Untitled Document
Untitled Document
Untitled Document
ဆောင်းပါး
#အချစ်ရဲ့တန်ခိုးများ #သီကိုရှင်း (2019 ကြေးစည်) KYESE Myanmar - ကြေးစည်မြန်မာ Published by M. Su Latt Htwe

တစ်ခါက လူငယ်နှစ်ယောက်လက်ဖက်ရည်သောက်ရင်း စကားပြောနေကြပါတယ်။ ¨သာရီး… မင်းက၊ မင်းယောက္ခမကြီးကို တော်တော်ချစ်တာဆို….¨ ¨မချစ်လို့ရမလားဟ၊ ချစ်ရတာပေါ့…¨ ¨အေးပါကွာ၊ မင်းယောက္ခမကြီးက လိုလေသေးမရှိအောင်ထားတာကိုး…¨ ¨မင်းကလဲကွာ ရွဲ့ပြောနေမှန်းမသိပါလား။ ကျမ်းစာထဲမှာ သခင်ယေဇူးက ¨ရန်သူကိုချစ်ပါ¨ လို့ မှာထားတယ်လေကွာ ဟား ဟား…..

¨ရန်သူကိုချစ်ပါ¨ဆိုတဲ့ဒီပညတ်ချက်ကို ရုတ်တရက်ကြည့်ရင် မဖြစ်နိုင်တဲ့အရာကို သွန်သင်နေသလိုပါ ပဲ။ လူတိုင်းက ချစ်စရာကောင်းတဲ့သူဆို အလွယ်တကူ ချစ်တတ်ကြပေမဲ့ ချစ်စရာမကောင်းတဲ့သူ၊ တနည်းအားဖြင့် ကိုယ်နဲ့အဆင်မပြေတဲ့သူဆို ချစ်ခြင်းမေတ္တာပြဖို့ ခဲယဉ်းနေတတ်တယ်။ ခရစ်ယာန် တွေရဲ့မေတ္တာတရားက ခက်ခက်ခဲခဲ ကြိုးစားရှင်သန်ရတာမျိုးပါ။ ချစ်ရတာမလွယ်လှပါဘူး။ လူဆိုတာ အသွေးအသားနဲ့၊ ခံစားချက်နဲ့၊ နာကျည်းချက်တွေနဲ့လေ။ လင်မယားတွေ ရန်ဖြစ်ကြရင် ပြောလေ့ရှိကြ တယ်။ ငါ့အသားကိုမထိနဲ့နော်.. နင်ငါ့အသားကို နာကျင်အောင်လုပ်ရင် ငါလည်းနင့်ကို ပြန်လုပ်ရမှ ကျေနပ်မှာဆိုတဲ့စကားမျိုး။ ချစ်လို့ပေါင်းသင်းနေတဲ့လင်မယားတွေတောင် အမုန်းတွေဝင်လာရင်သိပ် ကိုနာကျည်းသွားတတ်တယ်။ ဒါတောင်ချစ်ဖူးတဲ့လင်မယားတွေနော်။ တစ်ခါမှလည်းမချစ်ဖူးဘဲ ကိုယ့် အပေါ်ရက်ရက်စက်စက် ယုတ်မာတဲ့သူတွေ၊ ဒုက္ခပေးတဲ့သူတွေကို ချစ်ဖို့ဆိုတာ တကယ်မလွယ်ပါဘူး။ ¨ပါးတစ်ဖက်ကိုရိုက်ရင် ကျန်ပါးတစ်ဖက်ကို ပေးဦးလော့။¨ တဲ့။ ဒါကသွန်သင်ချက်လေ။ တကယ်လက်တွေ့မှာက ပါးတစ်ချက်ကိုရိုက်ရင် ဆယ်ချက်လောက် ပြန်ရိုက်ပစ်ချင်လောက်အောင် အမုန်းတရားတွေ ကြီးနေတတ်တယ်။ မေတ္တာမရှိရင် ခွင့်လွှတ်ဖို့လည်း မလွယ်ပါဘူး။ ဒါကြောင့် ချစ်ခြင်းမေတ္တာထားရှိဖို့ ယေးဇူးဘုရားက သွန်သင်နေတာပါ။

