အကျင့်စရိုက်များမှာ ခိုင်မြဲသော သို့မဟုတ် အားနည်းသော အကျင့်စရိုက်၊ ကောင်းသော သို့မဟုတ် ဆိုးသော အကျင့်စရိုက်ဟူ၍ရှိ၏။ ခိုင်မြဲသော အကျင့်စရိုက်ကား သဘောတရားများကို သန်မာစွာဆုပ်ကိုင်ထားရှိ၍ ၎င်းတို့ကိုကျင့်သုံးရာ၌ နှောင့်နှေးခြင်း၊ ကြောက်ရွံ့ခြင်းကင်းမဲ့လျက် မြဲစွဲသောသဘောရှိ၏။ ပျော့ညံ့အားနည်းသော အကျင့်စရိုက်ကား သဘောတရားများကိုဆုပ်ကိုင်ထားရှိခြင်း၌ ပျော့ညံ့၍ ၎င်းတို့ကို ကျင့်သုံးရာ၌နှောင့်နှေးခြင်း၊ ကြောက်ရွံ့ခြင်း၊ သံသယဒွိဟ ဖြစ်ခြင်းသဘောရှိ၏။ ကောင်းသောအကျင့်စရိုက်ရှိသူကား သူ၏သဘောတရားအားလုံးကောင်း၍ ၎င်းသဘောတရားများပေါ်မှာ မှန်ကန်စွာ ကျင့်သုံးပြုမူ၏။ ဆိုးသော အကျင့်စရိုက် ရှိသူမှာမူ မှားယွင်းဆိုးသွမ်းသော သဘောတရားများကို ကျင့်သုံးသူဖြစ်၏။ ကောင်းသောအကျင့်စရိုက်ရှိသူ သို့မဟုတ်ကောင်းသော ကိုယ်ကျင့်သိက္ခာရှိသူသည် စိတ်ပြဌါန်းခြင်းနှင့် ကောင်းမှုပြုခြင်းတို့၌ စွဲမြဲတည်တံ့ခြင်းရှိ၏။ သို့ဖြစ်၍ကောင်းသောကိုယ်ကျင့်သိက္ခာနှင့် ပြည့်ဝသူလူငယ်သည် သူ၏မွန်မြတ်သော သဘောတရားများကို ဘယ်အခါမှမစွန့်လွတ်။ ၎င်းတို့ကို လိုက်နာ ထိန်းသိမ်းခြင်း၌ ဒုက္ခအားလုံးကို ခံယူမည်သာဖြစ်သည်။ ထိုသို့ဖြစ်လျှင် ကောင်းသော ကိုယ်ကျင့်သိက္ခာ ဆောက်တည်ခြင်းအမှု၌ အဘယ်အရာများပါဝင်သနည်း။ ပဌမဦးမိမိကိုယ်ကို မွန်မြတ်သော ရည်ရွယ်ချက်၌ထားရှိခြင်း၊ ၎င်းနောက်ကောင်းသော သဘောတရားများကို သတ်မှတ်ခြင်း၊ မပြောင်းမလဲသောလေ့ကျင့်မှုအားဖြင့် ကောင်းသောအလေ့အထကို ဆည်းပူးခြင်း များပါဝင်၏။ အကြင်သူသည်ထိုသို့ ကိုယ်ကျင့်သိက္ခာကို တည်ဆောက်ခဲ့သည်ဖြစ်အံ့၊ ထိုဆောက်တည်အပ်သောသိက္ခာကို တသက်ပတ်လုံး စောင့်ထိန်းရန်အတွက် မည်သို့သော အခက်အခဲအတားအဆီးကိုမဆို ကြံ့ကြံ့ခံနိုင်စွမ်းရှိရမည်။ သို့ဖြစ်၍ထိုသို့သောသူသည် လူအားလေတိုက်ရာသို့ တိမ်းညွတ်သော ကျူပင်များကဲ့သို့ဖြစ်စေမည့် ပျော့ညံ့အားနည်းမှုဟူသမျှကို ဖျောက်ပယ် ရန်သင့်လေသည်။
