အကျင့်အလေ့ဆိုး၏ကျွန်ဘဝ ကျရောက်သောသူများသည် ကောင်းမှုဘက်သို့တက်လှမ်းရန် မတတ်နိုင်ကြ။ တက်မ ထိန်းသိမ်းမှုကင်းမဲ့သောလှေငယ်တစင်းသည် ရေစီး၏ယူဆောင်ရာကို မျောပါနေရသကဲ့သို့ ထိုသူများသည် ဒုစရိုက် ရေယဉ်၌ မျောပါနေကြလေသည်။ သူတို့သည် တနေ့ထက်တနေ့ ဒုစရိုက်၌ နစ်မွန်းနေကြသော၎င်းတို့၏ အခြေအနေမှလွတ်မြောက်ရန် ထက်သန်စွာဆုတောင်းမေတ္တာပြုခြင်း၊ အကျိုးရှိသောစိတ်ပြဌါန်းမှုပြုခြင်း၊ အားထုတ်ခုခံခြင်း၊ တစုံတခုမျှမပြုကြချေ။ ၎င်းတို့သည် မိမိတို့၏ဝိညာဉ်များ ပျက်စီးနေကြောင်း၊ မိမိတို့ အတွက် အခြားသူတပါး၏ ဝိညာဉ်များလည်း ပျက်စီးရကြောင်း၊ မိမိတို့အတွက်ဉ္စာစီးပွားရေး၊ ကျန်းမာရေးတို့၌ ပျက်စီးချို့တဲ့ခြင်း၊ အိမ်ထောင် မိသားစုများလည်း ဒုက္ခခံကြရခြင်းများကို သိမြင်နားလည်ကြသဖြင့် ပူပန်သောကဝမ်းနည်းခြင်း ဖြစ်ကြရ၏။ သို့သော် စိတ်အလိုအတိုင်း ပြုလုပ်ထားသော မမြင်နိုင်သည့် နှောင်ကြိုးသည် သူတို့အား အပြစ်ဒုစရိုက် အနှောင်အဖွဲ့ဖြင့် ဖွဲ့နှောင်ထားလျှက်ရှိ၏။
ယခုထပ်မံ၍ ဝိညာဉ်နှင့်ကာယအပေါ်၌ ကျရောက်သော မကောင်းမှုနှင့်မကောင်းကျိုးများကို ဆက်၍ လေ့လာကြအံ့။
(က) ဝိညာဉ်ပေါ်၌ ကျရောက်သော မကောင်းမှုနှင့် မကောင်းကျိုးများ။ အကျင့်အလေ့ဆိုး၏လှည့်စားမှုကိုခံရသောသူသည် ဤဘဝအသက်ရှင်နေရမှု၏ ရည်ရွယ်ချက်နှင့် ကြီးမြတ်သော အကျိုးကိုနားမလည်ပေ။ သူ၏မသေနိုင်သော ဝိညာဉ်သည် မွန်မြတ်လှသော ထာဝရသုခချမ်းသာကို စံစားရန် ဖန်ဆင်းခြင်းခံရသော်လည်း၊ သူသည် သူ့ဝိညာဉ်၏ တန်ဘိုးနှင့် ဂုဏ်သရေကိုပျက်စေ၍ တိရစ္ဆာန် အဆင့်အတန်းသို့ လျှော့ကျစေလေသည်။ ယုတ်ညံ့သော အမှုများ၏ဆွဲဆောင်ခြင်းကို ခံရသဖြင့်၊ ထိုအမှုများ၏ ကျေးကျွန်လုံးလုံးဖြစ်ရလေသည်။ ထိုဘဝမှလွှတ်မြောက်အောင် အားထုန်ရန် အနည်းငယ်မျှသတိတရားမရ၊ မျက်ကန်းသဘွယ် ထိုအမှု၏နောက်သို့သာ လိုက်မြဲလိုက်တတ်လေသည်။ မြတ်စွာဘုရားသခင်နှင့် သူ၏ သြတ္တပ္ပစိတ်သည် သူ့အားအကျင့်အလေ့ဆိုးများကို ပယ်ဖျောက်ရန်နှင့် ၎င်းအမှုများ၏မကောင်းကျိုးများကို စဉ်းစားသိမြင်စေရန် မကြာခဏ တိုက်တွန်းလျှက်ရှိ၏။
