ရဟန္တာ အရှင်သူမြတ် ပုပ်ရဟန်းမင်းကြီး ဒုတိယမြောက် ဂျွန်ပေါလ် ၏ ထူးခြားသော အရည်အသွေးသုံးခု
ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါ ၂ သည် ကက်သလစ်သာသနာအတွင်းသာ မကဘဲ ကမ္ဘာ့နိုင်ငံ တော်တော်များများတွင်လည်း လွမ်းမိုးနိုင်စွမ်းအား မြင့်လှသည်။ ညီအကို ဂိုဏ်းကွဲအသင်းတော်များ၌လည်းကောင်း၊ အခြားသော ဘာသာကြီးခေါင်းဆောင်များ၌လည်းကောင်း သူ၏ ရိုးစင်းမှု၊ ရိုးသားမှု၊ တည်ကြည်ခိုင်မာမှု နှင့် ချစ်ခြင်းကြီးမားမှုသည် အလွန်ပင်လွမ်းမိုးမှု ရှိကြောင်း ဝန်ခံကြသည်။
အရှင်သူမြတ် ပျံလွန်တော်မူသွားသောအခါတွင် ဗာတီကန်၌ နိုင်ငံအရပ်ရပ်က ဘာသာရေး ခေါင်းဆောင်များ၏ ဝမ်းနည်းမှု သဝဏ်လွှာများ အဖြိုင်ဖြိုင် ရောက်ရှိလာခဲ့သည်။
ကက်သလစ်သာသနာအတွင်းရှိ ကာဒီနယ်များ၊ ဆရာတော်များ၊ ဘုန်းတော်ကြီးများ နှင့် ဘာဝင်များသည်လည်း နှမြောတသ ယူကျုံးမရဖြစ်ခဲ့ရသည်။ ဝမ်းနည်းကြေကွဲခဲ့ရသည်။ ပူဆွေးခဲ့ရသည်။ ပုပ်ရဟန်းမင်းကြီးကိုလည်း ကြီးမြတ်သော ပုဂ္ဂိုလ် “The Great” ဟု အမည်နာမ တပ်ခေါ်ခဲ့ကြသည်။
ဤကဲ့သို့ ကြီးမြတ်သော ပုဂ္ဂိုလ်မှာ မရေမတွက်နိုင်သော အရည်အချင်း ရှိမည်ကိုတော့ သံသယဖြစ်စရာမလိုတော့ပေ။ သို့သော် အဓိက ၃ ချက်ကို ထုတ်ဖေါ်ပြောရလျှင်…….
၁။ နှိမ့်ချခြင်း။
ပုပ်ရဟန်းမင်းကြီး ဒုတိယမြောက် ဂျွန်ပေါလ်သည် အလွန်နိမ့်ချသူဖြစ်သည်။ သူသည် ကမ္ဘာတစ်ဝှမ်းရှိ ကက်သလစ်ဘာသာသူများကို အုပ်ချူပ်နေရပြီး အာဏာအပြည့်အဝရှိသော်လည်း အစေခံတစ်ယောက်ကဲ့သို့ နိမ့်ချစွာနေထိုင်ခဲ့သည်။ ဂုဏ်ဒြပ်၊ သြဇာအာဏာ ဟူသည် မက်မော၍ ကောင်းသောအရာဟု ပင်မခံယူခဲ့ပါ။
ဘုန်းတော်ကြီး ဖြစ်စကတည်း စိန့်ဂျွန်မေရီဗီယာနေ ပြုကျင့်လေ့ရှိသော မိမိအစေခံနေသော လူများလျှောက်နင်းခဲ့သော မြေကြီးကို နမ်းသည့်အကျင့်ကို ပုပ်ဂျွန်ပေါ ၂ ကလည်း မွေးမြူခဲ့သည်။ သူတာဝန်ကျသော လူမသိရှင်မသိ မထင်ရှားသော တောရွာလေးဖြစ်သော ကာပါတီယန်း တောင်ကုန်း တိုက်နယ်လေးသို့ ပထမဆုံး ရောက်ခဲ့စဉ်အခါလည်း ထိုကဲ့သို့ မြေကြီးကို နမ်းခဲ့လေသည်။ ဤနိမ့်ချသော အပြုအမူလေးကို သူသည် ပုပ်ရဟန်းမင်းကြီးအဖြစ် တာဝန်ထမ်းဆောင်ချိန်၌ သွားရောက်သည့်နေရာတိုင်းတွင် ပြုခဲ့လေသည်။ သူသည် ခရစ်တော်သခင် မိန့်မှာခဲ့သော အကြီးဆုံးဖြစ်လိုလျှင် အားလုံးတို့၏ အစေခံဖြစ်ရမည်ဟူသော ခရစ်တော်၏စကားတော်နှင့် ပြည့်စုံနေသူဖြစ်သည်။