ချစ်ပါလို့ဆိုရတာအပြောလွယ်သလောက် လက်တွေ့မှာသိပ်ခက်လွန်းပါတယ်။ ချစ်တယ်ဆိုတာ အပေါ်ယံခံစားချက်သက်သက်ပဲ မဟုတ်ဘူး။ တကယ်ချစ်ရင် နာကျင်ရစမြဲပါ။ ချစ်တတ်တဲ့သူက ခွင့်လွှတ်တတ်တယ်။ အကောင်းတွေ ဆောင်ကျဉ်းပေးတတ်တယ်။ နားလည်သည်းခံပေးတယ်။ အပေးအယူတွေ ထည့်မတွက်ဘူး။ ခံစားချက်တွေ အဓိက မထားဘူး။ ကောင်းခြင်းမကောင်းခြင်း အပေါ် မူမတည်ဘူး။ ¨သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါ¨ ဆိုတဲ့ ဆိုရိုးစကားလိုမျိုး ကိုယ့်ရဲ့ကောင်းမြတ် ခြင်းကို သူတစ်ပါးရဲ့အခြေအနေပေါ် ပုံချမထားဘူး။ တကယ်တော့ ချစ်ခြင်းမေတ္တာဆိုတာ သူများက ကိုယ့်ကိုပြုတဲ့အတိုင်း တုန့်ပြန်ရမဲ့အရာမဟုတ်ဘူး။ မိမိဘက်က ရွေးချယ်ပြီး ဆုံးဖြတ်ပြုမှုလိုက်တဲ့ အရာပဲဖြစ်တယ်။

