှာ ကျောက်တုံးထဲ၌ပါရှိပြီးဖြစ်ပါ၏။ ၎င်းကိုထုတ်ဖော် ဆွဲယူတတ်ရန်သာ ဖြစ်ပါသည်ဟုဆိုလေသည်။ လူငယ်များကိုလည်း ထို့အတူပြောဆိုနိုင်လေသည်။ သင်တို့သည် သင်တို့၏ကိုယ်၌ အပြစ်အနာ၊ ချို့ယွင်းချက်များ တွေ့ရသော်လည်း စိတ်ပျက်လက်လျော့ခြင်း မပြုပါနှင့်၊ စွန့်ပစ်ထားသော ကျောက်တုံးမှလည်း စံပြပစ္စည်းများ ထုလုပ်နိုင်ပါသည်။ စူးဆောက်များကိုယူ၍ မထောက်မညှာနာနာထွင်းထုပါ။ ခြိုးခြံခြင်း၊ မိမိကိုယ်ကို အနစ်နာခံခြင်းများ၊ ဘုရားသခင်၏ ကူညီစောင်မခြင်း တည်းဟူသော တူချက်ပေချက်များဖြင့် ထွင်းထုပါလျှင် ပုံသဏ္ဍာန်မဲ့သော သင်၏ကိုယ်ကျင့်သည် လှပသော ရုပ်ပုံအသွင်သို့ တဖြည်းဖြည်း ပြောင်းလဲလာပါလိမ့်မည်။

 

ဥပဒေသကထာ။
၁။ ခိုင်မြဲသော ကိုယ်ကျင့်တရားနှင့်ကင်း၍ မည်သည့်ကြီးမားသောအရာ တစုံတခုမျှပြီးမြောက်အောင် မပြုနိုင်။
၂။ ကောင်းမှုကို မလွတ်တမ်းပြုကြအံ့၊ အားလျှော့စိတ်ပျက်ခြင်းကင်းလျှင် အချိန်စေ့ရောက်သောအခါ ငါတို့ရိတ်သိမ်းကြရမည်။
၃။ ခွေးဟောင်၍တောင်ပို့မကြေ။
၄။ နေ့စဉ်အနစ်နာခံမှုအနည်းငယ်မျှကိုသာ ကောင်းစွာနှလုံးသွင်းကျင့်သုံးပါလျှင်၊ ကောင်းသောကိုယ်ကျင့်သိက္ခာကို တဖြည်းဖြည်း ဆောက်တည်ရန်လုံလောက်ပါသည်။
၅။ လူသန်းပေါင်းများစွာ စိတ်ပျက်လက်လျော့သွားသော နေရာမှာသင်၏အလုပ်ကိုစပါ။
၆။ ယဉ်ကျေးမှုနှင့်တိုးတက်မှုလောကတွင် ကောင်းသောအလုပ်သမားများအတွက်နေရာရှိပါသေးသည်။ အကောင်းဆုံးသောနေရာကိုမည်သူမျှမယူသေးပါ။
၇။ ကောင်းသောကိုယ်ကျင့်သိက္ခာသည် အခြားသော ကျောက်တုံးများကို ခြစ်ဖဲ့နိုင်စွမ်းသော စိန်ကျောက်နှင့်တူသည်။
၈။ ဂျုံစပါးစေ့သည် မြေ၌ကျ၍မပျက်သည်ရှိသော် တလုံးတည်းရှိ၏။ သေလျှင်မူကား များစွာသောအသီးကိုဖြစ်စေ၏။
၉။ လုပ်ရမည်ဆိုသောစကားသည် မာသောအသီးနှင့်တူ၏။ သို့သော် ၎င်း၌ချိုဆိမ့်သောအဆံရှိ၏။
၁၀။ အနာခံမှ အသာစံရမည်။
၁၁။ သုခလိုလျှင် ဒုက္ခကို အရင်းတည်ရမည်။
၁၂။ ကိုယ်ကျင့်သိက္ခာကောင်း၏ ပဌမအမှတ်လက္ခဏာသည် သူ၏ တာဝန်ကို ဆောင်ရွက်ရာ၌ အနစ်နာခံနိုင်ခြင်း သဘောတရားဖြစ်သည်။
၁၃။ ဘုရားသခင်ကိုဆုတောင်းပါ၊ သို့သော် လှေကိုလည်းကမ်းသို့လှော်ပါ။
၁၄။ ခရီးမိုင်ထောင်ပေါင်းများစွာသည် ခြေတလှမ်းဖြင့်သာစခဲ့သည်။
၁၅။ ကောင်းသောအစပြုခြင်းသည် တိုက်ပွဲ၌ တဝက်အောင်မြင်ပြီးဖြစ်သည်။

မေးခွန်းများ။
၁။ ဒီအော်ဂျီနက်သည် ကျွန်ုပ်တို့အားအဘယ်အရာကိုဘော်ပြလို၍ ထိုသို့ပြုသနည်း။ အသီလီအူးစ်ရယ်ဂူလိုးစ်၏ အကြောင်းအရာကိုရေး၍၊ သူသည် ကျွန်ုပ်တို့အား အဘယ်သင်ခန်းစာကိုသင်ပြကြောင်းဘော်ပြပါ။
၂။ ကိုယ်ကျင့်စိတ်ဓာတ် ဘယ်နှစ်မျိုးကိုသင်သိသနည်း။ ကိုယ်ကျင့်သိက္ခာ ဆောက်တည်ခြင်းဆိုသည် အဘယ်ကို ဆိုလိုသနည်း။
၃။ လူတဦးစီတိုင်းအတွက် ကောင်းသောကိုယ်ကျင့်စိတ်ဓာတ်၏ အကျိုးကျေးဇူးများကိုဘော်ပြပါ။ အိမ်ထောင်စုများ၊ စာသင်ကျောင်းများ၊ အလုပ်ဌါနများနှင့်၊ တိုင်းနိုင်ငံများအတွက်ကောင်းသော ကိုယ်ကျင့်စိတ်ဓာတ်၏ အကျိုးကျေးဇူးများကား အဘယ်နည်း။
၄။ အနစ်နာခံခြင်းသည် အဘယ်နည်း အားဖြင့်ကောင်းကိုယ်ကျင့် စိတ်ဓာတ်၏ အရင်းမူလဖြစ်သနည်း။ ပီဇာရို၏ အကြောင်းသည် သင့်အား အဘယ်အရာကို သင်ပြသနည်း။
၅။ လူငယ်များတွင် အပြစ်အနာချို့ယွင်းချက်များ ရှိလျက်၊ ကောင်းသောကိုယ်ကျင့်သိက္ခာ ဆောက်တည်ရန် ဖြစ်နိုင်ပါသလော။

အခန်း()ပြီးပါပြီ။
ဆက်ရန်
စာရေးသူ(အမည်မသိ)နှင့်အန်ထော်နီဆရာစိန်။
မေလ.. ၁၉၆၄။ 

ဆောင်းပါးများ