ရယ်စရာအဖြစ်အပျက်ပြောရမည်လော ရိုးရှင်းသော အဖြစ်အပျက်ပြောရမည်လော အကြောင်းအရာတစ်ခု ရှိသည်။ စိန့်ဂျိုးဇက် စစ္စတာတစ်ပါး၏ ကိုယ်တွေ့လည်းဖြစ်သည်။ တစ်ရက်သော် ပုပ်ဂျွန်ပေါလ်က သူမတို့၏ ကျောင်းတွင် မနက်စာလာစားသည်။ ပုပ်ရဟန်းမင်းကြီးသည် ပန်းကန်ထဲရှိ ပေါင်မုန့် နှင့် ကြက်ဥကို တဖြည်းဖြည်းနှင့် ကုန်အောင်စားပစ်သည်။ သေးသေးမွှားမွှား အပိုင်းအစ၊ ဇွန်းခက်ရင်းများဖြင့်ပင် ခပ်ယူလို့မရသော မုန့်အပိုင်းအစများကို တစ်စမကျန်အောင် ကောင်ယူစားသောက်နေသည်ကို တွေ့ရသည်။ ရုတ်တရက် ကြည့်လိုက်လျှင် ပန်းကန်ပင် ဆေးပြီးသား ဟု ထင်မှတ်ရသည်။ ထိုသို့စားသောက်ပြီးနောက်တွင်လည်း မိမိပန်းကန် မိမိဆေးရန် ချက်ချင်း ထသွားသည်။ မဆေးပါနှင့်ဟု သူမတားမြစ်သံကို နားမထောင်နေတော့ဟု ဆိုသည်။ ဤသည်မှာ သေးငယ်သော အပြုအမူလေးတစ်ခုဖြစ်သော်လည်း ကြီးမြတ်သောအမှုဖြစ်သည်ဟု ဆိုနိုင်လေသည်။ ဤကဲ့သို့ ကမ္ဘာကျော် အထင်ကရ ပုဂ္ဂိုလ်တစ်ဦးက ဤကဲ့သို့ အပြုအမူလေးသည် ကြီးမြတ်သည်ဟု မဆိုနိုင်သလော။
၂။ ရိုးစင်းမှု။
ပုပ်သည် အလွန်ရိုးစင်းလှသော ခေါင်းဆောင်တစ်ဦးလည်းဖြစ်သည်။ ပုပ်ရဟန်းမင်းကြီး မဖြစ်ခင် ဘုန်းတော်ကြီးဘဝ၌တွင်ပင် သူ၏ ရိုးစင်းမှုသည် ဟိုးလေးတကြော်ဖြစ်နေခဲ့ပြီဖြစ်သည်။ တစ်ခါသော် စစ္စတာရ်တစ်ပါးမှ ပုပ်ရဟန်းမင်းကြီး၏ ဆောင်းရာသီ၌ ပါးလျသော အိင်္ကျီဝတ်ထားသည်ကို မြင်သဖြင့် သူ့အတွက် ဆွယ်တာ အပေါ်အင်္ကျီ လှလှတစ်ထည် ထိုးပေးခဲ့သည်။ သို့သော် တစ်ပတ်မကြာလိုက်ပါ။ ထိုဝတ်စုံကို ဆင်းရဲသားတစ်ဦး၏ ကိုယ်ပေါ်မှာတွေ့ကြောင်း ထိုစစ္စတာရ်က ညဉ်းညူခဲ့သေးသည်။
ပုပ်ရဟန်းမင်းကြီးသည် အဝတ်အသစ်ကို ဘယ်တော့မှ မဝတ်ကြောင်း၊ ဝတ်လျှင်လည်း ကြာကြာမဝတ်ကြောင်း ဆင်းရဲသားများတွက်ပဲဖြစ်သွားကြောင်း စစ္စတာရ်များ၏ အခက်တွေ့ပုံကိုလည်း ကြားသိရသည်။ မိမိ၏ ဘုန်းတော်ကြီးဘဝအဖြစ်၌သော်လည်ကောင်း ကျူရှင်ဆရာအဖြစ်၌သော်လည်ကောင်း ဆောင်ရွက်နေချိန်တွင် ပုပ်ရဟန်းမင်းကြီးသည် မိမိရသော လခကို မယူဘဲ ပိုက်ဆံချို့တဲ့သော၊ ကျူရှင်ခ မပေးနိုင်သော ကျောင်းသားများကို ပုံမှန်ပေးအပ်ကြောင်း ကျောင်းသားအချို့၏ သက်သေခံချက်များအားဖြင့် သော်လည်းကောင်း ပုပ်ရဟန်းမင်းကြီး၏ ရိုးစင်းမှုကို ထင်းထင်းကြီးမြင်နေရသည်။