အမုန်းကိုအမုန်းခြင်း ဖြေရှင်းလို့ရမှာလား။ အမှောင်ကိုအမှောင်ခြင်း ဖြိုခွင်းလို့ရောရမှာလား။ ရန်ကို ရန်ခြင်း တုန့်ပြန်နေရင် ကမ္ဘာကုန်တိုင်စစ်ပွဲတွေပြီးမှာမဟုတ်ဘူး။ မျက်လုံးတစ်ဖက်အစား မျက်လုံး တစ်လုံး၊ သွားတစ်ချောင်းအစား သွားတစ်ချောင်း ပြန်လည်တုန့်ပြန်နေကြမယ်ဆိုရင် လောကမှာ အကန်းတွေ၊ သွားကျိုးတွေပဲများနေမှာပေါ့။ အမုန်းတွေ၊ ကလဲ့စားတွေ၊ အာဃာတအငြိုးတွေ ခြေဖျက် နိုင်တာ မေတ္တာကလွဲလို့အခြားမရှိနိုင်ပါဘူး။ ဒီတော့မေတ္တာပြတဲ့အခါဘယ်လိုမျိုးပြကြမှာလဲ။ ကိုယ့်ကို  ချစ်တဲ့သူကိုပဲကိုယ်ချစ်ရင်…. ကိုယ့်အပေါ်ကောင်းတဲ့သူကိုပဲပြန်ကောင်းမယ်ဆိုရင်… ကိုယ်ပေးလိုက်တဲ့ အရာတစ်ခုမှာ မျှောင့်လင့်ချက်တွေကပ်ညှိနေခဲ့မယ်ဆိုရင်….ဘာအကျိုးရှိမှာလဲလို့သခင်ယေဇူးကဆုံးမ ထားပါတယ်။ ကိုယ့်ရဲ့ချစ်ခြင်းမေတ္တာကို ပြန်လည်ဆန်းစစ်ကြည့်ဖို့လိုပါတယ်။ ခရစ်ယာန်တစ်ယောက် ဖြစ်လာပြီဆိုတာနဲ့ အရင်ဆုံးရတဲ့ဆုကျေးဇူးတော်က ဘုရားရှင်ရဲ့ချစ်ခြင်းမေတ္တာပဲ။ ဘုရားရှင်ရဲ့မေတ္တာ တော်ကြောင့် လူဖြစ်လာကြတယ်။ ပြီးတော့ ဘုရားရှင်ရဲ့အသက်တာမှာ ပါဝင်ခွင့်ရတယ်။ ဒါတင်မက သေးဘူး။ ဘုရားသခင်ရဲ့သားသမီးတွေလည်း ဖြစ်လာကြတယ်။ ဘုရားရဲ့သားသမီးတွေ ဖြစ်လာတာနဲ့ အညီ အဖဘုရားရှင်ကဲ့သို့ ရှင်သန်ရမယ့်အရာတွေရှိလာတယ်။ ဘုရားသခင်ကဆိုးတဲ့သူ၊ ကောင်းတဲ့သူ အတွက်မခွဲခြားဘဲ နေမင်းကိုထွက်စေတယ်။ ၀န်မိုးကို ရွာစေတယ်။ စားစရာတွေ ဖန်တီးပေးတယ်။ လုံခြုံမှုတွေ ပေးနေတယ်။ ဘုရားရှင်ရဲ့ကောင်းမြတ်ခြင်းက လူတွေရဲ့ကောင်းမြတ်ခြင်းနဲ့ယှဉ်တွဲထားတာ မဟုတ်ဘူး။ လူတွေကဘုရားအချစ်နဲ့ထိုက်တန်လွန်းလို့ ကျေးဇူးတော်တွေသွန်းလောင်းပေးတာ မဟုတ် ဘူး။ ဆာလံကျမ်းထဲမှာဖတ်ရှုရသလို ဘုရားသခင်ဟာမေတ္တာနဲ့ကရုဏာတော်ရှင်ဖြစ်သောကြောင့်သက် သက်သာ လူတွေအတွက်ကျေးဇူးတော်တွေ အမြဲသွန်းလောင်းပေးနေတာပါ။ ဒီအတွက်ကြောင့် ဘုရား သားသမီးတွေဖြစ်တဲ့ ကျနော်တို့တွေလည်း ဘုရားရှင်ရဲ့လမ်းစဉ်အတိုင်း ကျင့်ကြံကြရမှာဖြစ်ပါတယ်။ ဒုတိယကျမ်းမှာ ရှင်ပေါလူးက¨ခရစ်တော်သခင်အားဖြင့် ကျနော်တို့တွေဟာ လူသစ်ဖြစ်လာကြရမယ်။¨ လို့ ဆုံးမထားပါတယ်။ ကောင်းကင်မှာရှိတဲ့ ဘုရားသခင်ဆီကနေလာတဲ့အတွက် ဝိညာဉ်တော်ကပေး လာတဲ့ ဘ၀အသစ်နဲ့ရှင်သန်ကြရမှာဖြစ်ပါတယ်။ သူတစ်ပါးအပေါ်ကို မေတ္တာပြတာ၊ ခွင့်လွှတ်တာ၊ ပေးကမ်းတာ၊ ကောင်းတာတွေ လုပ်ပေးတာတွေဟာ တစ်ဖက်သားအပေါ်မူတည်ပြီး လုပ်ပေးတာမျိုး မဟုတ်ဘဲ ဘုရားသား၊သမီးတွေဖြစ်နေတဲ့အတွက် လူတိုင်းအပေါ် မေတ္တာထားနိုင်ဖို့ ကြိုးစားနေကြ ခြင်းပဲ ဖြစ်ပါတယ်။