ကိုယ်မူကိုယ်ကျင့်ကို သိသော သြတ္တပ္ပစိတ်သည် အကျင့်ဆိုးများကို ပျောက်ရန်နှင့် ပြုကျင့်ပြီးသော အပြစ်ဒုစရိုက်များ၏ မကောင်းကျိုးများကိုသိမြင်အောင် စဉ်းစားရန်နိုးဆော်နေပါသော်လည်း၊ နိုးဆော်သံကို မကြား၊ သူ၏သွားမြဲလမ်းကိုမစွန့်လွှတ်၊ အထူးသဖြင့် ယခုဘဝမှ လွန်မြောက်၍ နောက်ဘဝတွင် ခံရမည့်ကြောက်မက်ဖွယ်သော ဒါဏ်ကိုပင် မမြင်ရအောင်သူ၏မျက်စိကား ပိတ်ဆို့လျှက်ပင်ရှိ၏။
(ခ) ဤလောက၌တွေ့ကြုံခံစားရမည့် မကောင်းကျိုးများ။
အကျင့်အလေ့ဆိုး၏ကျေးကျွန်အဖြစ် ကျရောက်နေသောသူသည် မိမိကိုယ်ကျိုး အမှန်ကို၎င်း၊ မိမိ၏ကျန်းမာရေးနှင့် မိမိအိမ်ထောင်စု၏ အကျိုးစီးပွားကို၎င်း၊ သိမြင်တတ်ခြင်းမရှိ။ ဥပမာ အလောင်းအစား ကစားသမားတယောက်သည် မိမိ၌ ရှိသမျှဥစ္စာကျေးငွေများကို ဖြုန်းတီးကာ သားသမီးများ၏နောင်ရေးကို ပျက်စီးစေလျှက်၊ ကြွေးတင်သောဘဝသို့ ရောက်ရှိသော်လည်း၊ သူ၏အကျင့်ဆိုးကိုမဖျောက်၊ အချို့သော မိတ်ဆွေများက သူ့အားတွေ့ကြုံရမည့် ဒုက္ခဆင်းရဲ မကောင်းကျိုးများကို ရှင်းပြလျှက် သူ့အား ၎င်းအကျင့် ကို ရပ်စဲရန်တိုက်တွန်းကြ၏။ သို့သော် ၎င်းတို့၏ သတိပေးချက်များသည် ထိုသူ၏နှလုံးအိမ်တွင်းသို့ မစူးဝင်၊ ထိုသူကား သွားမြဲသောလမ်းစဉ်အတိုင်းသာ သွားလျှက်ရှိ၏။
သေသောက်ကြူးသမားသည်လည်း လုပ်ကိုင်ရသမျှ သောက်စားမှုကြောင့် ကုန်ခန်းလျှက်စီးပွားရေးတွင် နိမ့်ကျဆင်းရဲရ၏။ မိမိ၏ကျန်းမာရေးကိုလည်း များစွာထိခိုက်နစ်နာစေလျှက် မိသားစုအားလုံး ၎င်း၏ဒါဏ်ကို ခံစေ၏။ သားသမီးများကိုပင် ရံဖန်ရံခါ မူးယစ်သဖြင့် အကျိုးမဲ့ငေါက်ငမ်းတတ်၏။ အမူးအယစ်ပြေသောအခါ သူပြုသမျှ အမှုများ၏မကောင်းကျိုးကို သူကိုယ်တိုင်တွေ့မြင်ရပါသော်လည်း သူ့ကိုလွမ်းမိုးချုပ်ကိုင်ထားသော ထိုကိလေသာ အကျင့်ဆိုးကို ခုခံတိုက်ဖျက်ရန် သူမတတ်နိုင်လောက်အောင် ဖြစ်လေသည်။