၃။ သန့်ရှင်းမြင့်မြတ်ခြင်း။
ပုပ်ရဟန်းမင်းကြီး၏ သန့်ရှင်းမှုသည် အခြားသူများအပေါ် အလွမ်းမိုးသော ပါရမီတွေထဲတွင် တစ်ခုဖြစ်သည်။ သူ၏ အသက်တာ တစ်လျှောက်လုံးတွင် သန့်ရှင်းခြင်းကို အထူးတလည် ကြိုးစားကျင့်ကြံခဲ့သည်။
သူသည် ရရှိသောအချိန်လေးများ၌ ကိုယ်တော်မြတ်ဖူးဆောင်ထဲတွင် အမြဲနေလေ့ရှိသည်။ ထိုင်တစ်ခါ မှောက်တစ်လှည့်ဖြင့် ကိုယ်တော်မြတ် စက္ကရမင်တူးရှေ့ မှောက်တွင် အချိန်ဖြုန်းနေသည်။ မယ်တော့်ကို အထူးအားကိုးသော ရဟန္တာတစ်ပါးဖြစ်ရာ စိပ်ပုတီးစိပ်ခြင်းကို မပျက်မကွက် ပြုလုပ်ခဲ့သည်။ နေ့စဉ်နေ့တိုင်း ကားတိုင်လှည့်ခြင်းကို ပြုလုပ်ခဲ့သည်။ အရေးပေါ် ခရီးသွားရမည့် အချိန်နှင့် ကြုံလျှင်လည်း လေယဉ်ပေါ်၌ မိမိ ဆုတောင်းမေတ္တာစာအုပ်ကို ထုတ်ကာ ကားတိုင်လှည့်ခြင်း၊ ပုတီးစိပ်ခြင်းများကို ပြုလုပ်ခဲ့သည်။ မိနစ်တိုင်း စက္ကန့်တိုင်း၌ ဘုရားသခင်နှင့် အတူပေါင်းစပ်နေသူတစ်ဦးသည် အဘယ်မှာ မသန့်ရှင်းဘဲ ရှိနိုင်အံ့နည်း။
ပုပ်ရဟန်းမင်းကြီးသည် ဘုရားကျောင်း၌ ဆုတောင်းသကဲ့သို့ အပြင်ထွက်ကာ ဆင်းရဲသားများနှင့်လည်း မကြာခဏတွေ့ဆုံသည်။ စကားစမြည်ပြောသည်။ အလာပ သလာပပြောသည်။ ဆင်းရဲသားများ၏ဘဝ အသော၊အမောတွေကို ဝေမျှသည်။ ထူးသဖြင့် ဆေးရုံသို့ မကြာခဏ သွားပြီး အားပေးစကားများဖြင့် အားပေးတတ်လေသည်။ သူတို့၏ ဒုက္ခများကို ဝေမျှသည်။ ဆုတောင်းပေးသည်။ ဤ နိမ့်ချခြင်း၊ ရိုးစင်းခြင်း နှင့် သန့်ရှင်းခြင်းတို့သည် ပုပ်ရဟန်းမင်းကြီး၏ ထူးခြားချက်များဖြစ်သည်။
ပုပ်ရဟန်းမင်းဂျွန်ပေါ် (၂) ၏ ကိုယ်ရေးအကျဉ်း။
မွေးဖွား - ကာရိုဂျိုဇက်ဝစ်သ်လာ(ပိုလန်နိုင်ငံ)
မွေးသက္ကရာ် - ၁၈ မေလ ၁၉၂၀
ရဟန်းသိက္ခာခံ -၁၉၄၆
အုမ်ဘီ၏ဆရာတော်ဖြစ်လာ-၁၉၅၈
ကာဒီနယ်ဖြစ်-၁၉၆၇(ပုပ်ပီဦး ၆ ၏လက်တော်မှ)
၁၉၇၈-ပထမဆုံး အီတလီလူမျိုး မဟုတ်သော ပုပ်ဖြစ်လာ (နှစ်ပေါင်း လေးရာကျော်မှ)
ပျံလွန်- ၂၀၀၅ အီတလီ
ရဟန္တာဖြစ်လာ- ဂျူလိုင်လ ၂၀၁၃
မှတ်ချက်.. ပုပ်ဂျွန်ပေါလ်သည် ၁၈၄၆မှ ၁၈၇၉ ခုနှစ်ထိ အစေခံခဲ့သော ပုပ် ပီဦး ၉ ပြီးနောက်လည်း ပုပ်ရဟန်းမင်းသက်တမ်း ဒုတိယ အရှည်ဆုံးဖြစ်သည်။ ပုပ်ဂျွန်ပေါသည် ၁၉၇၈ခုနှစ်မှ ၂၀၀၅ထိ နှစ်ပေါင်း ၂၇နှစ် ကြာ ဘုရားသခင်နှင့် သူ့လူမျိုးတော်အတွက် အစေခံခဲ့သည်။