တခါတလေမှာ ကိုယ်ပေးလိုက်တဲ့မေတ္တာတွေအတွက် စော်ကားခံလိုက်ရတာတွေရှိတယ်။ လူတိုင်းက စေတနာနဲ့မတန်ဘူးဆိုတဲ့ခံစားမှုတွေဖြစ်လာတယ်။ မေတ္တာတရားမှာအလျားအနံမရှိပေမဲ့ အသွားအပြန် ရှိတယ်လို့ဆိုကြတယ်။ တစ်ဖက်သူဆီက ပြန်လာတဲ့မေတ္တာမရှိလို့ ကိုယ့်တစ်ဖက်သတ်ပဲရှိနေဦးတောင် ကိုယ်ကပေးလိုက်တဲ့မေတ္တာကို သူ့နှလုံးသားကလက်မခံပဲ တံခါးပိတ်ထားတဲ့အတွက် ပေးတဲ့သူဆီပဲ မေတ္တာက ပြန်လာမယ်ဆိုတာသေချာပါတယ်။ ကိုယ်ကမေတ္တာပေးလိုက်လို့ရှုံးသွားရတယ်ဆိုတာမရှိပါဘူး။ အမြတ်မထွက်ဘူးဆိုရင်တောင် အရင်း မကကျန်ပါတယ်။ ဥပမာ-ကိုယ့်အပေါ်ထိခိုက်နစ်နာစေခဲ့သူကို ကိုယ်ကခွင့်လွတ်ပေးလိုက်တာကို သူက ပြန်ပြီးဂရုမစိုက်၊ အသိအမှတ်မပြုဘူးဆိုရင်တောင် မိမိရဲ့ရင်ထဲမှာတော့ နာကျည်းခြင်းတွေအတွက် နေရာမရှိတော့ဘူး။ အမုန်းကိုဖယ်လိုက်နိုင်တဲ့အတွက် အနည်းဆုံးကိုယ့်တစ်ကိုယ်စာအတွက်တော့ အသက်ရှုချောင်လာပါတယ်။ ဘ၀ကလည်း လွတ်လပ်ပေါ့ပါးလာပါမယ်။ အမုန်းတွေ၊ အငြိုးတွေကို ကိုယ်သွားလေရာသယ်ပိုးနေရင်တော့ အရင်ဆုံးပူလောင်ရတာကမိမိကိုယ်တိုင်ပါပဲ။ ဒါကြောင့် ချစ်ခြင်း မေတ္တာပေးတဲ့သူက စိတ်နှလုံးငြိမ်းချမ်းပြီး ဘ၀ကလွတ်လပ်ပေါ့ပါးနေတယ်။ ကျေးဇူးတော်တွေလည်း ထပ်ကာထပ်ကာဝင်လာမယ်။ နောက်ဆုံးဘုရားသခင်ရဲ့သားသမီးအဖြစ် လောကထဲမှာ သက်သေခံနိုင် ပါလိမ့်မယ်။ ဒါကြောင့်မို့ မေတ္တာတရားကို ရွေးချယ်ဆုံးဖြတ်ကာပြသကြရမယ်။ မေတ္တာတရားကင်းတဲ့ နေရာမှာ မေတ္တာတွေပေးဝေနိုင်တဲ့သူတွေဖြစ်ဖို့ သနားကြင်နာတော်မူသောဘုရားသခင်ဆီမှာ ဆုကျေး ဇူးခွန်အား တောင်းခံကြပါစို့။ ¨ခွင့်လွတ်ပေးပါ။ခွင့်လွတ်ခြင်းခံရလိမ့်မယ်။ ပေးကမ်းလိုက်ပါ။သင်ရက် ရောတဲ့ပမာဏအတိုင်း သင့်ဘ၀ထဲမှာပေးကမ်းခြင်းတွေ ဝင်လာလိမ့်မယ်။¨ ချစ်ခြင်မေတ္တာမှာ တန်ခိုး ရှိတယ်။ မေတ္တာရဲ့စွမ်းအားကို ယုံကြည်လိုက်ကြပါစို့။

#သီကိုရှင်း

ဆောင်းပါးများ