ထို့အတူ ဘိန်းသမားသည်လည်း ဘိန်းရှူခြင်းကြောင့် ဥစ္စာစီးပွား၊ လုပ်းငန်းဆောင်တာပျက်စီးခြင်း၊ တဖြည်းဖြည်းအားဖြင့် ကျန်းမာရေး ချို့တဲ့ကာ လူစဉ်မမှီ ချိနှဲ့သောဘဝရောက်ခြင်း၊ ဂုဏ်သိက္ခာ ကင်းမဲ့ခြင်း အစစ နိမ့်ကျပါသော်လည်း ဘိန်းရှူသော အလေ့ကိုမူ စွန့်လွှတ်နိုင်စွမ်းမရှိ၊ ဆင်းရဲဒုက္ခတွင်းမှ မရုန်းနိုင်အောင်ဖြစ်ရ၏။
ကာမဂုဏ်၌ပျော်ပါးလိုက်စားသူကိုလည်း ကြည့်ပါအုံး။ သူသည် မိမိဘဝကို တိရစ္ဆာန် ဘဝသို့လျှော့ကျနိမ့်ဆင်းစေ၍၊ မကောင်းညစ်ညမ်းမှုမျိုး၌သာ စိတ်ပါဝင်စား လေ့လာခြင်းကိုပြုကြ၏။ ကာမဂုဏ်ကိလေသာ၏ အာသာရမ္မက်ကို နှစ်သိမ့်ရအောင်သာ အမျိးမျိုး ကြံစည်အားထုတ်ကြ၏။ ထိုသူသည် အသေးငယ်ဆုံးသော အကြောင်းလေးတခုနှင့်ပင် ပျက်စီးပြိုလဲကြရမည့် အခြေသို့ ဆိုက်ရောက်တတ်၏။ သူ့အတွက်သတိပေးခြင်း၊ အကြံညာဏ် ပေးခြင်းတို့မှာ အရာမထင်၊ အချည်းနှီးသာလျှင်ဖြစ်၍၊ သူ၏လက်သုံးအဖြေမှာ ထိုအမှုကို ကျွန်တော်စွန့်လွှတ်ရန် မတတ်နိုင်တော့ပါ ဟူသတည်း။
၄။ မကောင်းသော အလေ့အကျင့်ကိုကုစားခြင်း။
လက်ဦးအပြစ်နှင့်မကင်းသော အကျင့်အလေ့ကို စွဲငြိစေမည့်နည်းလမ်းများကို ကာကွယ်ရန် စဉ်းစားထားရမည်။
ပဌမ အချက်မှာ မြတ်စွာဘုရားသခင်အကြောင်း၊ ကိုယ်တော်၏ အတိုင်းမဲ့ချစ်ခြင်း၊ ကျွန်ုပ်တို့သည် ကိုယ်တော်ကိုအစေခံရန်နှင့် ကိုယ်တော်ကို နားထောင်ရန် ဝတ္တရားရှိခြင်း စသည်များကို ဆင်ခြင်အောက်မေ့ရမည်။
ဒုတိယအချက်မှာ အပြစ်ဒုစရိုက်သည် အဘယ်မျှဆိုးယုတ်သည်၊ ၎င်းသည် ဘုရားသခင်အား အဘယ်သို့ ထိခိုက်ကျူးလွန်သည်၊ ၎င်းအမှုသည် ကျွန်ုပ်တို့အပေါ်သို့ ဘုရားသခင်စီရင်တော်မူမည့်ဒါဏ် ကျရောက်စေသည်။ ကျွန်ုပ်တို့အား ထာဝရသုခချမ်းသာကို ဆုံးရှုံးစေမည့် အန္တရာယ်ကို ဖန်တီးကာ ခြိမ်းခြောက်နေသည်များကို ထင်မြင်လာအောင် ဆင်ခြင်သုံးသပ်ရမည်။