ပဌမဝတ္တရားမှာ မိမိကိုယ်ကို မွန်မြတ်သော ရည်ရွယ်ချက်၌ထားရှိ၍၊ မှန်ကန်သော သဘောတရားများကိုသတ်မှတ်ရန်ဖြစ်၏။ ဘာသာတရားကသွန်သင်သော ယုံကြည်ရန် အချက်များနှင့် ပညတ်တော်များသည် မွန်မြတ်သောသဘောတရားများကို သတ်မှတ်ခြင်း၌ အထောက်အပံ့ ဖြစ်စေသည်။ သူသည်ဤသဘောတရားများကို မိဘများထံမှ ရရှိရုံနှင့် ရောင့်ရဲခြင်း မရှိပဲ၊ ၎င်းတို့အကြောင်းကို ကိုယ်တိုင်ဆည်းပူးလေ့လာလျက် နက်နက်နဲနဲသိမြင်နိုင်အောင် ကြိုးစားရအုံးမည်။ ဤသဘောတရားများကို နက်နက်နဲနဲသိမြင်ခြင်းသည် မိမိကိုယ်ကိုယ် မွန်မြတ်သော ရည်ရွယ်ချက်၌ တည်ရှိရေး အလို့ငှါ ပြုလုပ်ရန်ရှိသည်များကို လွယ်ကူစေလိမ့်မည်။ လူသည်နှစ်နည်းနှစ်လမ်းဖြင့် ပညာကိုဆည်းပူးရယူ၏။ သူသည်ပဌမ အိမ်နှင့်ကျောင်းတွင်ဆည်းပူး၍၊ ဒုတိယမှာပို၍ထိရောက်စွာ ကိုယ်တိုင်လုပ်ကိုင်ခြင်းဖြင့် ဆည်းပူးရယူခြင်းဖြစ်သည်။ ဤဆည်းပူးမှုတွင် ကောင်းမှုပြုခြင်းနှင့် မိမိကိုယ်ကို မွန်မြတ်သောရည်ရွယ်ချက်၌ တည်တံ့နိုင်စေခြင်းများအလို့ငှါ ကောင်းမြတ်သောအစီအစဉ်ကို လိုက်နာရန် စိတ်ပြဌါန်းဆုံးဖြတ်ချက်ပါဝင်လေသည်။ မြင့်မြတ်သော ရည်ရွယ်ချက်ကို ကြည်ညိုနှစ်သက်နေရုံနှင့်မလုံလောက်သေး၊ ၎င်းရည်ရွယ်ချက်နှင့်လျော်ညီအောင် တရက်ထက်တရက် လက်တွေ့ လိုက်နာကျင့်သုံးရန် လိုအပ်ပေသည်။
၃။ ကောင်းသောကိုယ်ကျင့်သိက္ခာကို တည်ဆောက်ရန် အရေးကြီးခြင်း။
လူသည် ကောင်းသော အကျင့်သိက္ခာနှင့် ပြည့်ဝရန် အလွန်အရေးကြီးလှ၏။ အကြောင်းမှာထိုကဲ့သို့သော သူသာလျှင်တသက်တာလုံး ဆင်ခြင်တုံတရား၊ အမှန်တရား၊ တာဝန်တို့နှင့်ညီလျော်စွာ မဖောက်မပြန်နေနိုင်၍၊ အတွင်းမှ၎င်း အပြင်မှ၎င်း တိုက်တွန်းသွေးဆောင်ဖြားယောင်းခြင်းတို့သို့ ယိမ်းညွတ်လျက် နိမ့်တုံမြင့်တုံရှိခြင်းမှ ကင်းလွှတ်လိမ့်မည်။ ထိုကဲ့သို့သောသူသည် နောက်ဆုံးသော သုခချမ်းသာသို့ ရောက်သောလမ်းကို အစဉ်တစိုက်လိုက်နာပေမည်။ ကောင်းသော အကျင့်သိက္ခာကင်းမဲ့သူမူကား သူ၏ဘဝအသက်ရှင်မှုနှင့် အနာဂတ်ပန်းတိုင်သည် မသေချာဘဲ၊ ကံတရားကို အမှီပြုလျက်ရှိလိမ့်မည်။ ကောင်းသောကိုယ်ကျင့်သိက္ခာသည် ဘဝအသက်ရှင်မှု၏ အထွေထွေ ထိန်းသိမ်းကွပ်ကဲမှုတွင် အထောက်အပံ့ဖြစ်စေ၏။ သဘောတရားကို မြဲမြံစွာဆုပ်ကိုင်ထားခြင်းသည် လူ့အားချို့ယွင်းမှုများ၊ မပြည့်ဝမှုများကိုသိမြင်စေ၍၊ ၎င်းတို့ကို အစောတလျင် အင်အားအစွမ်းဖြင့် ဖျောက်ပယ်ပြုပြင်ပေးလိမ့်မည်။ ၎င်းသည်ပျော့ညံ့အားနည်းမှုကြောင့် ဖြစ်ပေါ်လာသော အပြစ်အနာများကိုလည်း ရှင်းလင်းပပျောက်စေလိမ့်မည်။ ကောင်းသောအကျင့်သိက္ခာရှိသူသည် ချိန်းချက်ထားသည်များကို မတိမ်းမယိမ်း အလျင်အမြန် လိုက်နာ၍၊ ကတိသစ္စာကိုလည်း မှန်ကန်စွာစောင့်သိရိုသေ၏။ အလုပ်အကိုင်၌လည်း တိကျပြတ်သားသော ဆုံးဖြတ်ချက်ကိုပြု၍၊ ဆုံးဖြတ်ထားသည့်အတိုင်းလည်း ခိုင်မြဲစွာပြုလုပ်၏။ သူ၏အပြုအမူသည် အခြားသူများ၏မျက်မှောက်မှာသော်လည်းကောင်း၊ မျက်ကွယ်မှာသော်လည်းကောင်း၊ ထူးခြားကွဲပြားမည်မဟုတ်၊ ထပ်တူသာလျင်ပြုကျင့်၏။ အပေါင်းအသင်းမိတ်ဆွေများအား အန္တရာယ်လဲမပြု၊ အန္တရာယ်နှင့်တွေ့ကြုံလာလျင် အဖေါ်အဖက်ဖြစ်သူကို စွန့်ခွါသွားခြင်းမရှိ။ အတိုချုပ်အားဖြင့်ဆိုရသော် မည်သည့်ကိစ္စ၌ မဆို သူနှင့်ဆက်ဆံသူတိုင်းသည် ကျေနပ်နှစ်သက်မှုရရှိကြောင်း အမှန်တွေ့ရပေလိမ့်မည်။ သိက္ခာသမာဓိပျော့ညံ့သူ သို့မဟုတ် သိက္ခာသမာဓိကင်းမဲ့သူမူကား ကိုယ်ကျင့်သိက္ခာရှိသူနှင့် လုံးဝဆန့်ကျင်၍၊ မိမိကိုယ်တိုင်နှင့်၎င်း၊ အခြားသူများနှင့်၎င်း၊ သဘောတူမျှမည်မဟုတ်။ နောက်တကြိမ် အဘယ်သို့ပြုမူလိမ့်မည်ဟု အခြားသူတပါးမသိနိုင်အောင် သူ၏ပြုမူပုံမှာမတည်တံ့ချေ။ သူနှင့်ဆက်ဆံသူတိုင်း ကျေနပ်နှစ်သက်မှုမရ။ ၎င်းသည် သူကိုယ်တိုင်အတွက်၎င်း၊ အခြားသူတပါးအတွက်၎င်း၊ အကျိုးမဲ့အချည်းနှီးသာဖြစ်လေသည်။ အထူးသဖြင့် ဤနေ့ရက်များတွင် ခိုင်မြဲသော သိက္ခာသမာဓိရှိသူများလိုအပ်လှပေသည်။ အကြောင်းမှာ လူ့လောက ဘဝခရီးသည် ကြမ်းတမ်းလှဘိ၏။ ဥပမာ မြေအိုး၊ ကြေးအိုး၊ သံအိုးများကို လှည်းတစီးပေါ်တွင်ကောက်ရိုး၊ မြက်ခြောက်စသည့် အခုအခံတစုံတခုမျှ မညှပ်ပဲ အတူရောနှောလျက် တင်ဆောင်သယ်ယူခဲ့သော် လမ်းကြမ်းသောနေရာ၌ လှည်းဆောင့်သဖြင့် အချင်းချင်း ထိခိုက်မိသောအခါတွင် မာသောအိုးများမှာ မကွဲမပျက်ပဲ၊ မြေအိုးများအားလုံး ကွဲအက်ကြေမွကုန်ပေမည်။ ထို့အတူ သိက္ခာသမာဓိပျော့ညံ့သူများသည် မြေအိုးများပမာအခက်အခဲများကို ကြံ့ကြံ့ခံနိုင်စွမ်းမရှိဘဲ၊ သိက္ခာသမာဓိ ခိုင်မြဲသူများ၏ စိုးမိုးခြယ်လှယ်ခြင်းကိုခံရပေမည်။ သိက္ခာသမာဓိရှိခြင်းသည် လူတဦးစီကိုသာလျင် ကြီးမားသောအကျိုးထူးကို ခံစားစေသည်မဟုတ်၊ အိမ်ထောင်စုများ၊ စာသင်ကျောင်းများ၊ အလုပ်အကိုင်များနှင့် တိုင်းပြည်များကိုလည်း အကျိုးသက်ရောက်စေသည်။
ဥပမာ အိမ်ထောင်စုတစုတွင် ပါဝင်သောလူတိုင်းသည် သိက္ခာသမာဓိရှိကြပါမူ၊ အိမ်ထောင်အတွင်း မသင့်မတင့် မညီမညွတ်မှု၊ ခိုက်ရန်ဒေါသဖြစ်ပွားမှုများ၊ မတွေ့ကြုံရပဲ၊ အေးချမ်းပျော်မွေ့ခြင်းကို ခံစားကြရပေမည်။ စာသင်ကျောင်းများမှာလည်း ကျောင်းသူကျောင်းသားတိုင်းကောင်းသော သိက္ခာသမာဓိကို ဆည်းပူးတည် ဆောက်ကြပါလျှင် တသက်တာခရီးတလျှောက်လုံး၌ အကျိုးကြီးမားလိမ့်မည်။ အထူးသဖြင့်ကျောင်းမှထွက်၍ အလုပ်လုပ်ကိုင်ကြသည့်အခါ ကျောင်း၏ဂုဏ်ကျက်သရေနှင့် ကျောင်း၏နာမည်ကို တိုးတက်အောင်ပြု လုပ်နိုင်ကြလိမ့်မည်။ အကျင့်သိက္ခာရှိသော ကျောင်းသားများသည် စာမေးပွဲအောင်ရုံမျှသော ရည်ရွယ်ချက်ဖြင့် စာပေဆည်းပူးလေ့လာ ကြသည်မဟုတ်၊ အနာဂတ်ကာလတွင်နိုင်ငံတော်၏ သားကောင်းတယောက်ဖြစ်လာရန် လေ့လာသင်ယူကြခြင်းဖြစ်၏။ ၎င်းတို့သည်စာပေလေ့လာသင်ယူမှုကို လမ်းခုလတ်၌ ရပ်တန့်နေမည်မဟုတ်၊ လက်မှတ်တစုံတခုရသည်အထိ ရည်မှန်းချက်အဆုံးရောက်အောင် ကြိုးစားသင်ယူလိမ့်မည်။ အကျင့်သိက္ခာမဲ့သောကျောင်းသားများကား မိမိတို့၏ အကျိုးကျေးဇူးကို ဆုံးရှုံးစေလျက်၊ ကျောင်း၏ ဂုဏ်ကျက်သရေညိုးနွမ်းစေခြင်းနှင့် ကျောင်းနမည်ကို အမည်းကွက် စွန်းထင်းစေခြင်းများပြုလုပ်လိမ့်မည်။ အလုပ်အကိုင်၌လည်း ထို့အတူသာဖြစ်၏၊ လုပ်ငန်းဆောင်တာဆိုသည် ပင်ပန်းစွာ ဝိရိယစိုက်ထုတ်ခြင်း၊ ဒုက္ခအခက်အခဲများကို ခံစားရခြင်း စသည်တို့ဖြင့် ရင်းနှီးလုပ်ကိုင်ရသော ကြီးလေးသည့်တာဝန်တခုဖြစ်၏။ သိက္ခာသမာဓိခိုင်မြဲသူသာလျှင် အလုပ်၌အောင်မြင်ကြ၏။ ၎င်းတို့သည် အလုပ်တခုမှတခုသို့ လွယ်လင့်တကူ လွဲပြောင်းလုပ်ကိုင်ခြင်းမပြု၊ အလဟသအချိန်ကိုဖြုန်းတီးခြင်းလည်းမရှိ၊ ရည်မှန်းချက်ဆိုက်ရောက်အောင် ကြိုးစားလုပ်ကိုင်ကြ၏။ သိက္ခာသမာဓိမဲ့သူများကား ခိုင်ခံ့သောကျောရိုးနှင့် တာဝန်ကိုသိသော သဘောတရားမရှိကြသဖြင့် အလုပ်အကိုင်ကို စနစ်တကျလေးစားခြင်းမရှိ၊ တတ်နိုင်လျင် အလုပ်အကိုင်ကိုရှောင်ရှား၍၊ အနည်းဆုံးနှောင့်နှေးကြန့်ကြာအောင် ပြုတတ်ကြသည်။ လုပ်ကိုင်သောအလုပ်မှာလည်း စူးစမ်းရှာဖွေခြင်း၊ ဂရုမူခြင်းမပြု၊ အစီအစဉ်လည်းမရှိသဖြင့် အောင်မြင်မှုမရပဲ၊ အခြားသူတပါး၏ အချိန်နှင့် ဥစ္စာကို ဖြုန်းတီးပစ်သကဲ့သို့သာရှိတတ်၏။
တိုင်းပြည်နိုင်ငံများမှာလည်း သိက္ခာသမာဓိ ရှိသူများသည် နိုင်ငံ၏ ကြက်သရေဆောင် ဂုဏ်ယူဘွယ်ရာနှင့် နိုင်ငံ၏ အနာဂတ် ဗိသုကာများလည်းဖြစ်ကြ၏။ အထူးသဖြင့် နိုင်ငံသည် ဘေးအန္တရာယ်သို့ကျရောက်ရတော့မည့်အချိန်များတွင် ထိုသူများသည် ၎င်းတို့၏နိုင်ငံကို ကယ်တင်နိုင်စွမ်းရှိကြသည်။ အကျင့်တရားမဲ့သူများမူကား တိုင်းပြည်ကိုအစခပ်သိမ်း ဒုက္ခပေးတတ်ကြ၍၊ အဆိုးဝါးဆုံး သစ္စာဖောက်မှုကိုပင်ပြုတတ်ကြလေ၏။ သူတို့သည်အနည်းငယ်မျှသော ရွှေငွေဥစ္စာဖြင့် ဖြားယောင်းခြင်းခံရလျှင် မိမိတို့တိုင်းပြည်ကို သစ္စာဖောက်ကာ ရန်သူလက်သို့အပ်နှံရန် စိုးရွံ့လက်နှေးကြမည်မဟုတ်ချေ။ မိမိတို့၏အကျိုးအနည်းငယ်ကို ကြည့်လျက်တိုင်းပြည်ပျက်စီးစေမည့် မိုက်မဲသော အစိုးရများကို ရွေးကောက်တင်မြောက်ရန်လည်း ကြိုးစားကြလိမ့်မည်။ အုပ်ချုပ်မှုရေးရာ၌ အာဏာရသူများဖြစ်ကြလျှင်လည်း အဂတိလိုက်စားကာ ဥပဒေစိုးမိုးမှုနှင့် တရားမျှတမှုကို ဆိတ်သုဉ်းအောင်ပြုကြလိမ့်မည်။
ဆက်ရန်…
စာရေးသူ(အမည်မသိ)နှင့်အန်ထော်နီဆရာစိန်။
မေလ.. ၁၉၆၄။