တနေ့သ၌ (philosopher Diogenes) ဒေအောဂျီနက် အမည်ရှိ ကျော်စောသော ဂရိစိတ်ပညာရှင်ကြီးတဦးသည် အေသင်မြို့ဈေးအလယ်၌ နေ့လယ်ခင်းအချိန်တွင် လက်ထဲမှမီးအိမ်တလုံးကိုင်စွဲလျက် သွားလာနေသည်ကို လူအများအံ့ဩငေးမောလျက် ကြည့်နေကြ၏။ လူအများကသူ့အား အဘယ်အရာကို ရှာဖွေနေပါသနည်းဟု မေးမြန်းကြရာ၊ သူက ကျွန်ုပ် လူကို ရှာဖွေနေပါသည်ဟု ပြန်ပြောလေသည်။ ထိုအခါ ဈေးသူဈေးသားများက ဘယ်သူလဲ၊ ဤဈေးအတွင်း၌ လူအများပြည့်နှက်နေသည်ကို ဆရာကြီးမတွေ့ရပါသလော ဟုဆိုလျင်၊ ဤသူများသည် လူများမဟုတ် တိရစ္ဆာန်များဖြစ်ကြသည်။ ၎င်းတို့သည် လူကဲ့သို့မနေထိုင်ကြ၊ တိရစ္ဆာန်ကဲ့သို့နေထိုင်ကြ၏။ သူတို့သည် တိရစ္ဆာန်နှင့်ဆိုင်ရာ ကိလေသာ၏ ရှေ့ဆောင်စိုးမိုးခြင်းကို ခံယူနေကြသည်ဟု ရှင်းပြလေသည်။ ဤစိတ်ပညာရှင်ကြီး၏ စကားသည် တနည်းအားဖြင့်မှန်ကန်၏။ အကြောင်းမှာ များစွာသောသများသည် လူနှင့်ဆိုင်သော ဆင်ခြင်တုံတရားကို မသုံးသပ်ကြဘဲ၊ နိမ့်ကျသော ကိလေသာအလိုရမ္မက်၏ စိုးမိုးမှုကို ခံယူကြသဖြင့် တိရစ္ဆာန်နှင့်သာ၍တူကြ၏။ ၎င်းတို့၌လွတ်လပ်မှုမရှိ၊ ကျေးကျွန်ဘဝဝဋ်ရှိကြ၍ ယုတ်ညံ့သော အာသာဆန္ဒ၊ မကောင်းသော အလေ့အထများသည် သူတို့၏ အရှင်သခင်ဖြစ်ကြ၏။ တကယ့်လူစင်စစ်ဖြစ်၍ လူ၏လွတ်လပ်မှုကို ခံစားလိုကြပါမူ ကျွန်ုပ်တို့သည် ဒုစရိုက်ချွတ်ယွင်းခြင်းများ၏ အနှောင်အဖွဲ့ကို ဖြတ်တောက်၍ ကျွန်ုပ်တို့ကိုယ်ကို စိုးမိုးအုပ်ချုပ်နိုင်ရမည်။ စကားတခွန်းအားဖြင့်ပြောရသော် ကျွန်ုပ်တို့ကိုယ်ကို ကိလေသာ မကောင်းမှုတည်းဟူသော လှည်းထမ်းပိုးအေက်ရှိ တိရစ္ဆာန်ဘဝသို့ မကျရောက်စေရဟူ၍ဖြစ်၏။ အခြားတနည်းတဖုံပြောရလျင် ပြည်စုံသော လူ၏လွတ်လပ်မှုကို ခံစားရန်အတွက် ကိုယ်ကျင့်သိက္ခာနှင့်ပြည့်ဝသော သူတယောက်ဖြစ်ရန် လိုအပ်သည်ဟူ၍ဖြစ်၏။ ဤလွတ်လပ်မှုကို ခံစားရသူများကား လေလွင့်သစ်ရွက်ကဲ့သို့ ကိလေသာ၏စိုးမိုးမှုကို ခံယူရသူများမဟုတ်၊ ၎င်းတို့သည် အခက်အခဲအတားအဆီးများ၊ လူကဲ့ရဲ့ခြင်းများ၊ ရယ်သွမ်းသွေးခြင်းများနှင့် လူထု၏ အမြင်တည်းဟူသော မုန်တိုင်းများကို ကြံ့ကြံ့ခံ ရပ်တည်ကျော်လွားလျက် မိမိတို့၏သဘောတရားမှန်ကိုသာ လက်ကိုင်ထား၍ ကျင့်သုံးကြသူများဖြစ်ကြ၏။ သူတို့သည် တကယ့်ကျောရိုးဖြင့် ရပ်တည်ကြ၏။ ဆိုလိုရင်းမှာ၎င်းတို့သည် မိမိတို့အထင်အရှား သိနားလည်မှုနှင့် ကတိကို မည်သို့သော အခက်အခဲမျိုးနှင့် တွေ့ရစေကာမူ ဖေါက်လွဲဖေါက်ပြန်မပြု စောက်ရှောက်ထိန်းသိမ်းကြ၍၊ လူ၏သိက္ခာကို နိမ့်ကျမခံသူများဖြစ်ကြ၏။ လူ့သိက္ခာနှင့်စပ်လျင်း၍ ရောမရာဇဝင်မှ ဥပမာတခုကို တင်ပြလိုပေသည်။ ကာသေ့ခ်ျနှင့် ရောမ ပဌမစစ်ဖြစ်ပွါးစဉ် အသီလီအူးရယ်ဂူလိုးစ်သည် စစ်သုံ့ပန်းအဖြစ် ကာသေ့ခ်ျတို့၏ ဘမ်းဆီးခြင်းကို ခံရ၏။ အချိန်များစွာကုန်လွန်ပြီးနောက် ကာသေ့ခ်ျတို့သည် ရောမနှင့်စစ်ပြေငြိမ်းရေးအတွက် စေ့စပ်ပြောဆိုရန် သူ့အားရောမမြို့သို့စေလွတ်လိုက်ကြသည်။ သို့ရာတွင်ဆိုင်ရာ အာဏာပိုင်များက သူ့အားရောမနှင့် စစ်ပြေငြိမ်းရေး မအောင်မြင်ပါက ၎င်းတို့ထံပြန်လာပါမည်ဟူသော ကတိကိုလေးနက်စွာ သစ္စာပြုစေပြီးမှ စေလွတ်လိုက်ခြင်းဖြစ်၏။ အသီလီအူးစ်သည် နှစ်များစွာ အကျဉ်းထောင်၌ ဒုက္ခခံရပြီးနောက် ရောမမြို့သို့ ပြန်ရောက်၍ မိမိ၏သားမယား သားသမီးများကိုပြန်တွေ့ရသည့်အချိန်တွင် သူ၏ဝမ်းမြောက်ပျော်ရွှင်ခြင်းကား ပြောဘွယ်ရာမရှိ။ သို့သော် သူသည် ရောမအကြီးအကဲများအား မိမိသည်စစ်ပြေငြိမ်းရေး အောင်မြင်ပါကလွတ်ငြိမ်းချမ်းသာခွင့်ရမည့်အကြောင်း၊ သို့ပင်ဖြစ်စေကာမူ စစ်ပွဲကို မရပ်ဆိုင်းပဲ ကာသေ့ခ်ျတို့ကို အောင်မြင်သည်အထိ ဆက်လက်တိုက်ခိုက်ရန် မိမိတိုက်တွန်းလိုကြောင်း၊ ဤသို့ပြောကြားရန်မှာ မိမိ၏ဝတ္တရာ ဖြစ်ကြောင်းနှင့် သူ့မှာမူ ထားပြီးကတိသစ္စာကို မဖျက်လိုသဖြင့် ပြန်သွားမည့်အကြောင်း ကြေကွဲဘွယ်ရာ တင်ပြပြောဆိုလေသည်။
ရောမခေါင်းဆောင်များက အတင်းအကြပ်ပြုသဖြင့် ထားရှိရသောကတိသစ္စာသည် စူးရှထက်မြက်သော တန်ခိုးအာနိသင်မရှိ၊ သို့ဖြစ်၍ ထိုကတိမျိုးကို လိုက်နာရန်မလို၊ ရောမတွင်သာနေကြရန်ပြောဆိုကြသော်လည်း အချီးနှီးသာလျှင်ဖြစ်၏။ အသီလီအူးစ်က သင်တို့သည်ကျွန်ုပ်၏ဂုဏ်သိက္ခာကို ပျက်စီးစေလိုကြပါသလော၊ ကျွန်ုပ်သည် ကတိအတိုင်း