တတိယအချက်မှာ အမှားနှင့်အမှန်ကို ရှင်းလင်းစွာခွဲခြား သိမြင်အောင်ပြု၍ သြတ္တပ္ပစိတ်၏ နိုးဆော်သံကို နားစိုက်ရမည်။ နိုးဆော်သည့် အခါတိုင်း လိုက်နာဆောင်ရွက်ရမည်။
စတုတ္ထအချက်ကား ကိလေသာ ပဌမဦးစတင်ထကြွလာသည်နှင့် တပြိုင်နက် သတိမလစ်စေဘဲ၊ ချက်ချင်းနှိပ်ကွပ်ပစ်ရမည်။ ပဉ္စမအချက်ကား ကိလေသာကို နိုးဆွပေးသောအရာဝတ္ထုများအားလုံးကို အာရုံခံစားခြင်း၊ တွေးတောခြင်းများမှ ချုပ်တည်းရမည်။
ဆဌမအချက်ကား မကောင်းသော အကြံအစည်များ စိတ်နှလုံးတွင်းသို့ မဝင်ရောက်နိုင်အောင် ကောင်းသောအလုပ်အကိုင် အနေအထိုင်တို့ဖြင့် မအားမလပ်အောင်ဖန်တီးပေးရမည်။
သတ္တမအချက်မှာ ချမ်းသာခြင်းဆင်းရဲခြင်းတို့သည် ကျွန်ုပ်တို့အား အပြစ်သို့ပို့ဆောင်ခြင်း မပြုနိုင်ရန်နှင့် ကျွန်ုပ်တို့နှစ်သက်သည်ဖြစ်စေ၊ မနှစ်သက်သည်ဖြစ်စေ လုပ်ကိုင်ရမည့်တာဝန်ဝတ္တရားမှ လစ်ဟင်းကင်းကွာသွားအောင် ဆွဲဆောင်ခြင်းမပြုနိုင်ရန် ကျွန်ုပ်တို့ကိုယ်ကို ချမ်းသာခြင်း၊ သို့မဟုတ်ဆင်းရဲခြင်းနှင့် တွေ့ကြုံသည့်အခါ ကြံ့ကြံ့ ခံနိုင်စွမ်း ရှိစေရမည်။ (R. Hull )
လူငယ်တိုင်း၌ ကောင်းသောအကျင့်အလေ့ရှိသကဲ့သို့ မကောင်းသော အကျင့်အလေ့များလည်း ဒွန်တွဲလျှက်ရှိ၏။ ၎င်းမကောင်းသော အကျင့်အလေ့သည် ဝိညာဉ်ဆိုင်ရာ ပါရမီ ပန်းဥယဉ်၌ ပန်းပင်များအကြားတွင် ပေါက်ရောက်နေသည့် ပေါင်းပင်များနှင့် သဏ္ဍာန်တူလေသည်။ သတိအဆင်အခြင်ရှိသော ဥယဉ်မှုးများ အတုယူကာ ကျွန်ုပ်တို့သည် တပြိုင်နက် တချက်တည်းအားဖြင့် ကောင်းမွန်သော စိတ်ပြဌါန်းခြင်း၊ ခြိုးခြံချုပ်တည်းခြင်းဟူသော တူရွင်း၊ ပေါက်ပြားတို့ဖြင့် ပေါင်းမြက် သုတ်သင်ခြင်းအလုပ်ကို စတင်လုပ်ကြရပေအံ့။ ၎င်းအလုပ်သည် အစတွင်လွယ်ကူမည်ကားမဟုတ်ပါ။ ပင်ပန်းစွာအားထုတ်လုပ်ကိုင် ရသည့်အခါလည်း ရှိပေမည်။ သို့ရာတွင် လေးဘက်ကုန်းလျှက်အခိုင်အမာ ဆုံးသောပေါင်းပင်ကို အမြစ်ပါကျွတ်ထွက်လာသည့်တိုင်အောင် အားစိုက်ထုတ်၍နုတ်ပါ၊ ၎င်းမှာ ကျွန်ုပ်တို့ဝိညာဉ်၏အကျိုးအတွက် လုပ်ဆောင်ရခြင်းဖြစ်သည်။
၎င်းပြင်ကြီးမားသော ပေါင်းပင်များကိုလည်း သုတ်သင်ပယ်ရှားပါ။ ၎င်းတို့သည်ပို၍ပင်ဆိုးဝါးတတ်လေသည်။ အကြောင်းမှာ ၎င်းတို့ကို မဖိနှိပ်ဘဲ ကြီးပွားခွင့်ပေးထားပါလျှင် မကြာမှီအတွင်း၎င်းတို့သည် ကျွန်ုပ်တို့၏ ဝိညာဉ်ဥယာဉ်၌ ကြွင်းကျန်နေသော ပါရမီပန်းပင်ကလေးများကို သတ်ဖြတ်နှိမ်နင်းလာလိမ့်မည်။
အာရပ်လူမျိုးများ၏ ဒဏ္ဍာရီ ပုံပြင်ကလေးတခုရှိ၏။ ၎င်းမှာ- “ အာရပ်လူမျိုး ခရီးသွားကုန်သည် တဦးသည် မိမိအိပ်နေသော တဲဝအတွင်းသို့ ထိုးသွင်းလိုက်သော ကုလားအုပ်နှုတ်သီးကြောင့် အိပ်ယာမှ လန့်နိုး၍လာ၏။ ထိုအခါ ကုလားအုပ်က အပြင်ဘက်မှာ အအေးဓာတ်လွန်ကဲလှသဖြင့် ကျွန်ုပ်နှုတ်သီးလေးကို တဲတွင်းသို့သွင်းထားပါရစေဟု အနူးအညွတ် တောင်းဆိုသဖြင့် ကုန်သည်သည် ခွင့်ပြုလိုက်၏။ ကုလားအုပ်သည် ပထမသော် နှုတ်သီးကိုသာ သွင်း၍၊ ထို့နောက် လည်ပင်း၊ ထိုနောက် တကိုယ်လုံး တဲတွင်းသို့ဝင်လာလေတော့သည်။ ကုန်သည်မှာထိုအကျင့်ယုတ်သော ကုလားအုပ်ကြောင့် အနေအထိုင် ကျဉ်းကြပ်လျှက် မသက်မသာဖြစ်ကာ၊ တဲကလေးမှာ ၎င်းတို့နှစ်ဦး အတွက် လုံလောက်အောင် မကျယ်ကြောင်းတွေ့ရလေသည်။ ထိုအခါ ကုလားအုပ်က သင်အနေအထိုင်မချောင်ချိ မသက်သာပါလျှင် ထွက်ခွါသွားနိုင်ပါ၏။ ကျွန်ုပ်မှာမူ ယခုရှိနေသည့် အတိုင်းပင် နေရစ်ပါမည်ဟုပြောဆိုလေသည်။
ဤဒါဏ္ဍာရီလေး၏ ဩဝါဒဥပဒေသမှာ အကျင့်အလေ့ဆိုးကို အနည်းငယ် အလျော့ပေးလိုက်သူတိုင်း နောက်ဆုံး၌ ၎င်းအလေ့ဆိုး၏လွမ်းမိုးနှိပ်စက်ခြင်းကို ခံရတတ်ကြောင်းနှင့် ကျွန်ုပ်တို့သည် ကုလားအုပ်၏ နှုတ်သီးဖျားနှင့်တူသော အကျင့်ဆိုးကို လုံးဝဝင်ခွင့် မပြုသင့်ကြောင်း သတိပေးခြင်းပင် ဖြစ်လေသည်။