သူတို့ထံပြန်သွာပါလျှင် ရက်စက်သောသေခြင်းကို ခံယူရမည့်အကြောင်း သိရှိပါ၏။ သို့သော် ထိုသေခြင်းဒုက္ခကား ကတိပျက်သဖြင့်ရရှိမည့် ဂုဏ်သိက္ခာပျက်ခြင်းနှင့် နှိုင်းစာသော် ဘာမှမပြောပလောက်ပါ။ မိမိလူမျိုး၏ဂုဏ်သိက္ခာကို ဖျက်စီးခြင်းထက် ကာသေ့ခ်ျတို့ထံ ပြန်၍အကျဉ်းသားအဖြစ် အသေခံခြင်းက သာလွန်ကောင်းမွန်ပါသည် ဟု ပြောဆိုလေသည်။ သူပြောသည့်အတိုင်းလည်း ကာသေ့ခ်ျတို့ထံပြန်သွားရာ ရက်စက်စွာသတ်ဖြတ်ခြင်းကို ခံရလေသည်။ သို့ရာတွင် အကြင်သူသည် အခက်အခဲများနှင့် သေခြင်းကိုတွေ့ကြုံရစေကာမူ၊ ထားရှိသောကတိကို အဘယ်သို့ လိုက်နာစောင့်ထိန်းအပ်ကြောင်း မွန်မြတ်သော ဥပမာ ပုံသက်သေကို ကမ္ဘာသို့ပြခဲ့လေသည်။
ထိုသို့ဖြစ်လျှင် ကိုယ်ကျင့်သိက္ခာရှိသူသည် အဘယ်သူနည်း။ မှန်ကန်သော ဆုံးဖြတ်ခြင်း၊ ရွေးခြယ်ခြင်း၊ ပြုမူခြင်းတို့၌ ခိုင်မာစွဲမြဲသော အလေ့အထရှိသူသည် ကိုယ်ကျင့်သိက္ခာရှိသူဖြစ်၏။ သူသည် အမှန်သဘောတရား၏ ရှေ့ဆောင်စိုးမိုးမှုကို ခံယူသော အကျင့်စရိုက်ရှိသူဖြစ်သည်။ ဆိုလိုချက်မှာ အတွင်းသန္တာန်၌ ခိုင်မြဲစွာအမြစ်တွယ်နေသည့် တရားမျှတစွာကျင့်သော အကျင့်စာရိတ္တ၏ အထွေထွေစည်းကမ်း ဥပဒေများနှင့်အညီ လုပ်ကိုင်နေထိုင်သည်ဟူ၍ဖြစ်၏။ နောက်ဆုံးအဖြေကား ကိုယ်ကျင့်သိက္ခာရှိသူသည် အပြုအမူအားလုံး၌ တိကျခိုင်မြဲခြင်း ရှိသည်ဟူသတည်း။ ကိုယ်ကျင့်သိက္ခာကင်းမဲ့သူသည်တို့ကား သဘောတရားဟူ၍မရှိ၊ အကျင့်အလေ့လည်းမစွဲမြဲသူဖြစ်၏။ သူသည် မိမိစိတ်ဝင်စားသလို၊ သို့မဟုတ် တွေ့ကြုံခံစားရသလို၊ သို့မဟုတ်စိတ်ကူးယဉ်မှု၏ ဆွဲဆောင်သလို နည်းအမျိုးမျိုး ပြောင်းလဲပြုမူမည်သာဖြစ်၏။ စကားတခွန်းအားဖြင့်ဆိုသော်သူသည် သက်သာမှုကိုသာ ရှာကြံနေထိုင်မည့်သူဖြစ်သည်။ ၎င်းသည်လူကောင်းများ အကြားတွင်ကောင်း၍ အားနည်းသူများအကြား၌ နေထိုင်လျှင် အားနည်းမည်။ မကောင်းသောသူများအကြားတွင် ရောက်သောအခါမကောင်းသောသူဖြစ်မည်။ သူ၏ကိုယ်ပိုင်လမ်းစဉ်သည် ကောင်းမွန်နေစေကာမူ၊ ထိုလမ်းကို စွဲစွဲမြဲမြဲလိုက်လိမ့်မည် မဟုတ်ချေ။
ဆက်ရန်…
စာရေးသူ(အမည်မသိ)နှင့်အန်ထော်နီဆရာစိန်။
မေလ .. ၁၉၆၄။