အကြင်သူသည် နှစ်ပေါင်းများစွာ မိမိ အကျင့်အလေ့ဆိုး၏ ကျေးကျွန် ဘဝ၌နေထိုင်ခဲ့လျှင်၊ ၎င်းမှလွှတ်မြောက်ရန် မလွယ်ကူတော့ပေ။ ပျံသန်းသွားရန်ကြိုးစားသော အခါမှ မိမိမှာကြိုးဖြင့် ချည်နှောင်ခြင်းခံနေရကြောင်း သိမြင်သော ငှက်သကဲ့သို့၊ သတိမမူသဖြင့် အမှတ်တမဲ့ မိမိကိုယ်ကို ဒုစရိုက်နှောင်ကြိုးနှင့်ချည်နှောင်မိကြောင်း သိသူသည်လည်း ၎င်းအနှောင် အဖွဲ့မှ ရုန်းထွက်ရန်ကြိုးစားသောအခါ ခဲယဉ်းကြောင်း တွေ့ရလိမ့်မည်။
ဤသို့တွေ့ကြုံလာလျှင် ဦးစွာပဌမ၊ ထိုသူသည် ဘာသာနှင့်ကိုယ်ကျင့်တရားဆိုင်ရာခံစားမှုများ လှုပ်ရှားလာအောင် နှိုးဆွ၍ မိမိ၏အလေ့အထသည် အလွန်မှားကြောင်း ကိုယ်တိုင်သိမှတ်ဝန်ခံရမည်။ ဒုတိယ၊ အပြစ်ငရဲများကို စက်ဆုတ်မုန်းထား၍ ၎င်းတို့ကို မိမိ၏ အတွင်းသဏ္ဍာန် မှ နှင်ထုတ်မည်ဟု ခိုင်မြဲသောဆုံးဖြတ်ချက်ပြုရမည်။ တတိယ၊ စိတ်ကူးယဉ် တွေးတောမှုများကို စိတ်နှလုံးထဲမှ ထုတ်ပယ်လျက် မိမိကိုယ်ကို ထိန်းသိမ်းချုပ်တည်းရမည်။ ၎င်းမှာ မိမိကိုယ်ကို အပြင်းအထန်နိုးကြားထကြွလာအောင်ပြု၍ ကိုယ်ရောစိတ်ပါ ဝင်စားလုပ်ကိုင်ရသော အရာတခုခုကို လုပ်ကိုင်ရမည်။ စတုထ္ထမှာ တတ်နိုင်ခဲ့လျှင် မိမိအား ထိုအကျင့်အလေ့ဆိုး၌ နစ်မွန်းစေသည့် သို့မဟုတ် နစ်မွန်းအောင် လှုပ်ဆော်မည့် အခြေအနေ၊ အရပ်ဒေသ၊ အရာဝတ္ထုနှင့် လူများအားလုံးထံမှ ရှောင်ကြဉ်ဖယ်ခွါ သွားရမည်။
ထိုသူသည် မိမိ၌ အကျင့်အလေ့ဆိုးမစွဲငြိစေရအောင် တိမ်းညွတ်ဆွဲဆောင်သောအရာနှင့် ဆန့်ကျင်ဘက်ဖြစ်သော အမှုကို လုပ်ကိုင်သင့်သည်။ လမ်းမှန်မှ သွေဖီလွဲချော်သွားသူသည် ထိုလမ်းမှားနှင့် ဆန့်ကျင်သောလမ်းကို လိုက်ရလိမ့်မည်။ သို့သော် ထိုအချိန်အခါတွင် စိတ်အားငယ်ခြင်း၊ ဆက်လက်လုပ်ကိုင်ရန် စိတ်ပျက်ခြင်းမရှိစေရ။ မြတ်စွာဘုရားသခင်ကို၎င်း၊ ကိုယ်တော်၏ ကောင်းမြတ်တော်မူခြင်းကို၎င်း၊ နောက်ဘဝ၌ရလတံ့သော ဆုလာဘ်ချမ်းသာ သို့မဟုတ် အပြစ်ဒါဏ်ကို၎င်း အောက်မေ့ဆင်ခြင်လျှက် စိတ်အားသတ္တိခိုင်မာစေရန်နှင့် ဒုစရိုက်နှင့်ဆန့်ကျင်သော စိတ်ပြဌါန်းချက်ကို ပြုနိုင်ရန် သနားတော်မူပါဟု ကိုယ်တော်အား တောင်းလျှောက်ရမည်။
တရံရောအခါက ဖီလိစတီးနူး စစ်တပ်များနှင့် စောလူး၏စစ်တပ်များတို့သည် ဆိုင်ပြိုင်တိုက်ခိုက်ရန် စစ်စခန်းချနေကြစဉ်၊ ဖီလိစတီးနူး စစ်တပ်မှဂေါလိယ အမည်ရှိသော ကိုယ်အင်္ဂါ အလွန်ထွားကြိုင်း သန်မာသူတဦးသည် ဦးခေါင်းမှ ခြေဖဝါးထိ ချပ်ဝတ်တန်ဆာများ ဝတ်လျက်၊ သူနှင့်ဆိုင်ပြိုင်တိုက်ဝံ့သူရှိက ထွက်လာရန် ကြွေးကြော်ကြုံးဝါးလျက်ရှိ၏။ ရက်အတန်ကြာသော် စောလူး၏စစ်တပ်မှ ဒါဝိအမည်ရှိ လူငယ်တယောက်သည် ဒိုင်းလွှား၊ ထားလှံ လက်နက်မပါ၊ သိုးများကိုမောင်းနှင်သော တောင်ဝှေးတခုကို ကိုင်စွဲလျက် ကျောက်စရစ်ခဲ ငါးလုံးကို လွယ်အိတ်ဖြင့် လွယ်၍ လောက်လွဲကိုဝှေ့ယမ်းကာ၊ လူစွမ်းကောင်းဂေါလိယကို ဆိုင်ပြိုင်ရန် ထွက်ခဲ့လေသည်။ ဂေါလိယသည် ထိုအခြင်းအရာကိုမြင်လျှင် အမျက်ထွက်၍ ကျွန်ုပ်ထံသို့တောင်ဝှေးကို စွဲကိုင်လာသည်မှာ ကျွန်ုပ်ကို ခွေးထင်မှတ်သလော၊ ကျွန်ုပ်သည်သင့်ကိုသတ်၍ သင်၏အသားများကို ငှက်၊ စွန်ရဲများအား ကျွေးမည်ဟု ခြိမ်းခြောက်ကြုံးဝါးလေရာ၊ ဒါဝိကသင်သည် ထားလှံကို ကိုင်စွဲ၍လာ၏။ ငါမူကားစစ်သူရဲတို့၏ ဘုရားသခင်၏ နာမတော်ဖြင့် သင့်ထံလာသည်ဟု ဆိုလေသည်။ တိုက်ပွဲတွင် ဒါဝိသည် ဘုရားသခင်၏ကူညီစောင်မတော်မူခြင်းဖြင့် ခွန်အားဗလ ကြီးမားသော ဂေါလိယကို အောင်မြင်၍ ဦးခေါင်းကို ဖြတ်ပြီးလျှင် ဘုရင့်ထံ ဆက်သနိုင်လေသည်။
အကယ်၍လောင်းကစားခြင်း၊ သေသောက်ကြူးခြင်း၊ ကာမဂုဏ် လိုက်စားခြင်း၊ စသည့် အကျင့်ဆိုး တခုခုသည် ဘီလူးကြီးပမာ အစွမ်းသတ္တိကြီးမားစွာဖြင့် မိမိကိုလွမ်းမိုး ကြီးစိုးနေစေကာမူ စိတ်ပျက်လက်လျော့ခြင်းမပြုအပ်။ လူ၏သဘာဝဇာတိသည် ပျော့ညံ့အားနည်းသည်ပင်ဖြစ်သော်ငြားလည်း ဘုရားသခင်ထံ ဆုတောင်းမေတ္တာပြုခြင်း၊ အကူအညီကို တောင်းခံခြင်းဖြင့် ၎င်းအကျင့်အလေ့ဆိုးကို နှိမ်နှင်းအောင်မြင်နိုင်ပါသည်။
ဆက်ရန်...